Tuesday, July 21, 2015

နွားခိုးသူကို စစ်ဆေးဖို့ခက်ခဲ

နိရဉ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နွားခိုးမှုများ မကြာခဏ ပေါ်ပေါက်နေသော်လည်း နွားခိုးသူများမှာ ဘင်္ဂလီဒုက္ခသည် စခန်းမှ ဖြစ်နေ၍ု စစ်ဆေးရန် အခက်အခဲ ရှိနေသည်ဟု သိရသည်။

ဇူလှိုင်လ ၇ ရက်နေ့က ပေါက်တောမြို့နယ် ဟင်းခရော်အုပ်စု ၀က်မင်းကျား ကျေးရွာမှ နွား ၇ကောင်၊ ကျွဲ ၁ ကောင် ပျောက်ဆုံးသွားခဲ့သည်။ ယင်းအထဲမှ နွားခြောက်ကောင်ကို ယင်းမြို့နယ် အတွင်းရှိ အနောက်ရဲ ဘင်္ဂလီ ဒုက္ခသည် စခန်း အနီးရှိ တောစပ် တစ်နေရာတွင် ရှာဖွေ တွေ့ရှိခဲ့သည်ဟု ဒေသခံ တစ်ဦး ဦးမောင်ခင်မြင့် ကပြောသည်။

သို့သော်လည်း နွားခိုးသူများကို ယနေ့ထိ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း သူကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဘစုက “ ဟုတ်ပါတယ် နွား ၆ ကောင်ရရှိတယ်ဆိုတာ မှန်ပါတယ်။ အနောက်ရဲ ဒုက္ခသည် စခန်းအနီးတောစပ် တစ်နေရာမှ ရရှိတာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းဆိုတော့ ၀င်ရောက် စစ်ဆေးဖို့ခက်ပါတယ်။ သူတို့ထဲက သတင်းပေးမှ နွားခိုးသူ ဘယ်သူဘယ်ဝါဆိုတာ သိရမှာပါ။ သူတို့အထဲကလည်း ပြဿနာ တက်မယ်စိုးတော့ မပြောရဲကြဘူးလေ” ဟု ပြောသည်။

အနောက်ရဲဒုက္ခသည် စခန်းသည် ပေါက်တောမြို့ပေါ်မှ ဘင်္ဂလီများနှင့် ငှက်ချောင်း၊ ငါးဝချောင်း ဘင်္ဂလီကျေးရွာများမှ ဘင်္ဂလီများကို စုစည်းတည်ဆောက်ထားသော စခန်းတစ်ခုဖြစ်ပြီး၊ စခန်းထဲတွင် ၈ ခန်းတွဲအိမ် ၉၈ ဆောင်ရှိကာ စုစုပေါင်း လူဦးရေ ၄၅၀၀ ကျော် ၅၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဖမ်းဆီး အရေးယူဖို့ခက်ခဲနေလျှင် နွားခိုမှု ပပျောက်အောင် မည်ကဲ့သို့ ဆောင်ရွက်ပါမည်လဲ ဟု မေးမြန်းရာ ယခုကဲ့သို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ပေါက်တောမြို့မ ရဲစခန်းအနေနဲ့ အဲဒီဒုက္ခသည်စခန်းသို့ သွားရောက်ရှာဖွေဖို့ ဆိုတာ ခက်ခဲပါတယ်။ နံနက်သွားရင် ညနေမှပြန်ရောက်ပါတယ်။ ဒုက္ခသည်စခန်းအနီးအနား ရွာတွေမှာလည်း ရဲစခန်းမရှိပါဘူး” ဟု ဒုရဲမှူးက ပြောသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အပါအ၀င် မြို့နယ် အတော်များများတွင် ကျွဲနွားခိုးမှုများ ပေါ်ပေါက်နေပြီး လယ်သမားများ အခက်အခဲတွေ့ရသော်လည်း နွားသူခိုး တစ်ဦးတစ်ယောက်ကိုမှ ရှာဖွေ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးဟု သိရသည်။

ပေါက်တောမြို့နယ် ဟင်းခရော်အုပ်စု ၀က်မင်းကျားကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့က ဦးကျော်သန်းမောင်ပိုင် နွား ၇ ကောင်နှင့် ဦးမောင်သိန်းနုပိုင် ကျွဲ ၁ ကောင်၊ ဇူလိုင်လ ၁ ရက်နေ့က မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ ဦးမောင်အေးပိုင် ကျွဲ ၄ ကောင်၊ ဇွန်လ ၁၁ ရက်နေ့ ညအချိန်တွင် ပေါက်တောမြို့နယ် ဆယ်သုံးတန် ကျေးရွာမှ ဦးရွှေဘသိန်းပိုင် ကျွဲ ၆ ကောင်၊ ဇွန်လ ၁၀ ရက်နေ့က ကျောက်တော်မြို့နယ် သင်းကနက်ကျေးရွာမှ ဦးကျော်သာစံပိုင် နွား ၂ ကောင်၊ ကျောက်တော်မြို့နယ် သင်းကနက်ကျေးရွာမှ ငယ်ချေမောင်မှာ နွားထီးနှစ်ကောင်၊ နောက်တရွာမှ ဦးမောင်ကျော်အောင်တွင် နွားနှစ်ကောင်၊ သာထွန်းဖြူတွင် နွားနှစ်ကောင်၊ ဇွန်လ ၁၁ ရက်နေ့ ညအချိန်တွင် မြောက်ဦးမြို့နယ် တင်းထရံကျေးရွာ ဦးမောင်ထွန်းအောင်ပိုင် ကျွဲ ၁ ကောင်၊ ဦးမောင်လှစိန်တွင် ကျွဲ ၁ ကောင်နှင့် ဆင်ခံကျေးရွာ ဒေါ်မနုစိန်မှ ကျွဲ ၆ကောင်၊ ဦးအောင်ထွန်းသာတွင် ကျွဲတစ်ကောင် အခိုးခံခဲ့ရသည်ဟု ကျွဲနွား ပျောက်စာရင်းကို ကောက်ခံနေသူ ဦးမောင်ခင်မြင့်က ပြောသည်။

ကျွဲနွား ခိုးယူသူများအထဲတွင် ဒုက္ခသည် စခန်းများမှ ဘင်္ဂလီအချို့သာမက ရခိုင်အချို့လည်း ပါဝင်ကြပြီး ဂိုဏ်းဖွဲ့ ခိုးယူနေခြင်း ဖြစ်ကာ ခိုးယူပြီးနောက် တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ စက်လှေများဖြင့် ပို့ဆောင်ကြသည်ဟု သိရသည်။

No comments: