မဇ္ဈိမ
လွန်ခဲ့သည့် သုံးနှစ်မှစ၍ အစိုးရက အဓမ္မအလုပ်ခိုင်းစေမှု အဆုံးသတ်ရေး လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင် ခဲ့သော်လည်း တပ်မတော်သားများ၏ အဓမ္မအလုပ်ခိုင်းစေမှုမှာ ဆက်လက်ဖြစ်ပေါ်နေသည်ဟု မြန်မာနိုင်ငံဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီးရှိ မြေသြဇာကောင်းမွန်သော မြစ်ဝှမ်းဒေသမှ နိုင်ငံမဲ့ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မွတ်စလင်များက ပြောသည်။
၂၀၁၁ ခုနှစ်တွင် အရပ်သားတစ်ပိုင်းအစိုးရထံသို့ အာဏာမလွှဲမီအထိ ရာစုနှစ်ဝက်နီးပါး မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်တပ် က အဓမ္မအလုပ်ခိုင်းစေမှုကို အဆုံးသတ်ရန် ကတိပြုခဲ့ဖူးသည်။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် လက်ရှိသမ္မတဦးသိန်းစိန်ကလည်း စစ်တပ်၏ အလေ့အထတစ်ခုဖြစ်သည့် အဓမ္မ အလုပ် ခိုင်းစေမှုကို သုံးနှစ်အတွင်း အဆုံးသတ်ပစ်မည်ဟု ၂၀၁၂ ခုနှစ်က ကတိပြုခဲ့ဖူးသည်။
သို့ရာတွင် မငြိမ်မသက်ဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာတပ်မတော်က လူနည်းစု ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်စလင်များကို ၀န်သယ်ခိုင်းခြင်း၊ စစ်တပ်ပိုင် ယာခင်းများကို စိုက်ပျိုးပြုစုခိုင်းခြင်း၊ စစ်တပ်အဆောက်အအုံများကို ပြုပြင်ထိန်း သိမ်းခိုင်းခြင်းများ ရှိနေဆဲဟု ရွာသုံးရွာမှ ရွာသား ၁၆ယောက်နှင့် တွေ့ဆုံမေးမြန်းချက်များအရ သိရှိရသည်။
အဓမ္မအလုပ်ခိုင်းစေမှု ဆက်လက်ဖြစ်ပွားနေခြင်းက စစ်အစိုးရလက်ထက် ချမှတ်ခံခဲ့ရသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးရေး အမေရိကန်ပြည်ထောင်စုကို ယုံကြည်လာစေရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ရှုပ်ထွေးသွားစေနိုင်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်စပ်ဒေသများသို့ နိုင်ငံခြားသားများအား ၀င်ရောက်ခွင့် ပိတ်ပင်ထားပြီး၊ ကုလအေဂျင်စီများ၊ လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် မဆက်သွယ်နိုင်ရန်လည်း အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။
သို့ရာတွင် ရိုက်တာသတင်းအဖွဲ့ကမူ ထိုနေရာများသို့ သွားရောက်နိုင်အောင် ပြည်နယ်အစိုးရထံမှ အထူးခွင့်ပြုချက်ကို ရယူနိုင်ခဲ့ကြသည်။
လတ်တလောလများအတွင်း၌ပင် ခြေလျှင်တပ်ရင်း ၅၅၂ နှင့် ခြေလျှင်တပ်ရင်း ၃၅၂ တို့က ရွာသား သုံးလေးဆယ်ခန့် အား ဖိအားပေးအလုပ်ခိုင်းစေခဲ့ပြီး ရိုက်နှက်ခြိမ်းခြောက်မှုများပင် ရှိသည်ဟု ရိုက်တာသတင်းအဖွဲ့ ရောက်ရှိခဲ့သည့် ဒေသများမှ ရွာသားများကပြောကြသည်။
အဓမ္မအလုပ်ခိုင်းစေမှုနှင့် ပတ်သက်သည့် မေးခွန်းများကို စစ်တပ်က တုန့်ပြန်ဖြေကြားခြင်း မရှိသကဲ့သို့ ပြည်ထောင်စု အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကလည်း တစ်စုံတစ်ရာ မှတ်ချက်မပေးပေ။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်မောင်အုန်းကမူ ထိုဒေသတွင် စစ်တပ်က အဓမ္မအလုပ်ခိုင်းစေခြင်းများ လုပ်ဆောင်နေ သည် ဟူသည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ "တကယ်သာ ရခိုင်ပြည်နယ်ထဲမှာ အဓမ္မအလုပ်ခိုင်းစေမှုတွေ ရှိနေမယ်ဆိုရင် ကျွန်တော်တို့ ကြားသိပြီး အရေးယူခဲ့မှာပါ။’’ ဟု မောင်မောင်အုန်းက ပြောကြားသည်။
သို့ရာတွင် ရွာသားများကမူ အဓမ္မအလုပ်ခိုင်းစေမှုမှာ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည်ဟု ပြောကြားကြသည်။ စစ်တပ်၏ လက်တုန့်ပြန်မှုကို စိုးရိမ်ကြောက်လန့်ကြသောကြောင့် ၄င်းတို့၏ အမည်မှန်များကိုလည်း မဖော်ပြရန် ရွာသားများက တောင်းပန် ကြသည်။
မေလအစောပိုင်းက ဖုန်ထူထူ ရွာလမ်းကလေးပေါ် လျှောက်သွားနေစဉ်တွင် စစ်သားတစ်ဦးက သူ၏ အင်္ကျီကော်လံမှ ဆုပ်ကိုင် ကာ စကားတစ်ခွန်းမှ မပြောဘဲ ဆွဲခေါ်သွားခြင်းကို ခံခဲ့ရသည်ဟု ရိုဟင်ဂျာ ဆယ်ကျော်သက်အရွယ် ဆာဒက်က ပြောကြားခဲ့ သည်။
အခြားလူကြီးနှင့် လူငယ် ၃၁ယောက်တို့နှင့်အတူ ဆာဒက်မှာ ဆန်အိမ်ကြီးများထမ်းကာ အနည်းငယ်မျှသော အစာရေစာနှင့် တောထူသည့် တောင်ကုန်းများကို နှစ်ရက်တိုင်တိုင် ချီတက်ခဲ့ရပြီး လုပ်အားခလည်းတစ်ပြားမျှမရဘဲ ခိုင်းစေသည်ကို ငြင်းဆန်သူများမှာ အရိုက်အနှက်ပင်ခံကြရသည်ဟုဆိုသည်။
"နောက်ဆုံးမှာ သေတော့မှာပဲလို့တောင် ကိုယ့်ကိုကိုယ် ထင်လာမိတယ်။’’ ဟု ရက်အတော်ကြာမှ ပြန်လွတ်လာသည့် ၁၅နှစ်အရွယ် ဆာဒတ်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အဓမ္မအလုပ်ခိုင်းစေမှုများ၏ နောက်ကွယ်တွင် စစ်တပ်ကရရှိထားသည့် ဥပဒေမှ ကင်းလွတ်ခွင့်၊ လူမျိုးရေးခွဲခြားခွင့်နှင့် ဒေသတွင်း တပ်ဖွဲ့များအား စီးပွားရေးအခြေခံ မိမိခြေပေါ်ရပ်တည်နိုင်ရေးတို့အတွက် တွန်းအားပေး သည့်စနစ်တို့ ရောနှောနေသည်ဟု ရိုဟင်ဂျာများအပေါ် အာရုံစိုက်ထားသည့် လူ့အခွင့်အရေးအုပ်စုဖြစ်သော အာရကန် စီမံကိန်း၏ အကြီးအကဲ ခရစ်လီဝါ က ပြောသည်။
အာရကန်စီမံကိန်းက ၂၀၁၄ ခုနှစ်က ကလေးငယ် ရာပေါင်းများစွာပါဝင်သည့် ရိုဟင်ဂျာ ၈၀၀၀ခန့် အဓမ္မအလုပ်ခိုင်းစေ ခံရသည့် သတင်းများကို ရရှိထားရာ အများစုက စစ်တပ်က ဖိအားပေးခိုင်းစေခဲ့ခြင်းပင် ဖြစ်သည်ဟု ခရစ်လီဝါ က ပြောသည်။
"ရိုဟင်ဂျာတွေအပေါ် ဘယ်သူမဆို ခေါင်းပုံဖြတ်နိုင်တယ်။ အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ကျွန်တွေလိုပဲ သဘောထားကြ တယ်။" ဟု ပြောသည်။
ရဲနှင့် အရပ်ဖက်အေဂျင်စီများက ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အစိတ်အပိုင်းများတွင်မူ အဓမ္မအလုပ် ခိုင်းစေခြင်းများ လျော့ နည်းကျဆင်းသွားသော်လည်း စစ်စခန်းများ အနှံ့အပြားရှိနေသည့် ဘူးသီးတောင်မြို့နယ်ကဲ့သို့ နယ်စပ်ဒေသများ၌မူ အဓမ္မအလုပ် ခိုင်းစေခြင်းများ တင်းကြမ်း ဖြစ်ပေါ်နေဆဲ ဖြစ်သည်ဟုလည်း သူမက ထပ်လောင်းပြောကြားသည်။
No comments:
Post a Comment