ထက်ထက်အောင်
မြန်မာအမျိုးသမီးများအနေဖြင့် နိုင်ငံရေးခေါင်းဆောင်မှုတွင် နေရာရရန်အတွက် ဘာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာ ရှေးရိုးစံနှုန်းများက အတားအဆီး အဟန့်အတားဖြစ်နေဆဲပင်ဖြစ်သည်ဟု Gender Development Intitative (GDI) အဖွဲ့၏ “အမျိုးသမီးများနှင့် နိုင်ငံရေးခေါင်းဆောင်မှုတွင် ကြုံတွေ့ရသည့် အတားအဆီးများနှင့် အခွင့်အလမ်းများ အပေါ် လေ့လာတွေ့ရှိချက်” အမည်ရှိ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။
Gender Development Intitative အဖွဲ့၏ သုတေသနစာတမ်း စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန် ၃၀ရက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး ယင်းစာတမ်းကို တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နိုင်ငံရေးပါတီ ၇၄ ခုမှ အမျိုးသမီး ဦးရေ ၁၀၀ ကို GDI အဖွဲ့မှ ကျားမရေးရာသုတေသီများက သွားရောက် တွေ့ဆုံ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ လက်ထောက် ဒါရိုက်တာ ဒေါ်လဖိုင်ဂျာက ပြောသည်။
ယင်းစစ်တမ်းကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားပြီး မြန်မာဘာသာသို့ ပြန်ဆိုပြီးပါက ဇူလိုင်လ ဒုတိယပတ် အတွင်း နိုင်ငံရေး ပါတီများသို့ ဖြန့်ဝေသွားမည်ဖြစ်သည်။
ယင်းစစ်တမ်း ကောက်ယူရာတွင်ပါဝင်သည့် ဒေါ်လဖိုင်ဂျာက “မြန်မာနိုင်ငံမှာအမျိုးသမီး အခွင့်အရေးနဲ့ ဆိုင်တဲ့ စီဒေါစတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုထားတာ ၁၈နှစ်ကြာပေမယ့် အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ သာမန်အဆင့်မှာပဲ အများစုက ရှိနေသေးပြီး အခက်အခဲတွေက ပုံစံစုံရှိဆဲပဲ။ အခွင့်အရေးအနည်းငယ် ပေါ်စေ မယ့် အခက်အခဲ အတားအဆီးကများနေဆဲပဲ ဒါကို ဘယ်လို ဝိုင်းဝန်းလုပ်ဆောင်ပေးသင့်သလဲ ဆိုတာကို ဒီစာတမ်းက တင်ပြချင်တာဖြစ်တယ်”ဟုဆိုသည်။
မြန်မာနိုင်ငံသည် လက်ရှိ သန်းခေါင်စာရင်း ထုတ်ပြန်ချက်များအရ အမျိုးသမီးဦးရေက ထက်ဝက်ကျော် များပြားနေပြီး အလုပ်လုပ် ကိုင်သော အမျိုးသမီးဦးရေလည်း များပြားသည့် နိုင်ငံဖြစ်သည်။ သို့သော်လည်း အုပ်ချုပ်ရေးနယ်ပယ်တွင် အမျိုးသမီးပါဝင်မှုနှုန်း အလွန်နည်းနေပြီး လွှတ်တော်တွင် ငါးရာခိုင်နှုန်း ဝန်းကျင်သာ ရှိနေသည်။
ချင်းဒီမိုကရက်တစ်ပါတီမှ ဦးငိုက်ဆာခ့်က” မြန်မာနိုင်ငံရဲ့ အခြေခံဖွဲ့စည်းပုံဥပဒေအရ အမျိုးသား အမျိုးသမီးတန်းတူ လို့ပြောလို့ ရသလိုရှိတယ်၊ဥပဒေအရ တန်းတူဖြစ်နေတာက ပစ္စည်းပိုင်းခွဲဝေမှုဆိုင်ရာသာဖြစ်ပြီး၊အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာကျတော့ ယဉ်ကျေး မှုစသောရှေးရိုးအစဉ်အလာအရ နေရာပေးမှုက တန်းတူဖြစ်မနေဘူးဆိုတာကိုဒီလို သုတေသနတွေက သက်သေပဲ”ဟုဆိုသည်။
သို့ဖြစ်၍ အမျိုးသမီးများနိုင်ငံရေးတွင် ပါဝင်ခွင့်များလာစေရန် ကိုတာစနစ်သတ်မှတ်ပေးရေးမှာလည်း မရှိမဖြစ်လို အပ်နေသည်ဟု လည်းဦးငိုက်ဆာခ့်ကပြောသည်။
Gender Development Intitative(GDI)အဖွဲ့အနေဖြင့် ရွေးကောက်ပွဲအပြီးတွင်လည်း ရွေးကောက်ပွဲလွန် ကာလဆိုင်ရာကျား မရေးရာသုတေသနစာတမ်းတစ်စောင် ထုတ်ပြန်သွားမည်ဟုလည်း သိရသည်။
နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုနှင့် ပတ်သက်သည့် အမြင်များ ဒေါ်ရွှေရွှေစိန်လတ် (သဘာပတိအဖွဲ့ဝင်၊ မြန်မာအမျိုးသမီးများ ကွန်ရက်)
“အမျိုးသမီးတွေ နိုင်ငံရေးမှာ ခေါင်းဆောင်ပိုင်းနေရာ ရောက်တာနည်းနေတာက မြန်မာနိုင်ငံက ယဉ်ကျေးမှုအရလည်း ပါတယ် ဆိုပေမဲ့ ယဉ်ကျေးမှုက အခုခေတ်မှ ခေတ်နဲ့အညီပြောင်းလာ နိုင်လာ တာကို ဒေသတော်တော်များများမှာတွေ့လာရပါပြီ၊ အဓိက ကတော့ ဖွဲ့စည်းပုံပါပဲ ပြောရရင် နိုင်ငံရေး ပါတီ တော်တော်များများမှာ အမျိုးသမီးတွေကို ခေါင်ဆောင်နေရာ မပေးထားကြဘူး၊
ခွဲတမ်းလည်း သတ်မှတ်မထားဘူး၊ မူဝါဒလည်းမရှိကြဘူး၊ ခေါင်းဆောင်တွေက အမျိုးသားတွေ ပဲများတယ်၊ ဒါ့အပြင် သူတို့ရဲ့ စိတ်ထဲမှာလည်း အမျိုးသမီးတွေကို သိပ်နေရာမပေးချင်ကြဘူး၊ ဒါဟာလည်းနှစ်ပေါင်းများစွာ စစ်တပ်ကပဲ အုပ်စိုးလာတာကြာနေ တာလည်း ပါတယ်၊ ဒီတော့ အမျိုးသားတွေအုပ်စိုးမှုကပဲ အသားကျ နေပြီး အမျိုးသမီးတွေရှေ့ရောက် ဖို့က နိုင်ငံမှာရှိနေတဲ့သူ အားလုံးရဲ့ mind set (စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်) ပြောင်းလဲဖို့ အသိပညာပေးမှုတွေသာမက စနစ်ထဲမှာပါပြောင်းဖို့ လိုအပ်တယ်၊ ဒီအတွက် ကိုတာစနစ် လိုအပ်တယ်၊ဘာလို့လည်းဆိုတော အစ်မတို့ အရပ်ဘက်အဖွဲ့အစည်တွေ ဘယ်လောက်ပဲ capacity building ဘယ်လောက်ပဲလုပ်လုပ် စနစ်ကိုက လက်မခံရင် ဘာမှ မတတ်နိုင်ဘူး၊ ဒါကြောင့် စနစ်ထဲမှာ ပြင်နိုင်ဖို့ အတွက် ကိုတာစနစ်လိုတယ်လို့ မြင်တယ်”
ဆလိုင်းအိုက်ဇက်ခင် ( ဒါရိုက်တာ၊ GDI )
“အမျိုးသမီးတွေက အရည်အချင်းရှိပြီးသားပါ၊ ခုနိုင်ငံမှာလည်း လာမယ့်ရွေးကောက်ပွဲ နဲ့ လွှတ်တော်မှာ အမျိုးသမီးအမတ်တွေ၊ ကိုယ်စားလှယ်လောင်းတွေ ယခုထက်ပိုမိုပါလာဖို့ လိုအပ်တယ်၊ ဒီလို အမျိုးသမီးတွေ ခေါင်းဆောင်ပိုင်းကနေ များများပါဝင် လာရေးကို ဘယ်လိုမျိုး ဝိုင်းဝန်း လုပ်ဆောင် ပေးကြမလဲဆိုတာကို ကျွန်တော်တို့ GDI ကနေ အဖြေရှာပြီး သုတေသနစစ်တမ်း လုပ်တာဖြစ်ပါတယ်၊အမျိုးသမီးတွေကို မြန်မာနိုင်ငံမှာ မခွဲခြားဘူးလို့လူတိုင်းပြောနေတယ်၊ အမျိုးသမီးတွေပါလို့ရတယ်၊ ပါတီတွေ မှာလည်း ပြောနေတယ်၊ ဒါပေမဲ့ ဘယ်လောက်ထိဖြစ်တယ် မဖြစ်ဘူးဆိုတာကို ပါးစပ်နဲ့ပြောတာ ထက်ခုလို သုတေသနတွေ လုပ်ပြီးပြသလိုက်တာက တကယ်ပဲ သတိထားရမယ့် အပိုင်းကို သတိပြုမိစေတယ်၊ ပါတီ ၇၇ခုမှာ အမျိုးသမီးဥက္ကဋ္ဌ ရာထူးပေးတဲ့ ပါတီက နှစ်ခု၊အထွေထွေ အတွင်းရေးမှူါ် ပေးထားတာ နှစ်ခု၊ ဒုဥက္ကဌနေရာပေးတာ ငါးခုထက်မပိုဘူးဆိုတာတွေ့ရတယ်၊ CEC (ဗဟိုကော်မတီဝင်)နေရာမှာလည်း အင်မတန်နည်းတယ်၊ ပြည်နယ်ဝန်ကြီးအဆင့်မှာဆို အမျိုးသမီး တွေ မပါသေးဘူး၊ ဒါကြောင့် အမျိုးသမီးကို ခေါင်းဆောင်မှုပိုင်းမှာ နေရာပေးတာက ကြောက်စရာ ကောင်းအောင် နည်းနေသေးတဲ့အတွက် ဒါကိုကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ အမျိုးသမီးတွေကို ခေါင်းဆောင်မှုပိုင်း နေရာရဖို့ဆိုရင် ပါတီတွေရဲ့ မူဝါဒပိုင်းမှာ သေချာရေးစွဲဖို့လိုပါတယ်။”
ဒေါ်ဂျုလီယာ (အထွေထွေအတွင်းရေးမှူး၊ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ))
"ကျွန်မတို့အနေနဲ့ကတော့ အမျိုးသမီးတွေပါဝင်ဖို့ မြှင့်တင်ပေးရမယ်ဆိုတာကိုထောက်ခံတယ်၊ ဒါကို အစိုးရပိုင်းက လုပ်ဆောင်ပေးဖို့လိုအပ်တယ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတယ်၊ ဒီတော့ တိုင်းရင်းသားတွေရဲ့ ဓလေံထုံး တမ်းစဉ်လာအလိုက်ကျင့်သုံးတဲ့ ယဉ်ကျေးမှုတွေထဲမှာ အမျိုးသမီးတွေကို နောက်ချန်ထားမယ့် ဓလေ့မျိုးတွေကို လုံးဝမရှိဘဲ အားလုံးတန်းတူဖြစ်မယ့် စနစ်မျိုးဖြစ်အောင် အစိုးရက ဒီ့ထက်ပို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးရမှာဖြစ်တယ်၊ တစ်ပြိုင်တည်းမှာပဲ အမျိုးသမီးတွေ တိုးတက်ဖို့အတွက် ပိတ်ပင်နေတာတွေကို လူထုထဲ အသိပညာပေးတာတွေလုပ်ဆောင်သွားရမှာဖြစ်တယ်၊ ပါတီတွေထဲမှာလည်း အမျိုးသမီးတွေပါဝင်ဖို့ကို အမျိုးသမီးတွေကိုလည်းအသိပညာပေးရမှာဖြစ်တယ်၊ ပါတီတွေထဲမှာ အမျိုးသမီး တွေပါဝင်ဖိုကရာနှုန်း သတ်မှတ်ပေးတာကလည်း အထောင်အပံ့ဖြစ်စေမယ်လေ၊ မြန်မာနိုင်ငံက လက်မှတ်ထိုး ထားတဲ့ စီဒေါစာချုပ်(အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်မှုများအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူညီချက် စာချုပ်) အပိုဒ် ၁ ကနေ ၅ အထိ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံခံရတာတွေအတွက် အစိုးရကနေ ချေဖျက်ပေးရမယ် ဆိုတာရှိတယ် ၊အမျိုးသမီးတွေ နိုင်ငံရေးနယ်ပယ် ခေါင်းဆောင်ပိုင်းမှာ၊ ဆုံးဖြတ်ချက်ချတဲ့ပါဝင်ဖို့ အမြင်ဖွင့်သင်တန်းတွေကို အစိုးရကလည်း များများခွင့်ပြုသင့်တယ်။ အများကြီး မလုပ်ပေးရင်တောင အစိုးရပိုင်းက အထူးယာယီ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့လိုတယ်၊ ကိုတာစနစ် (ပါတီ၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အနည်းဆုံးအမျိုးသမီး ၃၀ရာခိုင်နှုန်းပါဝင်ခွင့်) လုပ်ပေးဖို့နဲ့ ပတ်သက်ပြီး ကျွန်မတို့ WLBက ပြောလာတာ ၁၀နှစ်ကျော်လာပါပြီ၊ ကိုတာကိုသာမြန်မြန်လုပ်ပေးလိုက်ရင် အမျိုးသမီးတွေ အတွက် ကျွန်မတို့ပြောနေတာတွေ၊ လုပ်ဆောင်ပေးနေတာတွေဟာ ခုထက်ပိုပြီး မြန်မြန်ဆန်ဆန် ထိရောက်သွားမှာဖြစ်ပါတယ်”
No comments:
Post a Comment