Thursday, July 2, 2015

Miss Universe Sittwe 2015 ရွေးချယ်ပွဲသို့ မိုးစက်ဝိုင်နှင့် ဇွန်သံဇဉ်တို့ တက်ရောက်မည်

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြုလုပ်မည့် Miss Universe Sittwe 2015 ရွေးချယ်ပွဲသို့ မြန်မာအလှမယ်များ ဖြစ်ကြသော မိုးစက်ဝိုင်နှင့် ဇွန်သံဇဉ်တို့တက်ရောက်ကြမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုကျော်ကျော်မိုး(လှသိင်္ဂီ မိတ်ကပ်)က ပြောသည်။

“ဒီပွဲကို မိုးစက်ဝိုင်နဲ့ ဇွန်သံဇဉ်တို့လာရောက်အားပေးကြမှာ ဟုတ်ပါတယ်” ဟု အတည်ပြုပြောကြားသည်။

ရွးချယ်ပွဲကို ဇွန်လ ၃ဝ ရက်နေ့ နေ့လယ် ၁ နာရီမှစတင်ကာ ညနေ ၅ နာရီအထိ စစ်တွေတက္ကသိုလ်ဘွဲ့ နှင်းသဘင်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားသော်လည်း လက်ရှိ သတင်းအရ ဦးဥတ္တမ ခန်းမတွင် ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါပွဲသို့ Presenter များအဖြစ် ဆန်းထွဋ်နှင့် မိုးဟေမန်ခင်၊ အဆိုတော်များအဖြစ် ရဲရင့်အောင်၊ ရတနာမိုင်နှင့် ကိုချိုကြီးနှင့် Dencer အဖွဲ့တို့ကလည်း လာရောက်ကြမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

ယင်းပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပြည်နယ်မြို့နယ်တိုင်းမှ Miss Universe ဆန်ကာတင် ၁၈ ဦးကိုလည်း ဇွန်လ ၁၇ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ရွေးချယ်ထားပြီးဖြစ်သည်။

ယင်း ၁၈ ဦးထဲမှ Miss Universe Sittwe 2015 ကိုရွေးချယ်သွားမည်ဖြစ်ပြီး ပထမဆုကို ကျပ် ၁၅ သိန်းနှင့် သရဖူကို ချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုကို ကျပ် ၁ဝ သိန်း၊ တတိယဆုကို ကျပ် ၅ သိန်းနှင့် နှစ်သိမ့်ဆုရရှိသူများကိုလည်း ကျပ် ၂ သိန်းကျစီချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူများထံမှ သိရသည်။

ဇွန်လ ၂၈ ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ယခုပွဲကိုပြုလုပ်ရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ် အကြီးအကျယ်ပြုလုပ်သည့် ပြည်နယ်အဆင့် Miss ရွေးချယ်ပွဲကြီးတစ်ခုလည်းဖြစ်သည်။

No comments: