စံမောင်သန်း
ဇွန်လ ၃၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပထမဦးဆုံး Miss Universe Sittwe ပြိုင်ပွဲကို နောက်ဆုံးကျင်းပခဲ့ရာ ပထမဆု သရဖူကို ရသေ့တောင်သူ မချိုချိုထွန်းက ဆွတ်ခူး ရရှိသွားသည်။
ဒုတိယဆုကို မင်းပြားသူ မခင်ခင်ကြည်က၄င်း၊ တတိယဆုကို စစ်တွေသူ မဆုမြတ်လှိုင်က၄င်း၊ စတုတ္ထဆုကို ရမ်းဗြဲသူ မတင်မီမီထွန်းက၄င်း၊ ပဉ္စမဆုကို ကျောက်တော်သူ မဖြိုးဖြိုးကျော်က၄င်း ရရှိသွားသည်။
Tittle ဆုများအဖြစ် Miss Cosmetic Award ဆုကို မင်းပြားသူ မခင်ခင်ကြည်က၄င်း၊ Miss Photogenic Award ဆုကို ကျောက်ဖြူသူ မယဉ်ယဉ်ပိုမြင့်က၄င်း၊ Miss Best Body Award ဆုကို ကျောက်တော်သူ မဖြိုးဖြိုးကျော်က၄င်း၊ Miss Internet Award ဆုကို ရသေ့တောင်သူ မခင်ယုယုနွယ်က၄င်း၊ Best Style Award ဆုကို စစ်တွေသူ မခင်မြတ်သူကလည်းကောင်း၊ Miss Continuality ဆုကို ပုဏ္ဏားကျွန်းသူ မငြိမ်းအိအိကျော်က လည်းကောင်း ရရှိသွားသည်။
၁၈ ယောက်ထဲမှ နောက်ဆုံး အရွေးချယ်ခံရသူများမှာ မဟန်နီပိုပို စစ်တွေ ခါးနံပါတ် ၆၊ ခင်ယုယုနွယ် ရသေ့တောင် ၃၊ မဖြိုးဖြိုးကျော် ကျောက်တော် ၉၊ မအိမြတ်မွန် သံတွဲ ၁၊ မခင်ခင်ကြည် မင်းပြား ၁၀၊ မချိုချိုထွန်း ရသေ့တောင် ၁၆၊ မအေးမြတ်နိုး မာန်အောင် ၁၇၊ မဆုမြတ်လှိုင် စစ်တွေ ၁၅၊ မယဉ်ယဉ်ပိုမြင့် ၁၁ ကျောက်ဖြူနှင့် မတင်မီမီထွန်း ရမ်းဗြဲ ၁၄ တို့ ဖြစ်သည်။
ပထမဆုအတွက် သရဖူနှင့် ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် ၈ သိန်း၊ တတိယဆု ငွေကျပ် ၅ သိန်း၊ Tittle ဆုများအတွက် ငွေကျပ်၂ သိန်းနှင့် ပြိုင်ပွဲဝင်သူအားလုံးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်တစ်သိန်းစီ ချီးမြှင့်ကြောင်း သိရသည်။
“ပြိုင်ပွဲမ၀င်ခင် ဘာမှ ကြိုတင်လေ့ကျင့်ခဲ့တာ မရှိပါဘူး။ ကြိုတင်ပြင်ဆင်မှု မရှိပဲ ၀င်ပြိုင်ခဲ့တာပါ။ နောက်ဆုံးပြိုင်ပွဲဝင်ခါနီး ဆုတစ်ခုခုချိတ်မိလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ပထမဆုရမယ်လို့တော့ လုံးမမျှော်မှန်းခဲ့ပါဘူး။ ပထမဆုကို ဆွတ်ခူးရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်”ဟု မချိုချိုထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
နောက်နှစ်များတွင်လည်း ပြိုင်ပွဲမ၀င်ခဲ့သူ ရခိုင်ပျိုဖြူများကို ဖိတ်ခေါ်ချင်ကြောင်း၊ ပြိုင်ပွဲမှာ ဆုရသည်ဖြစ် ဆုမရသည်ဖြစ် အဓိက ယှဉ်ပြိုင်မှုအတွေ့အကြုံကို ရရှိစေချင်ကြောင်း၊ ပြိုင်ပွဲကာလအတွင်း ပျော်ရွှင်စရာ အများကြီးကြုံခဲ့ကြောင်း၊ လေ့လာရေးခရီးအဖြစ် ကျောက်တော် မြောက်ဦးတို့သို့ သွားရကြောင်း၊ ပရဟိတ ဘိုးဘွားရိပ်သာ၊ ကလေးဂေဟာများကို သွားရကြောင်း၊ အထူးပျော်ရွှင်စရာ ကောင်းကြောင်း ရခိုင်သူ အားလုံးကိုလည်း ပြိုင်ပွဲဝင်စေချင်သည်ဟု သူမကပြောသည်။
“ပြိုင်ပွဲကာလအတွင်း အခက်အခဲ ဘာမှ မရှိပါဘူး။ အားလုံးလူတွေက စေတနာသန့်သန့်နဲ့ ကူညီတဲ့အတွက် အားလုံးအဆင်ပြေပါတယ်”ဟု မချိုချိုထွန်းကပြောသည်။
အမေးအဖြေကဏ္ဍတွင် ဒုတိယဆုရရှိသူ မခင်ခင်ကြည် က ယခုလို ဖြေကြားသည်။
“မိမိတို့ခိုင်ပြည်နယ်ကို ကမ္ဘာလှည့်ခရီးသွားများလာရောက်နိုင်အောင် မြောက်ဦးအကြောင်းကို ပြောချင်ပါတယ်။ မြောက်ဦးမြို့ဟာ ရခိုင်တို့ရဲ့ရှေးဟောင်းမြို့တော်ဖြစ်ပြီးတော့ ရှေးဟောင်းအမွေအနှစ်တွေ စုစည်းတည်ရှိတဲ့မြို့တော်ကို ဖိတ်ခေါ်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမီးတို့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကမ္ဘာလှည့်ခရီးသွားတွေကိုပြပြီးတော့ ရခိုင်ပြည်ကို ကမ္ဘာကသိအောင် ပြသစေချင်ပါတယ်”ဟု ဆိုသည်။
“Miss Universe Sittwe အဖြစ်အရွေးချယ်ခံခဲ့ရမယ်ဆိုရင် သမီးငြိမ်းချမ်းရေးဘက်ကနေ ပါဝင်ချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရှိသေးပါဘူး။ ကိုယ့်လူမျိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးဟာ အရေးကြီးပါတယ်ရှင့်”ဟု Miss Universe Sittwe သရဖူကို ဆွတ်ခူးရရှိခဲ့သူ မချိုချိုထွန်းက အမေးအဖြေကဏ္ဍတွင် ဖြေကြားသွားခဲ့သည်။
Miss Universe Sittwe ပြိုင်ပွဲသို့ Miss Universe Myanmar 2013 မိုးစက်ဝိုင်နှင့် ရခိုင်သူဇွန်သံဇဉ်တို့လည်း တက်ရောက်အားပေးခဲ့ကြသည်။
“ရခိုင်ပြည်နယ်မှာ အခုကျင်းပတဲ့ပွဲဟာ အရမ်းကို ချစ်ဖို့ကောင်းပြီးတော့ ရခိုင်သူလေးတွေဟာ ရိုးသားပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားတာကို တွေ့ရပါတယ်။ မိုးစက်အနေနဲ့ အခုလို ပါဝင်ယှဉ်ပြိုင်ပြီးတော့ ရန်ကုန်မှာ လာရောက်ယှဉ်ပြိုင်မယ့် Miss Universe Sittwe ကို မျှော်လင့်ပြီးတော့ အားကိုးတကြီးနဲ့ စောင့်ကြိုနေတယ်လို့ ပြောချင်ပါတယ်”ဟု မမိုးစက်ဝိုင်က ပြောသည်။
မမိုးစက်ဝိုင်သည် ရခိုင်အသားအစာကို အလွန်ကြိုက်ပြီး၊ ရခိုင်မုန့်တီကိုလည်း အထူးကြိုက်နှစ်သက်သည်ဟု ပြောသည်။
“ယခုလိုမျိုး ရခိုင်ပြည်သူတွေအားလုံးကို ဆုံတွေ့ခွင့်ရတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်။ အဲဒီလိုမျိုးပေါ့နော် ပြိုင်ပွဲဝင် ရခိုင်သူမလေးတွေကို ကိုယ်တိုင် လက်ဆက်ခွင့်ရတဲ့အတွက်လည်း အရမ်းဝမ်းသာမိပါတယ်။ Miss Universe ပြိုင်ပွဲပြီးသွားလို့ရှိရင် ကျွန်မရခိုင်ပြည်နယ်မှာပေါ့နော် ဆက်ပြီးတော့ ပရဟိတအလုပ်တွေကို လုပ်ရှင်ပါတယ်”ဟု ရခိုင်သူလေး ဇွန်သံဇဉ်က ပြောကြားသွားသည်။
Miss Universe ပြိုင်ပွဲတွင် မြောက်ဦးခေတ် ရခိုင်ဆံထုံး ၆၄ မျိုးထဲက ဆယ်မျိုးကို တက္ကသိုလ်ကျောင်းသူများက ဆင်ယင်ပြသက်သွားပြီး၊ မရီလှိုင်းပြာ၊ ကိုရဲရင့်အောင်နှင့် Super Model များဖြစ်ကြသည့် မစုနန္ဒအောင်၊ မခေမာနှင့် မပန်းအိတို့က သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ အပါအ၀င် ဦဥတ္တမခန်းမအပြည့် တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အခမ်းအနားကို မွန်လွဲ ၂ နာရီခွဲတွင်စတင်ပြီး ညနေ ၅ နာရီခွဲခန့်တွင်ပြီးဆုံးခဲ့သည်။

No comments:
Post a Comment