Saturday, September 26, 2015

ရန်ကုန်မြို့တွင်း လူကူးခုံးကျော်တံတား လေးစင်း ထပ်မံတည်ဆောက်ဦးမည်

မဇ္ဈိမ

ရန်ကုန်မြို့တွင်း မြို့တော်စည်ပင်သာယာရေးကော်မတီက လူကူးခုံးကျော်တံတား အသစ်လေးစင်း ထပ်မံတည်ဆောက်မည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ကမာရွတ်မြို့နယ် မာလာဆောင်အနီးတစ်စင်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီး တစ်စင်း၊ လှိုင်မြို့နယ် တံတားဖြူအနီးတစ်စင်း၊ ဒဂုံမြို့နယ် တောင်-မြောက်လမ်းဆုံ၌ တစ်စင်း စုစုပေါင်းလေးစင်း တည်ဆောက် မည်ဖြစ်သည်။

လက်ရှိသမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲအနီး၌ လူကူးခုံးကျော်တံတားတစ်စင်း၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းထိပ် (ကမ်းနားလမ်း) ၌ တစ်စင်း၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားရှေ့ ဂမုန်းပွင့်ကုန်တိုက်အနီး တစ်စင်းတို့ကို တည်ဆောက်ပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံနှင့် လမ်းမတော်မြို့နယ် လမ်းသစ်လမ်းထိပ်တို့တွင် လူကူးခုံးကျော်တံတားတစ်စင်းစီ အပြိုင်တည်ဆောက်နေသည်။ လမ်းမတော်မြို့နယ် လမ်းသစ်လမ်းထိပ်၌ တည်ဆောက်နေသော လူကူးခုံးကျော်တံတားမှာ ကွန်ကရစ်ကမ်းနားလမ်းသစ်၊ လမ်းဟောင်းနှစ်ခုအပြင် မဟာဗန္ဓုလလမ်းမကြီးကိုပါ ဖြတ်ကျော်၍ လမ်းခုံးလမ်းပေါ်မှတည်ဆောက်နေသော တံတားရှည် တစ်စင်းဖြစ်သည်။ တံတားအရှည် ပေ ၃၀၀၊ လူသွားလမ်း ၁၁ ပေ၊ ကားလမ်းမှအမြင့် ၂၄ ပေ ရှိကြောင်းသိရသည်။ စက်လှေကားများပါ တပ်ဆင်ပေးထားမည်ဟုဆိုသည်။ လှည်းတန်းလူကူးခုံးကျော်တံတားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး အရှည် ၈၉ ပေရှိပြီး ကားလမ်းမှအမြင့် ၂၄ ပေ ဖြစ်သည်။

No comments: