စံမောင်သန်း
မြောက်ဦးမြို့ရှိ ရွှေဂူကြီးဘုရား အ၀င်လမ်းဟောင်းကို နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါက်တာစံရွှေအောင်နှင့်ဇနီး ဒေါ်အေးအေးသန်းမိသားစု အလှူငွေဖြင့် ပြန်လည် ပြုပြင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မင်ဘာကြီး ဖခင် တည်ထားကိုးကွယ်ခဲ့သော ရွှေဂူကြီးဘုရားအ၀င်လမ်း ပျက်စီးနေသဖြင့် ဘုရားဖူးသူများ သွားလာရေး ခက်ခဲနေရာမှ ဦးစံရွှေအောင် မိသားစုမှ စေတနာ တရားထက်သန်စွာဖြင့် ကူညီပြီး ကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ရန် ဖောက်လုပ်လျက်ရှိကြောင်း ဒေါက်တာစံရွှေအောင်နှင့် အတူ ရခိုင်ခရီးစဉ်ကို လိုက်ပါပြီး လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကိုညီညီမောင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
“ရခိုင်ပြည်နယ်မှာ ရေဘေးမကျရောက်ခင် တစ်ပတ်လောက်က ဒေါက်တာစံရွှေအောင်က အဲ့ဒီဘုရားကို သွားဖူးခဲ့ပါတယ်။ တောင်ကျရေတွေ လျှံပြီး ဘုရားထဲမှာ ရေတွေနစ်မြုပ်နေပါတယ်။ ဘုရားပလ္လင်အောက်မှာရှိနေတဲ့ နတ်ရုပ်ဟာဆိုရင်လည်း နစ်မြုပ်နေပါတယ်။ ဦးစံရွှေအောင်ပြောတာက ရခိုင်ပြည်မှာ ဘာကြောင့်ဘုရားထဲမှာ ရေတွေဝင်နေရတာလဲ၊ ထိန်းသိမ်းဖို့သင့်ပါတယ်။ နတ်ကိုလည်း ဒီလိုမြုပ်အောင်မထားသင့်ဘူးဆိုတဲ့ အာသီသတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ချက်ချင်းပဲ ရေမြောင်းတွေဖေါက်ဖို့၊ ဘေးနားကတောတွေကိုရှင်းဖို့ ကျပ် ၂ သိန်း စတင် လှူဒါန်းခဲ့ပါတယ်” ဟု ကိုညီညီမောင်က ပြောသည်။
အဆိုပါ ဘုရားသွားလမ်းသည် ပေ ၈၀၀ ခန့် ရှည်ပြီး ပြုပြင်နိုင်ရန်အတွက် လွန်ခဲ့သော ၂ ပတ်ခန့်က ပထမအဖြတ်အနေဖြင့် ၁၁ သိန်းကျပ် လှူဒါန်းထားသည့်အပြင် အနီးအနား ချုံနွယ်များကို ခုတ်ထွင် ရှင်းလင်းရန် နောက်ထပ် ၂ သိန်းကျပ် လှူဒါန်းထားသည်ဟု သိရသည်။
ကျောက်ချောလမ်းခင်းခြင်းကို လွန်ခဲ့သော တစ်ပတ်ခန့်က စတင်ခဲ့ပြီး ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဆိုပါလမ်းကို ကျောင်းကြီးခင်းပြီး အပေါ်မှ ကျောက်စရစ်ထပ်ခင်းမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာစံရွှေအောင်သည် မြောက်ဦးမြို့၌ ရောက်ရှိနေစဉ်ကာလများတွင်လည်း ရွှေဂူကြီးဘုရားသို့ တစ်ရက်ခြား၊ နှစ်ရက်ခြား ၄-၅ ကြိမ် ဖူးမျှော်ပြီး သန့်ရှင်းရေးလုပ်ငန်းများကို ကြီးကြပ်ခဲ့ကြောင်း၊ အ၀င်လမ်းသည်လည်း ပျက်စီးနေသဖြင့် မိုးရာသီတွင် သွားရလာရခက်ခဲ့သည်ကို တွေ့မြင်ခဲ့သည်ဟု သူကပြောသည်။
“ဘုရားဂေါပကအဖွဲ့နဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တိုင်ပင်ပြီးတော့ လမ်းပြုပြင်နိုင်ရေး လှူဒါန်းဖို့ ကုန်ကျစရိတ်ကို တွက်ချခိုင်းပါတယ်။ ကုန်ကျစရိတ် အကုန်လုံးကို ဦးစံရွှေအောင်က ကူညီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်”ဟု ကိုညီညီမောင်က ပြောသည်။
ရွှေဂူကြီးဘုရားသည် မင်းဘာဘုရင် ဖခမည်းတော် တည်ထားခဲ့သည့် ရှေးကျသောဘုရားတစ်ဆူဖြစ်ပြီး ရခိုင်သားများအနေဖြင့် ပြုပြင်မွန်းမံရမည်ဟု အာသီသရှိကာ ပြုပြင်မွန်းမံနေခြင်းဖြစ်ပြီး စက်တင်ဘာလ ၇ နေ့ နံနက်ကလည်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်သည် ကြေးသပိတ်နှစ်လုံးနှင့် ကြေးပန်းအိုးများ လှူဒါန်းခဲ့သည်ဟု သိရသည်။
No comments:
Post a Comment