Friday, September 25, 2015

ကရင်ပြည်နယ်တွင် ကျောင်းသား ၁၃၀ ကျော် အဆိပ်သင့်စေသည့်ရေကို ရန်ကုန်သို့ ပေးပို့စစ်ဆေး

မင်းခန့်ပိုင်


ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်၊ သရက်တောကျေးရွာ အလယ်တန်းကျောင်းခွဲတခုတွင် ယမန်နေ့က ကျောင်းသား ကျောင်း သူ ၁၃၂ ဦး သောက်သုံးရေမှတဆင့် ရေအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ဆေးရုံတင်ပို့ ဆေးကုသခဲ့ရရာ ကျောင်းသား ကျောင်း သူ များ ကို အဆိပ်သင့်စေသည့် သောက်သုံးရေကို ရန်ကုန်မြို့သို့ ပေးပို့ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေအဆိပ်သင့်သည့် ကျောင်းသား ကျောင်းသူ ၇၀ ဦးကို ကော့ကရိတ် မြို့နယ် ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ ၆၂ ဦးကို ကျုံဒိုးပြည်သူ့ဆေးရုံတွင်လည်းကောင်း တင်ပို့၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ကျောင်းသားကျောင်းသူများ၏ အခြေအနေမှာ စိတ်ချရသည့် အခြေအနေမရှိ သေးဘဲ ဆက်လက် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရှိရသည်။

“ကလေးတွေစ ရောက်လာတော့မူးတာတွေဖြစ်တယ် အန်ကျတယ်။ တချို့တွေကဗိုက်နာကျတယ်။ အခုတော့အားလုံး သက် သာ သလောက်တော့ရှိနေပါပြီ။ သေဆုံးမှုတော့တစ်ဦးမှမရှိ ပါဘူး။ အဲဒီကျောင်းထဲက ရေကိုတော့ ဘားအံဆေးရုံ ကနေ တစ်ဆင့် ရန်ကုန်ကိုဓာတ်ခွဲ စစ်ဆေးဖို့ ပို့လိုက်ပါပြီ”ဟု ကော့ကရိတ်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တဦးက ပြောဆိုသည်။

ကျောင်းသားကျောင်းသူများ ရေအဆိပ်သင့်မှုနှင့်ပတ်သက်၍ လတ်တလော အဖြေတစုံတရာ မထွက်သေးဘဲ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ရန်ကုန်သို့ပေးပို့ စစ်ဆေးသည့် ရေ အဖြေရလာဒ်ပေါ်မူတည်၍ ညွှန်ကြားချက်များနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျုံဒိုးရဲစခန်းမှ ရဲအုပ် အောင်မြင့်ဝင်းက ပြောသည်။

“ဒီကိစ္စကို အမှုဖွင့်ဆောင်ရွှက်တာမျိုးမလုပ်သေးဘူး။ ရေကို ပြည်နယ် ကျန်းမာရေးမှူးက တဆင့် ရန်ကုန် ကိုပို့ထားတယ်။ ဆေးမှတ်တမ်း အတည်ပြုထွက်လာတော့မှ ညွှန်ကြားချက်အတိုင်းဆက်လုပ်သွားမှာပါ”ဟု ရဲအုပ်အောင်မြင့်ဝင်းက ရှင်းပြ သည်။

No comments: