ရွှေဟင်္သာ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၅) ဖွဲ့တို့မှ ထိပ်သီး ခေါင်းဆောင်များ နေပြည်တော်တွင် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် အပစ်ရပ် စာချုပ် လက်မှတ် ရေးထိုးရန် အတွက် ညှိနှိုင်း ဆွေးနွေးရန် ရှိသဖြင့် ထိတွေ့ တိုက်ပွဲများ ထိန်းသိမ်း ကြရန် နှစ်ဖက် တပ်များအား နှုတ်မိန့်ဖြင့် ညွှန်ကြား ထားပြီး ဖြစ်သော်လည်း KIO ထိန်းချုပ် ဒေသ ဗန်းဗော်ခရိုင်၌ (၂) ရက်တာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား ခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့နှင့် ၎င်းဒေသခံ များက ရွှေဟင်္သာ သတင်း ဌာနအား စက်တင်ဘာလ (၈) ရက်နေ့၌ ပြောကြား ခဲ့သည်။
စက်တင်ဘာ (၇) ရက်နေ့ နေ့လည်ပိုင်းနှင့် စက်တင်ဘာ (၈) ရက်နေ့ ညနေပိုင်း ကချင်လွတ်လပ်ရေး အဖွဲ့ထိန်းချုပ် ဒေသ ဗန်းမော်ခရိုင် ရွှေကူ ဒေသ၌ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့ နည်းပညာ အထောက်အကူပြု အလုပ်အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဆရာ ဒေါင်းခါးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
“မနေ့က (စက်တင်ဘာ ၇) ရက်နေ့ ညနေပိုင်းနဲ့ ဒီကနေ့ (စက်တင်ဘာ ၈) ရက်နေ့မှာ ကျွန်တော်တို့ ဘက်က တပ်မဟာ (၄) ၊ တပ်ရင်း (၁၂) ဧရိယာ မှာပေါ့။ အစိုးရ ဘက်က ခလရ (၁၀၅) အဖွဲ့နဲ့ ရွှေကူ ဘက်မှာ တိုက်ပွဲ ဖြစ်ပွား နေတယ်။ ထိခိုက်မှု ကတော့ အတည်မပြု နိုင်သေးဘူး” ဟု ဆရာ ဒေါင်ခါးက ပြောသည်။
စက်တင်ဘာ (၈) ရက်နေ့ နေ့လည်ပိုင်း ၌လည်း ရွှေကူဒေသရှိ တိုက်ပွဲ ဖြစ်ပွား နေသည့် နေရာသို့ မဘိန်းအခြေစိုက် မြန်မာ့ တပ်မတော် ခမရ (၆၀၁) နှင့် ခလရ (၁၂၁) တပ်ရင်း များအား တိုက်ပွဲ ဖြစ်ပွားရာ နေရာသို့ စစ်ကူပို့ပေး ခဲ့ကြောင်း အမည်မဖော်လိုသည့် ရွှေကူ ဒေသခံ တဦး ကလည်း ရွှေဟင်္သာ သတင်းဌာနသို့ အတည်ပြု ပြောကြား ခဲ့သည်။
စက်တင်ဘာလ (၉) ရက်နေ့၌ သမ္မနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ နေပြည်တော်၌ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးရန် အတွက် ညှိနှိုင်း ဆွေးနွေး ကြရန် ရှိသဖြင့် နှစ်ဖက် တပ်များအကြား ထိတွေ့ တိုက်ပွဲများ လျော့ချရန် နှုတ်မိန့်ဖြင့် ညွှန်ကြား ထားပြီး ဖြစ်သည့် ကြားက တိုက်ပွဲများ ယခုကဲ့သို့ ဆက်လက် ဖြစ်ပွား နေခြင်း ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးဆန်းအောင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းမှ စ၍ ကချင်ပြည်နယ် ၀ိုင်းမော်၊ ပူတာအိုနှင့် ဆွမ်ပရာဘွမ် မြို့နယ် များတို့၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေခဲ့ရာမှ စက်တင်ဘာ လဆန်းပိုင်း၌ တိုက်ပွဲ ဖြစ်ပွာမှု အကြိမ်များ လျော့ကျ လာခဲ့ကြောင်း ဦးဆန်းအောင်က ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ် လကုန်အပိုင်း အထိ ပူတာအိုနှင့် ဆွမ်ပရာဘွမ် ဒေသ ဘက်တွင် မြန်မာ အစိုးရ စစ်တပ်နှင့် KIO တို့အကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀) ကျော်ခန့် ကေအိုင်အို ထိမ်းချုပ် နယ်မြေအတွင်း စစ်ပြေး ဒုက္ခသည် အဖြစ် တိမ်းရှောင် နေရပြီး စားနပ်ရိက္ခာ အတွက် အခက်အခဲ ကြုံတွေ့ နေရသည်။
KIO ထိန်းချုပ် ဒေသသို့ မြန်မာ့ တပ်မတော်မှ အင်အား တိုးချဲ့၍ ထိုးစစ်ဆင်နေမှု ရှိသည့် အနေအထား များကြောင့် တိုက်ပွဲ မဖြစ်ပွားအောင် ထိန်းသိမ်းမှု အပိုင်းတွင် အခက်အခဲများ ရှိနေကြောင်း ဆရာ ဒေါင်းခါးက ဆိုပါသည်။

No comments:
Post a Comment