Saturday, November 21, 2015

မောင်တောမြို့နယ်တွင် ခြောက်လုံးပြူးတစ်လက် အပါအ၀င် ဂျင်ဂလိခြောက်ချောင်းနှင့် ပုန်းအောင်းနေသူ တစ်ဦးဖမ်းမိ

နိရဉ္စရာ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အိမ်တစ်အိမ်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ၀င်ရောက် စစ်ဆေးရာမှ မသင်္ကာဖွယ်ရာ လူစိမ်းတစ်ဦးနှင့် ခြောက်လုံးပြူးတစ်လက်၊ ဂျင်ဂလိမျှား ခြောက်ချောင်းနှင့် တယ်လီဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသည်ဟု သိရသည်။

“ ဖမ်းမိတာ မှန်ပါတယ် ခင်ဗျား။ အမှတ် (၄) နယ်ခြားစောင့်တပ်က ဖမ်းမိတာ ဖြစ်ပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာမှာ ဖမ်းမိတာပါ။ ဒီကိုတော့ ကြေးနန်း မ၀င်သေးတော့ ဖမ်းဆီးရမိတဲ့ လက်နက်တွေကတော့ အသေးစိတ် မသိရသေးဘး” ဟု မောင်တောခရိုင် ရဲမှူးကြီး ဦးရွှေသန်းက ပြောသည်။

နိုဝင်ဘာ ၁၅ ရက် ည ၁၂ နာရီခွဲခန့်က မောင်တောမြို့နယ်သံဒါ ကျေးရွာနေ ရှားအာလောင် (၂၈) နှစ် နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာ မြန်မာနိုင်ငံသား မဟုတ်သူ နူအာလောင်(၂၂ နှစ်) အား ဖမ်းဆီးမိကြောင်း၊ အိမ်ထဲအိပ်ခန်းတွင် ရှာအာလောင် ဇနီးသားသမီးများကို တွေ့ရှိရပြီးနောက် အိမ်ပိုင်ရှင် ဖြစ်သူ ရှာအာလောင်အား နေအိမ် မီးဖိုချောင်ထဲတွင် ပုန်းအောင်းနေသည်ကိုေ တွ့ရှိရကြောင်း၊ ထို့နောက် နေအိမ်အား အသေးစိတ်ဆက်လက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ် အိပ်ခန်းအတွင်းရှိ အဝတ် သေတ္တာအောက်မှ Adidas တံဆိပ်ပါ အမည်းရောင် ခါးပတ်အိတ်နှင့်အတူ USA စာတန်းပါ အရှည်ရှစ်လက်မခန့်ရှိ ဆုံလည် ခြောက်လုံးပြူး လုပ်သေနတ် တစ်လက်၊ အရှည် လေးလက်မသံဖြင့် ပြုလုပ် ထားသည့် ဂျင်ကလိခြောက်ချောင်းနှင့် တစ်ဖက်နိုင်ငံသုံး ဆင်းကတ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့ တွေ့ရှိသိမ်းဆည်းရမိကြောင်း မြန်မာ့အလင်းတွင် သတင်းဖော်ပြသည်။

ရှားအာလောင်နှင့် နူရ်အာလောင်အား အလယ်သံကျော်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။



No comments: