Thursday, November 19, 2015

သူရဦးရွှေမန်းနှင့် ဦးဌေးဦးတို့ သီးသန့်တွေ့ဆုံ၊ ညီညီညွတ်ညွတ် ဆက်လုပ်ကြဖို့ ပြောဆိုခဲ့ဟု ဦးဌေးဦးပြော

မင်းမင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးနှင့် သူရဦးရွှေမန်းတို့ နိုဝင်ဘာ ၁၈ရက် နံနက်ပိုင်းက လွှတ်တော်အဆောက်အဦတွင် သီးသန့်တွေ့ဆုံကြသည်ဟု ဦးဌေးဦးက အတည်ပြု ပြောသည်။

“အားလုံးကတော့ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ လုပ်ကြမှာပေါ့၊ ဒါပဲ ပြောတာ” ဟု ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းနှင့် ဦးဌေးဦးတို့သည် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ၎င်းတို့၏ မွေးရပ်ဇာတိတွင် အသီးသီး ရွေးကောက်ပွဲဝင်ပြိုင်ရာတွင် အတိုက်အခံ NLDပါတီအမတ်လောင်းများအား ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။

ယခု တွေ့ဆုံမှုသည် သတင်းထုတ်ပြန်ရန်မရှိဟု ဦးဌေးဦးက ဆိုကာ “ခါတိုင်း တွေ့ရိုးတွေ့စဉ်အတိုင်းပဲ တွေ့တာ၊ ဘာမှ ထူးထူးခြားခြား မရှိဘူး။ ဘာမှ ဆွေးနွေးစရာ မရှိပါဘူး။ ကျွန်တော်တို့တွေ အကုန်လုံး လွှတ်တော်ကိစ္စတွေနဲ့ ပတ်သက်လို့လည်း ပူးပေါင်းပြီး ဆောင်ရွက်သွားကြမယ် ဆိုတဲ့အကြောင်းပဲ၊ ဒါပဲ ရှိတာပဲ” ဟု ပြောသည်။ မတ်လ ၁၀ရက်ညက ပါတီတွင်း ရာထူးအပြောင်းအလဲတစ်ခုတွင် သူရဦးရွှေမန်းမှာ ပါတီ၏ ပူးတွဲဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရပြီး အဆိုပါ ပူးတွဲဥက္ကဌတာဝန်ကို ဦးဌေးဦးက တာဝန်ယူလျက်ရှိသည်။

သူရဦးရွှေမန်းသည် မနက်ဖြန် နိုဝင်ဘာလ ၁၉ရက်တွင်မူ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရကာ အစိုးရဖွဲ့ခွင့်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးရန် ရှိနေသည်။ -

No comments: