ကျော်ခ
ကယားပြည်နယ်အတွင်းမှာ သတင်းမီဒီယာတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ အထူး သတိထားစောင့်ကြည့် နေကြရတဲ့ နေရာ ၂ ခုရှိပါတယ်။ အဲဒီနေရာတွေကတော့ သမ္မတရုံးဝန်ကြီးတွေလည်းဖြစ်၊ ပြည်ထောင်စုဝန်ကြီးတွေလည်းဖြစ်တဲ့ ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းတို့ဝင်ရောက်ယှဉ်ပြိုင်နေကြတဲ့ မဲဆန္ဒနယ်မြေတွေဖြစ်ပါတယ်။
ဝန်ကြီးဦးစိုးသိမ်းက ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဝန်ကြီး ဦးအောင်မင်းကတော့ ရှားတောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဦးစိုးသိမ်းရဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူ ၂၉၀၀ ကျော်ပြီး၊ ဝန်ကြီးဦးအောင်မင်းရဲ့ မဲဆန္ဒနယ်မှာ ၄၂၆၂ ဦးရှိပါတယ်။
ဝန်ကြီး ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းတို့ဟာ သူတို့ရဲ့ မွေးရပ်ဇာတိနေရာတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ချင်းမပြုဘဲ ဝေးလံ ခေါင်သီပြီး မဲဆန္ဒရှင် ထောင်ဂဏန်းသာရှိတဲ့ ကယားပြည်နယ်ထဲက ဘောလခဲနဲ့ ရှားတော မြို့နယ်လေးတွေမှာ ဝင်ရောက်အရွေးချယ် ခံတဲ့အပေါ် စောင့်ကြည့် လေ့လာသူတွေဝေဖန်နေကြသလို သူတို့ရဲ့ ပြိုင်ဘက်ပါတီတွေကလည်း ဝေဖန်ပြောဆိုမှုတွေ ရှိနေ ပါတယ်။
အထူးသဖြင့် ဝန်ကြီး နှစ်ဦးဝင်ရောက်ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်မြေတွေမှာ တရားမျှတမှုတွေရှိနေတယ်လို့ ပြိုင်ဘက်နိုင်ငံရေး ပါတီတွေက ပြောပါတယ်။ ဝန်ကြီး နှစ်ဦးဟာ ရွေးကောက်ပွဲမဲဆွယ် ကာလမတိုင်မီ လပိုင်းအလိုကပင် အဲဒီဒေသတွေမှာ ငွေကြေး ထောက်ပံ့မှုတွေနဲ့ အတူမက်လုံးပေးမှုတွေရှိနေတယ်လို့ဆိုပါတယ်။
ဝန်ကြီး ဦးစိုးသိမ်းက မဲဆွယ်ကာလမတိုင်မီက သူအချေပြုယှဉ်ပြိုင်မယ့် ဘောလခဲမြို့နယ် ရွာသစ်မြို့လေးမှာရှိတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းအချို့တွေရဲ့ အိမ်တွေကို SKY NET ရုပ်သံဖမ်းစက်တွေ လှူထားတာတွေ့ခဲ့ရပါတယ်။ ကာယကံရှင်တွေကလည်း ဝန်ကြီး ဦးစိုးသိမ်းပေးတာ မှန်ကြောင်း ပြောပါတယ်။
“ကျမတို့မှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ သုံးယောက်နဲ့ တယောက် လက်ဝှေ့ထိုးနေရသလိုမျိုးဖြစ်နေတယ်။ သူတို့ (ဦးစိုးသိမ်း) မှာက လောလောဆယ် အာဏာလည်းရှိတယ်။ ပါဝါလည်းရှိတယ်။ အသပြာလည်းရှိတယ်။ ကျမတို့ကတော့ အာဏာလည်းမရှိ၊ ပါဝါလည်း မရှိအသပြာလည်းမရှိဘူးလေ” လို့ ကယားလူမျိုးစု ဒီမိုကရေစီပါတီ ဘောလခဲ မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလောင်း ဒေါ်မိမိမော် က ပြောပါတယ်။
ဦးစိုးသိမ်း ဝင်ရောက်ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်မြေအတွင်းရှိ ကျေးရွာတွေမှာ ထင်ထင်ရှားရှားတွေ့ရတာက SKY NET ရုပ်သံ ဖမ်းစက်တွေဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ရွာသားတွေစီက ထပ်ကြားရတော့ ဦးစိုးသိမ်းက ငွေကြေး သုံးနိုင်တယ်။ တကယ်လို့ နိုဝင်္ဘာ ၈ ရက်နေ့မှာ အနိုင်ရခဲ့ရင် အထူးစည်းရုံးပေးတဲ့လူတွေကို ငွေကြေး ဘယ်လောက် ထောက်ပံ့မယ်။ အိမ်တွေကို ဆန်ဘယ်လောက်ထောက်ပံ့မယ် စသဖြင့် မက်လုံးတွေပေးထားတာရှိတယ်လို့ ဆိုပါတယ်။
ရွာသစ်မြို့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးသိန်းဝင်း က “ဒီမှာတော့ ဦးစိုးသိမ်းက နာမည်ကြီးတယ်။ သူက ပေးနိုင်၊ ကြွေးနိုင်တာကိုး ပိုက်ဆံလည်းပေါတယ်လေ” လို့ဆိုပါတယ်။
ဝန်ကြီး ဦးစိုးသိမ်းကတော့ သူ့ရဲ့ လက်ကမ်းကြေညာစာစောင်မှာ ဘောလခဲနဲ့ ရှားတောက မဲဆန္ဒရှင်တွေအတွက် ကတိ ၁၄ ချက် တရားဝင် ထုတ်ပြန်ထားတာရှိပါတယ်။
အဲဒီအထဲမှာ စစ်မှန်သောငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းရေး၊ ဘောလခဲနှင့် ရွာသစ်မြို့နယ်အတွင်းရှိ ရွာအားလုံး လျှပ်စစ်မီးရရှိရေး၊ ဒေသတွင်း လမ်းများ ကောင်းမွန်ရေး၊ ပညာရေးကောင်းမွန်ရေး၊ ကျန်းမာရေးကောင်းမွန်ရေး၊ စိုက်ပျိုးမွေးမြူရေး တိုးတက်စေရေး (နှမ်းစိုက်တောင်သူများ ဝင်ငွေတိုးတက်စေရေး)၊ တယ်လီဖုန်းဆက်သွယ်မှုကဏ္ဍ ပိုမိုတိုးတက်စေရေး၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ အမျိုးသမီးများနှင့်ကလေးငယ်များအား စောင့်လျှောက်ရေး၊ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများအား စောင့်ရှောက်ရေး၊ တဖက်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ရေးနဲ့ လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေးတို့ ပါဝင်ပါတယ်။
ရှားတောမြို့နယ်မှာလည်း ဝန်ကြီး ဦးအောင်မင်း ဓနအင်အားသုံးပြီး မက်လုံးပေးမဲဆွယ်နေတယ်ဆိုတဲ့ သတင်းတွေက တမြို့လုံးမှာ နိုင်ငံရေးပါတီတွေအကြားမှာရော၊ မဲဆန္ဒရှင်တွေကြားမှာ ပျံ့နေပါတယ်။ အထူးသဖြင့် မဲဆွယ်ကာလမတိုင်မီက ငွေကြေး ပုံအောပြီး ထောက်ပံ့ထားတာတွေရှိသလို ရွေးကောက်ပွဲအနိုင်ရခဲ့ရင် ဆန်တွေ ဘယ်နှစ်လာစာပေးထားမယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နေပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့က ကြိုတင်မဲပေးခဲ့တဲ့ ဆရာမ နှစ်ဦးရဲ့ အတွေ့အကြုံကလည်း ပြိုင်ဘက်နိုင်ငံရေး ပါတီတွေအတွက် စိုးရိမ်မှုဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ ကျောင်းဆရာမ နှစ်ဦးက ကြိုတင်မဲပေါ်မှာ တံဆိပ်တုံးထုပြီး စာအိတ်ထဲ ထည့်မယ်အလုပ်မှာ စာအိတ်ထဲမှာ မဲအစမ်းလေ့ကျင့်ပြီး ပေးထားတဲ့ စာရွက်တွေ အဆင်သင့်ရှိနေခဲ့တယ်လို့ဆိုပါတယ်။
စာအိတ်ထဲမှာ အဆင်သင့် ရှိနေပြီးသား မဲစာရွက်ထဲမှာ ဦးအောင်မင်းကို မဲပေးထားတာတွေ့ရပြီး မဲစာအိတ်တွေထပ်မံ စိစစ်ရာမှာလည်း အလားတူနောက်ထပ် စာအိတ်နှစ်အိတ်ထပ်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ထိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေရရှိထားကြောင်း ပြိုင်ဘက်ပါတီတွေက ဆိုပါတယ်။
ဒါ့အပြင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မြို့နယ်အဆင့် အောက်ခြေ တပ်ဖွဲ့ဝင်တချို့ ဦးအောင်မင်းအတွက် မဲဆွယ်နေတယ်ဆိုတာတွေရှိနေသလို မဲစလစ်ပြားတွေလည်း လမ်းပေါ်မှာ ကောက်တွေ့တဲ့ အခြေအနေတွေလည်း ရှားတော မြို့ပေါ်မှာ ဖြစ်ပွားနေပါတယ်။
ကယားပြည်နယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတဲ့ သတင်းကတော့ ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို ကယားဖူး သစ်ကုမ္ပဏီ ပိုင်ရှင် ဦးကြည်စိန်က ထောက်ပံ့ရေးနေတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဒါကို ကယားပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအချို့၊ အစိုးရဝန်ထမ်းအချို့နဲ့ အရပ်သားတွေ က စိတ်ဝင်တစားပြောနေကြတာပါ။
ဝန်ကြီး ဦးအောင်မင်း နဲ့ ဦးစိုးသိန်းတို့ အနေနဲ့ သမာသမတ် ကျကျ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင် နိုင်စရာ အကြောင်းမရှိဘူးလို့ ရှားတောမြို့နယ် ကယားလူမျိုးစု ဒီမိုကရေစီပါတီ (KUDP) ရဲ့ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးစိုးလှိုင် က ဆိုပါတယ်။
“သူတို့အနေနဲ့ သူတို့ မွေးရပ်ဇာတိတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်းမပြုဘဲ လူဦးရေနည်းပါးပြီး၊ လူရိုး၊ လူအတွေပေါတဲ့ ဒီနေရာကို ဘာကြောင့် လာယှဉ်ပြိုင်ကြသလဲဆိုရင် ခင်ဗျားတို့ တွေးကြည့်ယုံနဲ့ သိလိမ့်မယ်။ သူတို့အနေနဲ့ ဒီဒေသတွေမှာ မဲလိမ်၊ မဲဝယ်၊ မဲခိုး မလုပ်ရင် နိုင်စရာအကြောင်းမရှိဘူး” လို့ ဦးစိုးလှိုင်က ဆိုပါတယ်။
ဦးအောင်မင်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရဲ့ အမျိုးသားလွှတ်တော် အမတ်လောင်း ဦးအောင်ကျော်စိုး က “ငွေရေးကြေးရေး အင်အားလည်း သုံးနိုင်တယ်။ နောက်တခုက လက်ရှိ ဝန်ကြီးလည်းဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကလည်း သူတို့ဘက် အလေးသာတာတွေရှိတယ်လေ။ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဘာတို့ဆိုလို့ရှိရင် လူစုပေးတာတို့ ဘာတို့ဆိုရင် လူခေါ်ပေးတာတို့ တနေရာမှာ စုပေးရတာတို့ အဲဒါတွေကတော့ ကျနော်တို့ထက် တပန်းသာတာပေါ့ဗျာ” လို့ ဆိုပါတယ်။
ရှားတောမြို့နယ်မှာ မဲစာရင်းအမှားတွေ၊ မဲစာရင်းအပိုတွေဖြစ်နေတာကြောင့် အဲဒီအပေါ်မှာ အခြားတိုင်းရင်းသား ပါတီတွေ စိုးရိမ်မှုဖြစ်ပွားနေကြသလို NLD ပါတီအနေနဲ့လည်း စိုးရိမ်မှုရှိနေတယ်လို့ ဆိုပါတယ်။
“ငွေအားမသုံးနဲ့ ပါဝါအားမသုံးနဲ့ နောက်တခြားမသမာတဲ့ နည်းတွေမသုံးနဲ့ပေါ့ဗျာ။ လွတ်လပ်ပြီးတရားမျှတတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် သူ့ကို ကျနော် ကောင်းကောင်းယှဉ်ရဲတယ်။ အခုဟာ သူက ကျနော်တို့ထက် အာဏာ၊ ပါဝါ၊ ငွေကြေးနဲ့ မသမာတဲ့နည်းတွေကများတာ” လို့ ဦးအောင်ကျော်စိုး က ဆိုပါတယ်။

No comments:
Post a Comment