တင်ထက်ပိုင်
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်ရှိ ခြေလျင်တပ်ရင်း(ခလရ) ၁၈ မှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၀၀ ကျော် ရှိပေမယ့် မည် သည့် နိုင်ငံရေးပါတီကမှ မဲအသိပညာပေးလုပ်ငန်းနဲ့ မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ဖို့ လာရောက် ခွင့်တောင်းခဲ့တာမျိုး မရှိဘူးလို့ သတင်းရရှိပါတယ်။
၎င်းတို့ တပ်ရင်းအတွင်းမှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုကို ခွင့်ပြုဖို့၊ မပြုဖို့ အထက်က ကြိုတင်ညွှန် ကြား ထားတာမျိုး မရှိဘူးလို့လည်း ခလရ ၁၈ က တာဝန်ရှိသူ တဦးဖြစ်တဲ့ ဗိုလ်ကြီး ဝေယံအောင်က ပြောပါတယ်။
“မတင်ပြတဲ့ ကိစ္စကြီးကို ခွင့်မပြုဘူး၊ ခွင့်ပြုပါတယ် ဆိုတာလည်း မသိနိုင်ဘူး။ ခွင့်မပြုဘူး ဆိုတာလည်း မသိနိုင်ဘူး။ တကယ်လို့ လာပြီးတော့ စည်းရုံးဖို့ တင်ပြတယ်ဆိုရင် ကျနော်တို့ကလည်း ပြန်တင်ပြမှာပဲ”လို့လည်း ဗိုလ်ကြီး ဝေယံအောင် က ပြောပြပါတယ်။
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ တပ်တွင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ စစ်တပ်မိသားစုဝင်တွေ မဲပေးနိုင်ဖို့အတွက် တပ်တွင်း အခြေခံပညာ မူလတန်းကျောင်းမှာ သီးသန့်မဲရုံ ထားရှိပေးထားမှာ ဖြစ်ပြီး လွတ်လပ်စွာ မဲပေးခွင့်အတွက် စီစဉ်ပေးထားမှာ ဖြစ် တယ် လို့လည်း သိရပါတယ်။
တပ်တွင်း မိသားစုတွေအတွက် မဲပေးပုံ နည်းစနစ်တွေကို ပြင်ပ ဘယ်အဖွဲ့အစည်းကမှ လာပြသပေးခဲ့တာမျိုး မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ တိုင်းအဆင့် တပ်မတော် အရာရှိတဦးကတော့ မဲပေးပုံ နည်းစနစ်တွေ လာဟောပြောသွားတာမျိုး ရှိတယ် လို့ ဗိုလ်ကြီး ဝေယံအောင်က ဆိုပါတယ်။
တပ်ရဲ့ စစ်သင်တန်းကျောင်းဟာ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက်မှာ ရှိတာဖြစ်ပြီး ယင်းစစ်သင်တန်းကျောင်းမှာ ရောက် ရှိ နေတဲ့ တပ်ရင်းက တပ်မတော်သား ၁၀၀ ကျော်အတွက်တော့ ကြိုတင်မဲတွေ ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။
ခလရ ၁၈ အတွင်း မဲဆွယ်ခွင့်ရှိပေမယ့်လည်း မဲဆွယ်စည်းရုံးခွင့်အတွက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ကို လာရောက် လျှောက်ထားခဲ့တဲ့ ပါတီ မရှိဘူးလို့ ယင်းကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးဝင်းမောင်က ဆိုပါတယ်။
မဲပေးမယ့်နေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ တပ်တွင်း မူလတန်းကျောင်း မဲရုံမှာ သတင်းမီဒီယာတွေက လာရောက်သတင်းယူခွင့် ရှိတယ် လို့လည်း သိရပါတယ်။
ဟင်္သာတမြို့နယ်အတွင်းမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၆ ခု ရှိပေမယ့် မဲဆွယ်စည်းရုံးမှု ကာလ အတွင်းမှာ အင်အားကြီးပါတီ ၂ ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ) တို့ရဲ့ လှည့်လည် အင်အားပြမှုတွေပဲ အဓိက ရှိခဲ့ပါတယ်။
ဟင်္သာတမြို့နယ်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးဦးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ အင်အားကောင်းမယ့် နေရာဖြစ်တယ်လို့လည်း ပြောဆိုမှုတချို့ ရှိနေပါတယ်။

No comments:
Post a Comment