Saturday, November 7, 2015

မိုင်းပန်မြို့နယ် ကြိုတင်မဲတွင် ရွေးကောက်ခံပါတီ ပါမလာကြောင်း တွေ့ရ

နန်းဆိုင်နွမ်


ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် ယမန့်နေ့က ကြိုတင်မဲ သွားရောက်ပေးသည့်အခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်း တံဆိပ်မပါကြောင်း စုံစမ်းသိရသည်။

ယမန်နေ့တွင် ကျားခေါင်းပါတီ အဖွဲ့ဝင်များက နိုဝင်ဘာ ၈ ရက်နေ့တွင် မဲရုံစောင့်ရန်အတွက် ကြိုတင်မဲ သွားရောက် ပေးသည့်အခါ မဲလက်မှတ် တံဆိပ်တုံးထုသည့် နေရာတွင် ကျားခေါင်းပါတီတံဆိပ် နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် မပါလာသည်ကို တွေ့ရှိကြောင်း SNLD ၏ တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ခရိုင်ရွေးကောက်ပွဲနဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွတ်စာတင်သွားမှာပါ။ ကြိုတင်မဲ တခုပါပဲ။ ကျနော်တို့ SNLD တံဆိပ် မပါဘူးလို့ သွားပြန်ပြောတော့ ပြန်ထုတ်ပေးပါတယ်။ ပြန်ထုတ်ပေးတဲ့ စာရွက်မှာတော့ SNLD တံဆိပ် ပါပါတယ်။ ဒါကို ကြည့်ချင်းအားဖြင့် မဲမသမာမှုကို တွေ့ရပါတယ်။ သွားမပြောဘူးဆိုရင် ဒီအတိုင်း ပြီးသွားမှာ။ သွားလဲတော့လည်း ပြန်ထုတ်ပေးတယ်ဆိုတော့ ၂ မျိုး လုပ်ထားတယ်၊ မဲစာရွက်က။ အစီအစဉ်ရှိ လုပ်တယ်လို့ ကျနော်ယူဆတယ်” ဟု ဦးစိုင်းလိတ်က ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမျိုးဟန်က “မဲစာရွက် ၂ ရွက်တည်းပါ။ အဲဒီ မဲစာရွက် ၂ ရွက်က ရှမ်းပြည်နယ် မဘိန်းမြို့နယ်က မဲစာရွက် ကပ်ပါလာတာ။ ကျနော်တို့ ဖယ်ထုတ်လိုက်ပါပြီ” ဟု ပြန်လည် ရှင်းလင်းသည်။

မိုင်းပန်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ကြံ့ခိုင်ရေးပါတီ (USDP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နေရာဖြစ်သည်။

No comments: