Friday, November 6, 2015

ဖျာပုံတွင် မဲစာရင်း ထပ်မှုများရှိ၍ မဲမသမာမှု ဖြစ်မည်ကို စိုးရိမ်နေ

ဇူးဇူး


ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တချို့တွင် မဲစာရင်းထပ်မှုများ ရှိနေသည့်အတွက် မဲ မသမာမှုများ ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ဖျာပုံဒေသခံများက ပြောသည်။

ဖျာပုံမြို့နယ် အတွင်းရှိ အောက်ကွင်း ကျေးရွာအုပ်စု၊ မှော်ဘီ ကျေးရွာအုပ်စုနှင့် ၁၉ ရပ်ကွက်တို့၌ လူ ၉၀ ခန့်သည် မဲစာရင်းတွင် ထပ်ခါ ပါဝင်နေကြောင်း၊ တချို့သည် အမည်တခုတည်း ၅ နေရာခန့် ပါဝင်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောပြသည်။

“ဒါက ကျမတို့ လက်လှမ်းမီသလောက် လေ့လာဆန်းစစ်လို့ သိရတဲ့နေရာတွေပဲ ရှိသေးတာ။ တခြား လက်လှမ်းမမီတဲ့ ဘယ်နေရာ တွေမှာ ဘယ်လောက်ထပ်နေလဲ ဆိုတာတော့ ကျမတို့ မသိနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် မှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုးပဲ ကျမတို့လိုလားတယ်” ဟု အောက်ကွင်းကျေးရွာ ဒေသခံ ဒေါ်ကြူကြူလွင်က ဧရာဝတီကို ပြောသည်။

အောက်ကွင်းကျေးရွာ၊ မှော်ဘီ ကျေးရွာအုပ်စုနှင့် ၁၉ ရပ်ကွက်တို့သည် တဆက်တည်းရှိနေပြီး ၁၉ ရပ်ကွက်သည် အောက်ကွင်း ကျေးရွာ အုပ်စုထဲမှ ခွဲထွက်သွားသည့် ရပ်ကွက်အသစ် တခုဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်း ပြုစုသည့်အခါတွင် ကောက်ယူသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မြေပြင်စာရင်းအရ သော်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် မဲစာရင်းအရ သော်လည်းကောင်း ကောက်ယူခဲ့သည့်အတွက် ထိုသို့ မဲစာရင်းများ ထပ်သွားရခြင်း ဖြစ်သည်ဟု မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးညီညီအောင်က ဧရာဝတီကို ပြောသည်။

“ဒီထပ်နေတဲ့သူတွေသည် ၂၀၁၀ တုန်းက ၁၉ တို့၊ မှော်ဘီတို့ထဲမှာ မပါဘူးပေါ့။ အောက်ကွင်း မဲစာရင်းထဲမှာပါပြီး မဲပေးခဲ့ကြတယ်။ ဒါကြောင့် အောက်ကွင်းက မဲစာရင်း ပြုစုတဲ့အခါမှာ မြေပြင်စာရင်း အရသော်လည်းကောင်း၊ ၂၀၁၀ တုန်းက မဲစာရင်းအရ သော် လည်းကောင်း ကောက်လိုက်တဲ့ အတွက်ကြောင့် မှော်ဘီတို့၊ ၁၉ တို့က မဲစာရင်းပေးပိုင်ခွင့်တွေက အောက်ကွင်းထဲမှာ သွားထပ်တယ်”ဟု ဦးညီညီအောင်က ရှင်းပြသည်။

ထိုသို့ မဲစာရင်းထပ်နေမှုများကို နိုင်ငံရေးပါတီများက တင်ပြလာသောကြောင့် မဲစာရင်း ကောက်ယူရာတွင် ပုံစံ ၆၆/၆ ကိုအခြေခံ သည့်အတိုင်း ၁၉ ရပ်ကွက်နှင့် မှော်ဘီ ကျေးရွာအုပ်စုတွင်း ပုံစံ ၆၆/၆ ဖြင့် လက်ရှိ နေထိုင်သူများ အမှန်တကယ် မဲစာရင်းထပ်ခြင်း ရှိမရှိကို စိစစ်ပြီးနောက် အောက်ကွင်းရှိ မဲစာရင်းမှ ပယ်ဖျက်ရန် နိုဝင်ဘာ ၄ ရက်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံ ညွှန်ကြားပြီးဖြစ် သည်ဟုလည်း ဦးညီညီအောင်က ဆိုသည်။

ဖျာပုံမြို့နယ်တွင် ကျေးရွာအုပ်စု ၇၅ ခုရှိပြီး မဲပေးပိုင်ခွင့် ရှိသူဦးရေ ၂ သိန်းကျော်(၂၀၃,၈၅၇ ဦး)ရှိကြောင်း မြို့နယ် ကော်မရှင် အဖွဲ့ခွဲ စာရင်းများ၌ ဖော်ပြထားသည်။

ဖျာပုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) တွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် လက်ရှိ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ပြည်သူ့လွှတ်တော် နေရာတွင် ကြံ့ခိုင်ရေး ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင် အပါအ၀င် စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း၂၃ ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

No comments: