ဖြိုးသီဟ
ဟုမ္မလင်းမြို့သည် ကဘော်ပြတ်ရွေ့တွင် တည်ရှိနေပြီး အမြဲတမ်း ရစ်ခ်ျတာစကေး ၃နှင့်၅ကြားရှိ ငလျှင်များလှုပ်နေသည့်အတွက် ဆေးရုံ၊ကျောင်း၊ရေကာတာ အစရှိသည့် အရေကြီးအဆောက်အဦများ မဆောက်လုပ်သင့်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သုတေသနပညာရှင် ဒေါ်လှလှအောင်က မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာ ၁၆ရက်နေ့ နံနက်ပိုင်းက လှုပ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၄.၄အဆင့်ရှိ ငလျင်သည် အလယ်အလတ်အဆင့်သာရှိပြီး ကဘော်ပြတ်ရွေ့လှုပ်ခြင်းကြောင့်ဖြစ်ကာ စိုးရိမ်စရာအခြေအနေ မဟုတ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သုတေသနပညာရှင် ဒေါ်လှလှအောင်က ပြောသည်။
"စစ်ကိုင်းပြတ်ရွေ့နဲ့တော့ မဆိုင်ပါဘူး။ ကဘော်ပြတ်ရွေ့ကြောင့်လှုပ်တာဆိုတော့ စိုးရိမ်စရာတော့မရှိဘူး။ သူက အနက် ကီလိုမီတာ (၂၀၀)လောက်က လှုပ်တာ။ " ဟု ဒေါ်လှလှအောင်က ပြောသည်။
ယင်းနေရာတွင် အိန္ဒိယနိုင်ငံဘက်မှ ကျောက်ချပ်ကြီးသည် မြန်မာနိုင်ငံဘက်ခြမ်း ပြတ်ရွေ့အောက်သို့ထိုးဝင် နေသောကြောင့် အမြဲလိုလို ငလျင်လှုပ်မှုများ ဖြစ်တတ်ကြောင်း၊ ငလျင်ကြီး တစ်ခုဖြစ်ပေါ် လာရန်အတွက် ရှေ့ပြေးနိမိတ်မဟုတ်ကြောင်း နောင်ကိုလည်း ရစ်ခ်ျတာစကေး ၃နှင့် ၅ကြားပမာဏရှိ ငလျင်များ ဆက်လှုပ်နိုင်ကြောင်း ၎င်းကပြောသည်။
ကဘော်ပြတ်ရွေ့သည် မြန်မာနိုင်ငံအနောက်မြောက်ဘက်၊ ချင်းတောင်တန်းအခြေတွင် တည်ရှိပြီး တောင်မြောက်အရှည် ကီလိုမီတာ ၁၂၀၀ ကျော်ရှည်လျားကာ ကျောက်ချပ်ကြီးနှစ်ခု လှုပ်ရှားနေခြင်းကြောင့် ရစ်ခ်ျတာစကေး ၃နှင့် ၅ကြားပမာဏရှိ ငလျင်များလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။
No comments:
Post a Comment