Friday, November 6, 2015

ရွေးကောက်ပွဲ ရလဒ် မမှန်ကန်လျှင် အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်ဆိုးနိုင်

လာလစ်ကေဂျာ


မကြာမီက သမ္မတရုံး ဖေ့ဘုတ်စာမျက်မှာပေါ်တွင် အာဏာရပါတီက ယခုလာမည့် အထွေထွေရွေးကောက်ပွဲတွင် ရှုံးခဲ့မည်ဆိုလျင် အာရပ်နွေဦးကဲ့သို့ အပြောင်းအလဲများ ပျက်ဆီးသွားနိုင်ကြောင်း ပြောနေပါသည်။အကယ်၍သာ ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရမှုမရှိဘဲ ရလဒ်များ မမှန်ကန်ခဲ့လျှင် ကြီးမားသည့် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်သမ္မတ၏ လုံခြုံရေးဆိုင်ရာ အကြံပေးအရာရှိက နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

“အကယ်၍ ရွေးကောက်ပွဲက မယုံကြည်ရဘူး၊ ရလဒ်တွေက မမှန်ကန်ခဲ့ဘူး ဆိုရင် ကျနော်တို့ ၂ နိုင်ငံ ဆက်ဆံရေးတွေ ခက်ခဲသွားနိုင်တယ်ဆိုတာ ရှင်းပါတယ်” ဟု အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Ben Rhodes က ၀ါရှင်တန်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတခုတွင် ပြောကြားခဲ့သည်။

မကြာသေးမီက မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော Ben Rhodes က ရွေးကောက်ပွဲအား တကမ္ဘာလုံးမှ စောင့်ကြည့်နေသည်ကို မြန်မာနိုင်ငံသားများ ကောင်းစွာ သဘောပေါက်ကြကြောင်း ပြောသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မှန်ကန်သည့် လမ်းကို ရွေးချယ်နိုင်ခဲ့လျှင် ကောင်းကျိုးများစွာ ရရှိမည်ဖြစ်သည်။ ထိုကောင်းကျိုးများမှာ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ တိုးတက်လာမည့်ဖြစ်ကြောင်း Rhodes က မှတ်ချက်ပြုခဲ့သည်။

“ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ဒါကို ရှေ့တဆင့် တက်လှမ်းနိုင်တယ်လို့ မြင်ကြမှာ မြန်မာတနိုင်ငံလုံးက ကောင်းကောင်း သိကြပါတယ်။ တကယ်လို့ ရွေးကောက်ပွဲသာ မှန်ကန်ကောင်းမွန်တဲ့ နည်းလမ်းအတိုင်း ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်များတဲ့ စီးပွားရေး အလားလာတွေ အများကြီးရှိပါတယ်။ ပြီးတော့ ဒါက ရှေ့ကိုတဆင့်တက်တဲ့ ဒီမိုကရေစီ အကူးအပြောင်း လို့ မြင်ပါတယ်”ဟု Rhodes က ပြောသည်။

Rhodes သည် အမေရိကန်သမ္မတ အိုဘားမား၏ အနီးကပ်လူယုံတော် တယောက်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သမ္မတ၏ ထိပ်တန်း အကြံပေးတယောက်လည်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ၄ ကြိမ်မြောက် လာရောက်ပြီးဖြစ်သည်။ နောက်ဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပြင်ဆင်မှုများကို လေ့လာခဲ့ပြီး အဆိုပါရွေးကောက်ပွဲ တခုတည်းက ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်သော်လည်း လွတ်လပ်ပြီး တရားမျှသော ရွေးကောက်ပွဲ ဖြစ်မည်ဆိုလျှင် တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ်သို့ တည့်မတ်နိုင်ပြီး တိုးတက်ကောင်းမွန်လာမည်ကို နားလည်ကြောင်း ပြောသည်။

“ဒီရွေးကောက်ပွဲက တိုင်းပြည်ကို ရှေ့ဆက်နိုင်ဖို့အတွက် သမိုင်းဝင်လှုပ်ရှားတခုဖြစ်တယ်။ ကျနော်တို့ ပြောချင်တာကတော့ အစိုးရအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲကို အလေးအနက်ထားပြီး လုပ်ဆောင်ဖို့နဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများနှင့် ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်”ဟု Rhodes က ပြောသည်။

ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးသည်ကို မီးမောင်းထိုးပြချင်ကြောင်းနှင့် နိုင်ငံအနှံ့တွင် ရွေးကောက်ပွဲကာလအတွင်း ခြိမ်းခြောက်ခံရမည်ကို ကြောက်ရွံ့ကြသည်ကို သတိထားမိကြောင်း Rhodes က မှတ်ချက်ပြုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ရေရာမှု မရှိသေးကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခြေရှိသော်လည်း ပြဿနာများစွာ ရှုပ်ထွေးနိုင်ကြောင်း Rhodesက ပြောသည်။

No comments: