Saturday, November 7, 2015

ဘောလခဲမြို့နယ်တွင် ကြိုတင်မဲ ၁၀ ရာခိုင်နှုန်းကျော် ပေးပြီး

ကျော်ခ


ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ကြိုတင်မဲ ၁၀ ရာခိုင်နှုန်း ပေးပြီးပြီဖြစ်ကြောင်း ဘောလခဲမြို့နယ် ကော်မရှင်ရုံး အတွင်း ရေးမှူး ဦးအုန်းဋ္ဌေးက နိုဝင်ဘာ ၄ ရက်တွင် သတင်းထောက်များကို ပြောသည်။

“ကျနော်တို့က ၁၆ ရက်နေ့ ကတည်းက ပေးခွင့်ပြုခဲ့တယ်။ အဲဒါကတော့ ကျနော်တို့ ဥပဒေမှာ ပါပြီးသားဖြစ်တဲ့ မဲဆန္ဒနယ်ပြင်ပ ရောက် တပ်မတော်သားတွေ၊ အတူနေ အိမ်ထောင်စုတွေ၊ သင်တန်းသားတွေ၊ အချုပ်သား၊ တရားဝင်နိုင်ငံခြား ရောက်နေတဲ့လူတွေ ဒါကတော့မြို့နယ်က လုပ်ပေးခဲ့တာ”ဟု ဦးအုန်းဋ္ဌေးက ပြောပြသည်။

ဘောလခဲမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၆,၇၈၂ ဦးအနက် ၆၈၃ ဦး ကြိုတင်မဲ ပေးပြီးပြီဖြစ်ကြောင်း အဆိုပါ အရေအတွက်သည် ယခုလ ၁၆ ရက်မှ ၂၉ ရက်အတွင်း ပေးထားသည့် အရေအတွက်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကြိုတင်မဲများနှင့် ပတ်သက်ပြီး ဘောလခဲမြို့နယ် ကော်မရှင်ရုံးက နိုင်ငံရေး ပါတီများကို ဖိတ်ကြားအသိပေးခြင်း မရှိကြောင်းနှင့် အောက်တိုဘာ ၂၉ ရက် ရောက်မှသာ နိုင်ငံရေး ပါတီများကို ကြိုတင်မဲ ကိစ္စနှင့်ပတ်သက်ပြီး ရှင်းပြခဲ့ကြောင်း ကယား လူမျိုးစု ဒီမိုကရေစီ ပါတီ ဘောလခဲ မဲဆန္ဒနယ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မိမိမော်က ဧရာဝတီကို ပြောပြသည်။

“ဒီမဲတွေက ဘယ်သူ့ကိုပေးပေး၊ ကျမတို့ ဘယ်လိုမှ သဘောမရှိပါဘူး။ ဒါပေမယ့် ပွင့်လင်းမြင်သာမှု ရှိဖို့လိုတာပေါ့။ ပြီးမှ ကျမတို့ကို ခေါ်အသိပေးတဲ့ ပုံစံကတော့ အဓိပ္ပာယ် မရှိပါဘူး”ဟုလည်း ဒေါ်မိမိမော်က ပြောသည်။

ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်နှင့် ခရိုင်အဆင့်အထိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့်သူများကို ယခုလ ၂၉ ရက်မှ စတင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်က ကြိုတင်မဲ ပေးနိုင် ရန် ပြုလုပ်ပေးလျက်ရှိကြောင်း ဘောလခဲမြို့နယ် ကော်မရှင်ရုံး အတွင်းရေးမှူး ဦးအုန်းဌေးက ပြောသည်။

ထို့အပြင် အသက်အရွယ်ကြီးရင့်သူများ၊ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရသူများ၊ သားဖွားနေသူများ၊ ဆေးရုံတက်နေရသည့် အတွင်းလူနာများ၊ အချုပ်သားများနှင့် ရွေးကောက်ပွဲနေ့၌ ခရီးဝေး သွားရောက်ရန် ရှိသူများ၊ ရွေးကောက်ပွဲနေ့၌ တာဝန်ထမ်းဆောင် ရန်ရှိသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် ဝန်ထမ်းတချို့ကို ရွေးကောက်ပွဲရက်မတိုင်မီ ၆ ရက်၊ ၇ ရက်များတွင် ရပ်ကွက်၊ ကျေးရွာ အုပ်စု ကော်မရှင်က ဆက်လက် ပြုလုပ်ပေးသွားဦးမည်ဟုလည်း ဦးအုန်းဋ္ဌေးက ပြောဆိုသည်။

ဘောလခဲမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကယား လူမျိုးစု ဒီမိုကရေစီ ပါတီ(KUDP)၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တစည)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထို့အပြင် သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းး၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ် လမ်းတံတား ဝန်ကြီး ဦးချစ်လှ တို့လည်း တသီးပုဂ္ဂလများအဖြစ် ကယားပြည်နယ်တွင် ဝင်ရောက် အရွေးချယ်ခံသည်။

No comments: