Friday, November 6, 2015

မဲပေးရန် သက်သေခံ လက်မှတ် နံပါတ်မှားနေသည့်တိုင် မဲပေးနိုင်

နန်းဆိုင်နွမ်


နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်သည် မဲပေးရန် ကြိုတင် ထုတ်ပေးထားသည့် သက်သေခံ လက်မှတ် နံပါတ်မှားနေလျှင်လည်း မဲပေးနိုင်ကြောင်း တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲဖေက ပြောသည်။

“တိုကင်နံပါတ်မှားရင် ပေးပိုင်ခွင့် ရှိပါတယ်။ မဲစာရင်း အမှတ်စဉ် မှားတာ မတော်မဆမှားတာ ဖြစ်နိုင်ပါတယ်။ အရေးအကူး မှားတာ ဖြစ်နိုင်တယ်။ သာမန် အရေးအကူး မှားတာလေးကတော့ ကျနော်တို့ သူရဲ့နာမည်၊ လိပ်စာ မဲစာရင်းပါနေရင် ရပ်ကွက်ထောက်ကူပြုက ထောက်ခံပေးရင် မဲပေးလို့ရပါတယ်” ဟု ဦးရဲဖေက ဆိုသည်။

ထို့အပြင် ဆန္ဒမဲပေးရာ၌ မဲဆန္ဒရှင်သည် တိုကင် (သက်သေခံ လက်မှတ်) မပါလာသော်လည်း ခိုင်လုံသည့် အထောက်အထား၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းများ ပါလာပါက မဲပေးနိုင်ကြောင်းနှင့် တိုကင်နံပါတ် မှားယွင်းရုံလောက်ဖြင့် မည်သည့်ပြဿနာမှ မဖြစ်ကြောင်း၊ မဲစာရင်းထဲ ပါရန်သာ အဓိက ဖြစ်ကြောင်း ဦးရဲဖေက ဆက်ပြောသည်။

မဲဆန္ဒရှင်များ ရွေးကောက်ပွဲနေ့၌ မဲပေးရာတွင် လွယ်ကူရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က သက်သေခံလက်မှတ် (တိုကင်) နံပါတ်များကို နိုဝင်ဘာ ၂ ရက်တွင် စတင်ထုတ်ပေးနေသော်လည်း ယခင် မဲစာရင်းနံပါတ် မဟုတ်သည့် မှားယွင်းမှုများ တွေ့ကြုံရသည်ဟု တောင်ကြီးမြို့ ဒေသခံများက ပြောသည်။

“မဲစာရင်း သွားကြည့်တုန်းက မဲဆန္ဒရှင်ရဲ့ မဲနံပါတ်ကတမျိုး၊ အခု အိမ်တိုင်ရာရောက် လာပေးတဲ့ တိုကင်မဲ အမှတ်စဉ်က တမျိုးဖြစ်နေတာတွေ ရှိတယ်။ ကျမကို လာတိုင်တာတွေ ရှိတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်နန်းမြဦးက ဧရာဝတီကို ပြောသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်နေပြီ ဖြစ်သော်လည်း တောင်ကြီးမြို့ခံ မဲဆန္ဒရှင်အများစုအတွက် လက်ရှိအချိန်အထိ ရွေးကောက်ပွဲတွင် မဲပေးရမည့်ပုံစံနှင့် ပတ်သက်ပြီး မဲပညာပေးမှု အားနည်းနေကြောင်း၊ ထိုအားနည်းချက်ကြောင့် မဲ ၅၀ ရာခိုင်နှုန်းခန့်သည် ပယ်မဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေါ်နန်းမြဦးက ဆိုသည်။

ထို့အပြင် မဲဆန္ဒရှင်များ ရွေးကောက်ပွဲနေ့၌ မဲပေးနိုင်ရန် သက်သေခံလက်မှတ်အား ရပ်ကွက်ရုံးတွင် သွားရောက်ထုတ်ယူသည့် မဲဆန္ဒရှင် နည်းပါးနေပြီး၊ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းနေကြောင်းကို တွေ့ရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်း မဲရုံပေါင်း ၂၀၉ ရုံ၊ မဲပေးနိုင်သူ ၂၇၈,၀၀၀ ကျော်ရှိပြီး ကျေးရွာအုပ်စု ၇၅ စု ရှိကြောင်း တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲမှ စုံစမ်းသိရသည်

No comments: