ဇော်ခမ်းဟိန်း
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးသည် မဲဆွယ်စည်းရုံးခွင့် နောက်ဆုံးနေ့ နိုဝင်ဘာလ ၆ ရက် အထိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) SNLD နှင့် အတူ ဟောပြောမည်ဟု ကျားခေါင်းပါတီက ပြောသည်။
ဦးကိုကိုကြီးသည် နိုဝင်ဘာ ၅ ရက် (ယနေ့) ၁ နာရီမှ ၅ နာရီထိ နောင်ချိုမြို့၊ ဘူတာရပ်၊ မြို့လယ်သုံးထပ်ဓမ္မာရုံနှင့် နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၉နာရီမှ ၁၂ နာရီထိ ကျောက်မဲမြို့၊ မြွေတော်ရပ်၊ သံဃာဆောင် ဆေးတိုက်ဝင်းတို့တွင် ကျားခေါင်းပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် တို့နှင့် အတူ ဟောပြောသွားမည်ဟု ကျောက်မဲမြို့နယ် လက်ရှိ ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသန်းမောင်က မဇ္ဈိမသို့ ပြောသည်။
ကျားခေါင်း အမတ်လောင်းများဖြစ်သော နောင်ချိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးစိုင်းထင်ကျော်၊ ပြည်နယ်မဲဆန္ဒနယ် (၁) ဦးစိုင်းမျိုးအောင်၊ ပြည်နယ်မဲဆန္ဒနယ် (၂) ဦးအောင်လွင်၊ ကျောက်မဲ မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော် ဦးစိုင်းအုံးကျော်၊ ပြည်သူ့လွှတ်တော် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်မဲဆန္ဒနယ် (၁) ဦးစိုင်းထွန်းထွန်းဝင်း၊ ပြည်နယ်မဲဆန္ဒနယ် (၂) ဦးစိုင်းထွန်းဥာဏ်၊ သီပေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးသန့်စင် တို့ကလည်း မိတ်ဆက်ဟောပြောကြမည်ဖြစ်သည်။
နမ္မတူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါ်နန်းခမ်းအေးက မဲထည့်နည်းကို ပြသပေးမည် ဟု ကျောက်မဲကျားခေါင်းအောင်နိုင်ရေးရုံးမှ သိရသည်။
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်များဖြစ်သည့် ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်တို့သည် ၄င်းတို့အား ဖိတ်ကြားသော NLD ပါတီ၊ မွန်အမျိုးသားပါတီ၊ လူ့ဘောင်သစ်ပါတီ၊ ကျားခေါင်းပါတီနှင့် တစ်သီးပုဂ္ဂလများဖြစ်သည့် ဦးအောင်သူ၊ ဒေါက်တာညိုညိုသင်း တို့၏ စည်းရုံးဟောပြောပွဲများ တွင်လည်း မဲစာရင်းမမှားရန်၊ ပယ်မဲမဖြစ်ရန်စသည့် မဲဆန္ဒရှင်ပညာပေး အစီအစဉ်များသာ ဟောပြောကြောင်း (၈၈) မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးချုပ် က ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးဟောပြောခွင့်ကို စက်တင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ သတ်မှတ်ပေးထားသည်။
No comments:
Post a Comment