အောင်ကိုဦး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းတောကျေးရွာတွင် ဇန်နဝါလ ၂၂ ရက်က ၇ နှစ်သမီးငယ်လေးအား ဗိုက်ခွဲခံရမှုကို ဒီပဲယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ကောလာဟလပါဟု ပြောဆိုသည့်အတွက် မကျေနပ်ကြောင်း ကလေး၏မိခင် ဒေါ်သစ်က ဖေဖော်ဝါရီလ ၁ ရက်တွင် မဇ္ဈိမကိုပြောသည်။
အဆိုပါဗိုက်ခွဲခံရသော ကလေးငယ်သည် ဇန်နဝါလ ၂၂ ရက် ထမင်းစားကျာင်းဆင်းချိန်တွင် နေအိမ်သို့ရောက်ရှိလာပြီး ပျောက်သွားခြင်းဖြစ်သည်။ ထိုသို့ပျောက်ဆုံးသည်ကို သိသည်နှင့် ကျေးရွာလူထုဖြင့် ဝိုင်းဝန်းရှာဖွေရာ မွန်းလွဲ ၃ နာရီတွင် ရွာ၏အရှေ့တောင်ဘက် ပေ ၈၀၀ ကျော်အကွာ လယ်ကြားမြောင်းဘေး၌ ဗိုက်ခွဲထားသည်ကိုတွေ့ရှိရပြီး ချက်ခြင်း ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ပို့၍ ကုသခဲ့ရာ ကလေးမှာအသက်ရှင်ခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေရဆဲဟု ဒေါ်သစ်က ရှင်းပြသည်။
"ကျွန်မကတောထဲကနေပြန်လာတော့ သမီးစီးတဲ့စက်ဘီးလေးနဲ့လွယ်အိတ်လေးကို တွေ့တော့ အိမ်ထဲမှာရှိတယ်ပဲထင်တာ ဝင်ကြည့်တော့ မတွေ့ရဘူး။ အိမ်ထဲအနှံ့ရှာတယ်မတွေ့ဘူး။ ရွာထဲသွားရှာလည်းမတွေ့ဘူး။ ဒါနဲ့စိုးရိမ်ပြီး ရွာလူကြီးကို သွားပြောပြီး လိုက်ရှာတယ်။ ကျောင်းကဆရာမလေးတွေပါ ဝိုင်းရှာတယ်။ ဘုန်းကြီးကျောင်းကလည်း အသံချဲ့စက်နဲ့ ကလေးပျောက်ကြောင်းအော်ပေးတယ်။ အဲလိုရှာရင်းနဲ့ ၃ နာရီလောက်မှာ ရွာတောင်ဘက်မှာတွေ့တယ်။သွေးသွေအများကြီးဆိုတော့ မကြည့်ရဲဘူး။ ဒါနဲ့ဆေးရုံကို ပို့ကြတယ်။ ဆေးရုံမှာဒီနေ့အထိပဲ မဆင်းရသေးဘူး။ကလေးအသက်ရှင်တာကိုပဲ ဝမ်းသာပါတယ်။ ဒါပေမယ့် အခုလိုဖြစ်တာကို ရဲက ကောလဟာလ ပါဆိုပြီး သတင်းတွေထဲမှာထည့်တယ်။ ပြီးတော့ ရွာတွေမှာပြောတယ်။ ဒါကိုမကျေနပ်ဘူး။ ကျွန်မတို့ရွာတွေမှာ ဒါမျိုးဖြစ်မှာကို စိုးရိမ်ပါတယ်။"ဟု ကလေး၏ မိခင်ဒေါ်သစ်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီပဲယင်းမြို့နယ်၊ မူးကမ်းနယ်မြေရဲစခန်းမှူး ရဲအုပ် နိုင်ဌေးကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာ တာဝန်မှူး တပ်ကြပ်ကြီး မြင့်ခိုင်က "တရားခံကဖမ်းထားပါတယ်။ အရက်ကြောင်ပြီးလုပ်တာပါ။ ပုဒ်မ ၃၂၆ နဲ့ပါ။ ကလေးခိုးမှုမဟုတ်ပါဘူး။ အပြင်မှာထွက်နေတဲ့ သတင်းတွေက မဟုတ်ပါဘူး။ အဲလိုကောလဟာလတွေထွက်နေလို့ မြို့နယ်အလိုက်ရှင်းလင်းမှုတွေ လုပ်နေပါတယ်။"ဟု မဇ္ဈိမ ကိုပြောသည်။
ကလေးကိုဖမ်းဆီးခေါ်ဆောင်၍ ဓားဖြင့်ဗိုက်ခွဲသူသည် တစ်ရွာတည်းအတူနေသူ ကိုငါရောက်ဖြစ်သည်ဟု ကလေးက ပြောဆိုသဖြင့် ကိုငရောက်ကို ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပြီးဖြစ်သည်ဟု ကလေးမိဘများကဆိုသည်။
ထိုသို့ကလေးကို ဗိုက်ခွဲခဲ့သူအား နာကျင်စေမှုဖြင့်သာ ဖမ်းဆီးအရေးယူထားသည်ကိုလည်း မကျေနပ်ကြောင်းနှင့် ထိရောက်သည့်အပြစ်ဒဏ်ရရှိစေရန် နားလည်တတ်ကျွမ်းသည့် ပညာရှင်များထံ အကူအညီများတောင်းခံသွားမည်ဟု ကလေး၏ ဖခင် ကိုစိုးလင်းကဆိုသည်။ "ဗိုက်ကို ရက်ရက်စက်စက်ခွဲထားတယ်။ ပြီးတော့ လက်ကောက်ဝတ်တွေကိုလည်း ဓါးနဲ့လှီးထားတယ်။ကျွန်တော်တို့တွေ့တာ မြန်လို့ သမီးလေးအသက်ရှင်တာပါ။ ဒါကို နာကြင်စေမှုလောက်နဲ့ပဲ အရေးယူထားတာကို နားမလည်းပါဘူး။ ထိရောက်တဲ့ပြစ်ဒဏ်ရဖို့ နားလည်သူတွေနဲ့တိုင်ပင်ပြီးအကူအညီတောင်းသွားမှာပါ။"ဟု ကိုစိုးလင်းကပြောသည်။
အဆိုပါ ပြစ်မှုကျူးလွန်သူကို ဒီပဲယင်းမြို့နယ်၊ မူးကမ်းနယ်မြေရဲစခန်းမှ(ပ)၂/၁၆၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဖမ်းဆီးအရေးယူထားသည်။ ကလေး၏ ချက် အထက်နား ဝမ်းဗိုက်ဘယ်ဘက် ၃ လက်မခန့်ပေါက်ပြဲပြီး အူထွက်၊ ညာလက်ကောက်ဝတ်ပေါက်ပြဲ ဒဏ်ရာဖြင့် စိုးရိမ်ရဟု ရဲမှတ်တမ်းတွင်ရေးထားသည်။ ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံမှ ကလေးအားခွဲစိတ်ကုသပေးခဲ့သော ခွဲစိပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမြတ်သူက "ဗိုက်ခွဲတာတော့မဟုတ်ဘူး။ ဓါးနဲ့ထိုးတာပါ။ အတွင်းပိုင်းကို ထိတော့ အူကိုဖြတ်ဆက်ပေးရတယ်။ ကုသမှုကမပြီးသေးတော့ အခြေအနေက ပြောဖို့ခက်ပါတယ်။"ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါကလေးဖြစ်ပွားသည်နှင့် ပတ်သက်၍ ဒီပဲယင်းမြို့နယ်တွင် ထိတ်လန့်မှုဖြစ်နေသောကြောင့် ကျေးရွာတစ်ချို့မှာ အလှည့်ကျစနစ်ဖြင့် လုံခြုံရေးဆောင်ရွက်နေရသည်ဟုလည်း ဒီပဲယင်းမြို့နယ်မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးအေးကျော်ကဆိုသည်။ ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းတောကျေးရွာမှ ကိုကျော်စိုးက "ကျွန်တော်တို့ရွာမှက တကယ်ဖြစ်ထားတာဆိုတော့ အားလုံးကစိုးရိမ်နေကြတယ်။ ကျွန်တော်တို့မှာ ရွာထဲလူစိမ်းဝင်ရင်ကို မျက်စိဒါက်ထောက်ကြည့်နေရတယ်။ တခြားရွာတွေမှာလည်း ဒီလိုတွေကြားနေရတော့ ကလေးတွေ စိတ်မချဖြစ်ပြီး တောထဲမသွားရဲ၊ လယ်ထဲမဆင်းရဲဖြစ်နေတယ်။"ဟု ပြောသည်။ ဗိုက်ခွဲခံရသည့် ကလေးသည် ရွှေဘိုပြည်သူ့ဆေးရုံတွင် ယနေ့အချိန်ထိ ကုသနေရဆဲဖြစ်ပြီး ဆေးရုံမှဆင်းရမည့်ရက်ကို မသိသေးကြောင်း ကလေးမိဘများကဆိုသည်။ အဆိုပါပြစ်မှုကျူးလွန်သူသည် ရန်ကုန်မြို့တွင် အလုပ်သွားလုပ်နေသူဖြစ်ပြီး ရွာသို့ပြန်ရောက်သည်မှာ ၈ ရက်သာ ရှိသေးသည်ဟုလည်း ဒေသခံများကဆိုသည်။
No comments:
Post a Comment