Saturday, February 27, 2016

ဖခင်စိတ်ဖြင့် အုပ်ချုပ်ကြရန် တပ်မှူးများကို ကာချုပ် ညွှန်ကြား

မဇ္ဈိမ

တပ်မတော်၏ စွမ်းရည် ကောင်းမွန်မှုသည် ခေါင်းဆောင်မှု ကောင်းမွန်မှုအပေါ်တွင် တည်မီနေပြီး အုပ်ချုပ်ရာတွင် ဖခင်စိတ် မွေးမြူလျက် အုပ်ချုပ်ကြရန် တပ်မှူးများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်သည်။

“ခေါင်းဆောင်မှု ကောင်းမွန်မှသာ တပ်များ စွမ်းရည် ထက်မြက် ကောင်းမွန်မည် ဖြစ်ကြောင်း၊ ဖခင်စိတ်နှင့် တပ်မှူးစိတ်ယှဉ်၍ လုပ်သင့်လုပ်ထိုက် သည်များကို မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်၏ အုပ်ချုပ်မှုသည် တပ်၏ လုပ်ဆောင်ချက်များ အပေါ် အကျိုး သက်ရောက်မှု များစွာ ရှိသဖြင့် ဖခင်စိတ်ဖြင့် ညီညွှတ် မျှတစွာ အုပ်ချုပ်ကြရန် လိုကြောင်း” ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ညွှန်ကြားကြောင်း ဖေဖေါ်ဝါရီလ ၂၂ ရက် မြဝတီသတင်းစာတွင် ဖေါ်ပြသည်။

ကလောတပ်နယ်မှ စစ်ဦးစီးတက္ကသိုလ် သင်တန်းသား အရရှိများနှင့် တွေ့ဆုံစဉ် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး “တပ်မှူးစိတ်ဖြင့် ရဲဝံ့ ပြတ်သားစွာ ဦးဆောင်မှု ပေးရသည်များ ရှိကြောင်း “ငါပြော သလိုလုပ်၊ ငါလုပ် သလိုလုပ်ဟု ပြတ်သားစွာ ဦးဆောင်မှု ပေးရာတွင် မိမိပြောဆို လုပ်ကိုင်မှုများ မှန်ကန်မှသာ လက်အောက်မှ ယုံကြည် လေးစားမှု ရရှိမည်” ဟုလည်း ကာကွယ်ရေး ဦးစီးချုပ်က သတိပေးသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောရာတွင်မူ “ဒီမိုကရေစီ သက်တမ်း ၅ နှစ် ခန့်သာ ရှိသေးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်သင့် ပြင်ထိုက်သည့် အချက်များကို သင့်လျှော်သည့် အချိန်တွင် ပြုပြင်ရမည်” ဟု ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍မူ လက်နက်ကိုင် ပဋိပက္ခများသည် မဖြစ်မနေ ဖြေရှင်းရမည့် အခြေအနေဟု ဆိုထားပြီး “လက်နက် စွဲကိုင်ပြီး ဒီမိုကရေစီ ဖော်ဆောင်၍ မရနိုင်ကြောင်း၊ ဒီမိုကရေစီ စနစ်ကို လက်ခံပါက လက်နက် စွန့်လွှတ်၍ တရားဥပဒေနှင့် အညီသာ ရယူလိုသည့် တောင်းဆိုမှုများ ပြုလုပ် ရမည်” ဟု ပြောဆိုခဲ့သည်။

No comments: