Monday, February 29, 2016

မင်းတပ်မြို့ စည်ပင်ဈေးမီးလောင်မှု ကျပ်သိန်း ၇၀ ကျော်ဆုံးရှူံးဟုဆို

Khonumthung


ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆိုင်ခန်းပေါင်း ၃၈ ခန်းမီးလောင်ကျွမ်းခဲ့သော မင်းတပ်မြို့ စည်ပင်ဈေး၏ ဆုံးရှူံးမှုပမာဏမှာ ကျပ်ငွေ သိန်း ၇၀ ကျော်ရှိသည်ဟု မင်းတပ်မြို့အုပ်ချူပ်ရေးမှူး ဦးငွေဒိုးကပြောသည်။

“ မီးသတ်ဦးစီးဌာနရဲ့ တွက်ချက်မှုအရ ၇၁ သိန်း ၂ သောင်း ဆုံးရှူံးသွားတယ်လို့သိရတယ်၊ မီးသတ်ရဲ့နှုန်းထားနဲ့ထွက်ချက် တာပေါ့’’ ဟု ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ စည်ပင်ဈေးသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၂ နာရီခွဲခန့်က စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီခွဲခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး ဆိုင်ခန်းပေါင်း ၃၈ ခန်းနှင့် လူမှုဝန်ထမ်းအဆောက်အအုံတစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မင်းတပ်မြို့အခြေစိုက် We Love Chinland အဖွဲ့၏ ဥက္ကဌလည်းဖြစ် မင်းတပ်လူငယ်ခေါင်းဆောင်လည်းဖြစ်သည့် ကိုဆလိုင်းရှယ်အောင်ကတော့ စည်ပင်ဈေးမီးလောင်ကျွမ်းမှု၏ဆုံးရှူံးမှုပမာဏမှာ ကျပ်ငွေ သိန်းထောင်ချီရှိနိုင်ကြောင်း ပြောဆိုသည်။

“ သူတို့ဘယ်လိုထွက်ချက်သလဲတော့မသိဘူး ဒါပေမယ့် ဘယ်လိုမှမဖြစ်နိုင်ဘူး သိန်း ၇၀ ဆိုတာ အိမ်တစ်လုံးလက်ခ လောက်ဘဲရှိတာလေ၊ သာမန်အရပ်သားတစ်ယောက်အနေနဲ့တွက်မယ်ဆိုရင်တောင် သိန်းထောင်ချီဆုံးရှူံးနိုင်တာပေါ့’’ ဟု ဆလိုင်းရှယ်အောင်ကပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ သားသတ်လိုင်စင်ရယူထားသော ဦးအောင်လောဟာ၏ သားဖြစ်သူက ဖခင်ဖြစ်သူ နှင့်စကားများပြီး မကျေနပ်သဖြင့် ဈေးဆိုင်ခန်းကို မီးရှို့ခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးငွေဒိုးက ပြောသည်။

“ သားဖနှစ်ယောက်ရန်ဖြစ်ပြီးတော့ သားဖြစ်သူက အ၀တ်အစားတွေမီးရှို့တယ် အဲဒီကနေ စလောင်တာပေါ့၊ သူ့ကိုလည်း ကျနော်ဖမ်းထားပြီးပါပြီ အချူပ်ထဲရောက်နေပါပြီ’’ ဟု အုပ်ချူပ်ရေးမှူးကဆက်ပြောသည်

No comments: