Saturday, February 27, 2016

အပစ်မရပ်လက်မှတ်မထိုးသေးသည့် UNFC ငြိမ်းချမ်းရေးဖြစ်စဉ်၌ ဆက်လက် လက်တွဲနိုင်ရန် ဆွေးနွေး

ဖနိဒါ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်(NCA) လက်မှတ်မထိုးသေးသော တိုင်းရင်းသားအဖွဲ့အစည်းများ ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်က တစ်နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 ပြီးခဲ့သည့် ဇန်နဝါရီလက ကျင်းပခဲ့သော ပြည်ထောင်စု ညီလာခံနှင့် ပတ်သက်၍ လာရောက်ဆွေးနွေးခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်နှင့် ငြိမ်းချမ်းရေး ဆက်လက် လုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။ “ကျနော်တို့ ပြည်ထောင်စု ညီလာခံကြီး လုပ်တဲ့ဥစ္စာကိုလာပြီး ပြောပြတာပါ။ ဒါကတော့ ကျနော်တို့ တံခါးမပိတ်ထားဘူး။ ကြိုးစားနေတယ်။ ဒါကတော့ အဆင့်လိုက်ကြိုးစားရမှာပေါ့ဗျာ”ဟု ဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များကို ပြောသည်။ ယနေ့ ဆွေးနွေးမှုသည် UNFC အနေဖြင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး ဆက်လက် လုပ်ဆောင်ရန် အတွက် နည်းလမ်းများ ဆွေးနွေးနွေးကာ အမြင်သဘောထားများ ဖလှယ်ခဲ့ကြသည်ဟု UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။ “အရင်က မပြီးပြတ်သေးတဲ့ကိစ္စကို ကျနော်တို့ဘယ်လို ရှေ့ဆက်လက်တွဲပြီး လုပ်ကြမလဲပေါ့။ အဖြေရှာကြဖို့ အဲဒါလေးပဲ ယေဘုယအားဖြင့် နည်းလမ်းတွေ ဘယ်လို ရှာကြံရင် ရနိုင်မလဲဆိုတဲ့ဟာလေးပဲ အဓိကထားဆွေးနွေးကြတာပါ။ အမြင်သဘောထားချင်း ဖလှယ်ကြတာလည်း ပါတာပေါ့နော်” ဟု သူက ပြောသည်။

“ကျနော်တို့ အရင်ကလုပ်ခဲ့တဲ့ လုပ်ငန်းအဆက်အစပ်ကို ကျနော်တို့ ဘယ်လို ဆက်လုပ်မယ်ဆိုတဲ့ ကျနော်တို့ နှစ်ဖက်စလုံးက ဆန္ဒရှိတလား။ ဘယ်လို ဆန္ဒရှိသလဲ။ ဘယ်လို ဆက်လက်ဖို့ စဉ်းစားထားချက် ရှိသလဲပေါ့။ အဲဒါလေးကို နှစ်ဦးနှစ်ဖက် အသိပေးတဲ့သဘောလည်း ကျပါတယ်” ဟု ခူဦးရယ်က ဆက်လက် ပြောဆိုသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်ရန်နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ရှေ့ဆက် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်တွေ့ဆုံရန် လိုအပ်မည်ဟု သူက ပြောသည်။ UPWC ဘက်မှ ဝန်ကြီး ဦးအောင်မင်းနှင့် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC)မှ ဦးလှမောင်ရွှေ၊ ဦတင်မောင်သန်း၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးညိုအုန်းမြင့်တို့ ၇ ဦးနှင့် UNFC မှ ဒုဥက္ကဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး ခူဦးရယ်၊ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးချုပ် စိုင်းထူး၊ ဦးထွန်းဇော်တို့ ပါဝင်ဆွေးနွေးခဲ့သည်။

 NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများအား လက်မှတ်ရေးထိုးနိုင်ရန် နည်းလမ်းများ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်ဒပြည်တပ်မတော်(RCSS/SSA)နှင့် ငြိမ်းချမ်းရေးကိစ္စများ ဆက်လက်အကောင်အထည်ဖော်ရေး နှင့် TNLA တို့ တိုက်ဖွဲ့ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ တိုက်ပွဲများ လျော့ချနိုင်ရေးကိစ္စများ ဆွေးနွေးရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့သည် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ် ယွက်ဆစ် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ညနေပိုင်းတွင် ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီး လက်ရှိ ရရှိထားသော ငြိမ်းချမ်းရေးဖြစ်လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားရေးနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး(TNLA) နှင့် တိုက်ပွဲ ဖြစ်ပွားနေမှု ရန့်တန်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု RCSS မှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးစိုင်မိဏ်းက သတင်းထောက်များကို ပြောသည်။ “ရှေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါပဲ။ အစိုးရ သစ်တက်လာမဲ့ကာလမှာ ကျနော်တို့ MPCနဲ့လက်တွဲ လုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးမှာ ဘယ်လို လက်တွဲ လုပ်ဆောင်သွားဖို့ ရှိသလဲ၊ အမ်ပီစီက ဖျက်သိမ်းသွားဖို့ရှိလား။ ဒါမှမဟုတ် ဒီအတိုင်းဆက်သွားဖို့ ရှိလား။ ကျနော်တို့ကတော ငြိမ်းချမ်းရေးအပေါ်မှာ ဆက်လက် လျှောက်လှမ်းသွား ဖို့ပါ။ ၂ အချက်က တိုက်ပွဲဖြစ်နေတဲ့ကိစ္စမှာ ကျနော်တို့ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့က အမြဲတမ်းဘဲ တံခါးဖွင့်ထားတယ်”ဟု သူက သတင်းထောက်များကို ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး RCSS အနေဖြင့် NCA ချိုးဖောင်ခြင်း မဟုတ်သလို၊ NCA ကြောင့် တပ်မတော်နှင့် ပူးပေါင်းတိုက်ခိုက်နေခြင်းလည်း မဟုတ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။ RCSS ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားရန်၊ TNLA နှင့် တိုက်ပွဲ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ NCA အတူတကွ လက်မှတ်ရေုးထိုးကာ နိုင်ငံရေးအတူတကွ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း သူက ပြောသည်။

No comments: