Monday, February 29, 2016

စစ်တပ်က ပါတီစုံလမ်းကြောင်း ဆက်လျှောက်မည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော

DVB


တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို ဆက်လက်ထိန်း သိမ်းလျှောက်လှမ်းသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းအနီး ပင်လယ်ပြင်မှာ တပ်မတော်ရေရဲ့ စစ်ရေးလေ့ကျင့်မှုကို သွားရောက်ကြည့်ရှုအပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ တာ ဖြစ်ပါတယ်။

“နိုင်ငံတော် အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ပါတီစုံဒီမိုကရေစီစနစ်၏ ပထမခြေလှမ်း လျှောက်လှမ်းခဲ့ရာ တပ်မတော်အနေဖြင့် ယင်းလမ်းကြောင်းတွင် ခိုင်ခိုင်မာမာဖြင့် မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရေး ၀ိုင်းဝန်းထိန်းသိမ်းလုပ်ဆောင်ခဲ့ကြောင်း၊ အလားတူ ဒုတိယသက်တမ်းတွင်လည်း ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှု ရရှိအောင် ကာကွယ်စောင့်ရှောက် ရမည်ဖြစ်သကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်လည်း လုပ်ဆောင်ရ မည်ဖြစ်ကြောင်း”ပြောခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တပ်မတော်ရေအနေနဲ့ ၂၀၁၄ ခုနှစ်ကစပြီး စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ရာမှာ အခု ကိုကိုးကျွန်းအနီး ပင်လယ်ပြင်မှာလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုဟာ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။

အခု စစ်ရေးလေ့ကျင့်မှု နယ်မြေအတွင်း ဖေဖော်ဝါရီ ၂၅ ရက်က မြန်နှုန်းမြင့်လေယာဉ်တွေ ဖြတ်သန်းဝင်ရောက်သွားတယ်လို့ စစ်တပ်က သတင်းထုတ်ပါတယ်။

တခါ အဲ့ဒီစစ်ရေးပြမှုအတွင်း ပေါက်ကွဲမှုကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းက မြို့တချို့မှာ ငလျင်လှုပ်သလို တုန်ခါမှု ဖြစ်ပေါ်ခဲ့ပြီး ဒီသတင်းနဲ့ပတ်သက်လို့တော့ စစ်တပ်က အတည်မပြုပါဘူး

No comments: