Saturday, February 27, 2016

လွှတ်တော်ဥက္ကဋ္ဌ ရသည့်ကားများ ပြန်ပြင်သုံးနေရ

မင်းမင်း

တာဝန်စတင်ထမ်းဆောင်နေပြီဖြစ်သည့် တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဌများ၏ အဆောင်အယောင်အဖြစ်ရရှိထားသော မော်တော်ယာဉ်များသည် ပြန်လည်ပြင်ဆင်ပြီးမှ သုံးစွဲရန်အဆင်ပြေမည်ဟု လွှတ်တော်ဥက္ကဌများ၏ ယာဉ်မောင်းများက ပြောသည်။

လက်ရှိ တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဌများ အဆောင်အယောင်အဖြစ်ရရှိထားသော မော်တော်ယာဉ်များမှာ ဆီစားများခြင်း၊ ကားဘော်ဒီအောက်ပိုင်း ပြင်ဆင်ရန်လိုအပ်နေခြင်း၊ မောင်းနှင်နေစဉ် ရပ်တန့်သွားခြင်းနှင့် အချို့ကားများမှာ စက်နှိုး၍ပင်မရဟု တိုင်းနှင့်ပြည်နယ် လေးခုမှ လွှတ်တော်ဥက္ကဌများ၏ ယာဉ်မောင်းများက ဆိုသည်။

ဖေဖော်ဝါရီ ၂၂ရက်က နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် I-12တွင် တိုင်းနှင့်ပြည်နယ် ၁၂ခုမှ လွှတ်တော်ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုတွင် လွှတ်တော်ဥက္ကထများအား လာရောက်ပို့ဆောင်ပေးသော ယာဉ်မောင်းများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဒီကားကြီးလည်း မောင်းသာမောင်းလာတာ၊ ဘုရားတပြီးမောင်းလာရတာ။ ဒီကားကြီးက နောက်ကပန့်ခ် လဲရမယ်။ အောက်ပိုင်းပြန်လုပ်ရမယ်" ဟု ပဲခူးတိုင်းလွှတ်တော်ဥက္ကဌ၏ ယာဉ်မောင်းဖြစ်သူ ဦးဥာဏ်စိုးက ပဲခူးမြို့မှ နေပြည်တော်သို့ မောင်းနှင်လာသည့် အခြေအနေကို ပြောသည်။

နေပြည်တော်သို့စီးနှင်းလာသည့် LANDCRUISERမော်တော်ယာဉ်မှာ နေပြည်တော်လာခါနီးမှ တာယာဘီးတစ်ဘီးလဲလှယ်ပြီး မောင်းနှင်းလာရကြောင်း၊ တာယာဘီးလဲလှယ်ရာတွင်ကုန်ကျသည့် ကျပ်ငွေတစ်သိန်းခွဲကိုလည်း လွှတ်တော်ဥက္ကဌမှ ချေးငှား၍ လှဲလှယ်တပ်ဆင်လာခြင်းဖြစ်ကြောင်း ဦးဥာဏ်စိုးက မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်းလွှတ်တော်ဥက္ကဌ အဆောင်အယောင်အဖြစ်ရရှိထားသော ပဲခူးတွင်ကျန်ရှိနေနေသည့် အခြားမော်တော်ယာဉ်တစ်ဦးမှာလည်း "အနက်ဆိုရင်လည်း ၇၀၀၁ဆိုရင်လည်း ဟိုနေ့ကမှ ဥက္ကဌလည်းပါတယ်။ မောင်းနေရင်းနဲ့ထိုးရပ်သွားတယ်။ စက်ဆရာကိုဖုန်းလှမ်းဆက်ပြီးတော့ လာဆွဲခိုင်းရတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

အလားတူအခြေအနေများကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် တင်ပြခဲ့သေးသည်ဟု ကချင်ပြည်နယ်လွှတ်တော်၏ ဒုတိယဥက္ကဌ ဦးဒိန်ခန်ဖုန်က ဆိုသည်။

"ဆီစားနှုန်းထားများတော့ပေါ့။ ကားတွေကလည်း ကွာလတီမမှီဘူး။ အဲ့ဒါတွေအမြန်ဆုံးစီစဉ်ပေးဖို့ ကျွန်တော်တို့တင်ပြတယ်။ အစိုးရဖွြဲ့ပီးနောက်ပိုင်း စီစဉ်ပေးမယ်လို့ (ဒေါ်အောင်ဆန်းစုကြည်က)ပြောပါတယ်" ဟု ဦးဒိန်ခန်ဖုန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုအပြီးတွင် သတင်းထောက်များကို ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော်၏ ဒုတိယဥက္ကဌဖြစ်သူ ဦးလင်းနိုင်မြင့်ကမူ လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကများ၏ မော်တော်ယာဉ်များကိုရည်ညွှန်းကာ "အဲ့ဒါတွေက အကုန်လုံးမြင်ရတဲ့အတိုင်းပဲ။ ဒါကလည်း ပြည်သူတွေလည်း ဆင်းရဲနေတာပဲ။ ဒါကတော့ ကျွန်တော်တို့အတွက် သိပ်တော့အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး" ဟု ဆိုသည်။

No comments: