မေစစ်ပိုင်
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း စေတီတဆူဖြစ်သည့် ပြဿဒ်ကြီး ဘုရားပေါ်တွင် ပျော်ပါးကခုန်မှုများ ပြုလုပ်ခဲ့သည့် ကုမ္ပဏီကို ဥပဒေကြောင်းအရ ဆောင်ရွက်ရန် စိစစ်နေကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိရသည်။
“ကျနော်တို့လည်း ဥပဒေကြောင်းအရ ဆောင်ရွက်နေတယ်။ ပြန်ပြီးတော့ စိစစ်နေတယ်။ ကျနော်တို့သည် အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ဆောင်ရွက်လို့ မရဘူး။ အခုတော့ ကုမ္ပဏီကို သတိပေးထားပြီးပြီ။ သူတို့ကလည်း တောင်းပန်ထားတယ်။ အဲဒီအပြင် ဌာနဘက်ကထပ်ပြီး လုပ်နိုင်ကိုင်နိုင်မယ့် အနေအထားတွေကို စိစစ်နေတယ်” ဟု အဆိုပါဌာန၏ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီခန့်က ပုဂံရှိ ပြဿဒ်ကြီး ဘုရားပေါ်တွင် Lucky Time Trading Co.,Ltd. မှ ဝန်ထမ်းများ ပျော်ပါးကခုန်မှုနေသည့်ပုံများ လူမှုကွန်ရက် ဖေ့စ်ဘွတ်စ် စာမျက်နှာတွင်ပျံ့နှံ့ခဲ့သည်။
Lucky Time Trading Co.,Ltd. က ၎င်းတို့ကုမ္ပဏီ၏ ခရီးစဉ် ပြီးဆုံးပြီဖြစ်သဖြင့် ပုဂံ၏ အလှအပနှင့် ရှုခင်းများကို ခွဲခွာရခါနီးတွင် နှုတ်ဆက်ရင်း ပျော်ရွှင်စွာ ကခုန်မိခဲ့ကြောင်း၊ အဆိုပါအပြုအမှုသည် ဘာသာရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရ လည်းကောင်း၊ လျော်ကန်မှု မရှိခဲ့ခြင်းအပေါ် အနူးအညွတ် တောင်းပန်အပ်ကြောင်း ယနေ့ထုတ် အစိုးရပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
တချို့သူများသည် သတ်မှတ်သော နေရာထက်လွန်၍ ယဉ်ကျေးမှုအရ ဘုရားစေတီများကို အဂါရဝ ဖြစ်စေခြင်း၊ အရက်ဘီယာ သောက်၍ ဘုရားပစ္စယံများပေါ် တက်ခြင်း၊ အဂါရဝဖြစ်စေသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခြင်း၊ ကခုန်ခြင်း၊ အိပ်စက်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း စသည့် ပြုမူဆောင်ရွက်မှုများ ပြုလုပ်လာကြသည်ကို လူမှုကွန်ရက် (FaceBook) တွင် ဖော်ပြမှုအရ လည်းကောင်း၊ သတင်းပေးပို့သည့် ဓာတ်ပုံများအရ လည်းကောင်း သိရှိရသည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
ထိုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီများနှင့် အဆောက်အအုံများပေါ် တက်ရောက်၍ နေ၀င်နေထွက်ချိန် မြင်ကွင်းများကို လာမည့် မတ်လ ၁ ရက်မှ တားမြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာချက်ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများ ရှိခဲ့ရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း စေတီတော်များနှင့် အဆောက်အအုံများအနက် နေဝင်ချိန်မြင်ကွင်း ကောင်းမွန်သည့် ရွှေဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီဟူသည့် ဘုရား ၅ ဆူမှ လွဲ၍ တခြားစေတီများနှင့် အဆောက်အအုံများသို့ တက်ရောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း အသိပေး ကြေညာချက်ကို ဖေဖော်ဝါရီ ၂၃ ရက်က ပြောင်းလဲထုတ်ပြန်လိုက်သည်။
No comments:
Post a Comment