Thursday, February 11, 2016

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချင်း ပစ်ခတ်၊ ရွာသားများ ရာနှင့်ချီထွက်ပြေး

နန်းမြနဒီ


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့နဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ကို တိမ်းရှောင်နေရပါတယ်။

ကျောက်မဲမြို့ အနောက်မြောက်ဘက် ၄၁ မိုင်အကွာ တော့ဆန်ကျေးရွာမှာ ပစ်ခတ်ကြ တဲ့အတွက် ရွာ သားပေါင်း ၁၀၀ ကျော်ဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းမှာ ကျောက်မဲမြို့ သီဟိုကျောင်းတိုက်ကို ထွက်ပြေးလာကြတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတဦးဖြစ်တဲ့ ဦးစိုင်းအောင်လွင်က ဒီဗွီဘီကို ပြောပါ တယ်။

“ရှမ်းတပ်တွေက ကျနော်တို့ရွာအပြင်ဘက် တောင်ကုန်းမှာရှိတယ်၊ တအာင်းတပ်ဖွဲ့ တွေက ရွာထဲမှာလာ နေတယ်၊ အင်အား ၁၀၀ လောက်ရှိမယ်ထင်တာပဲ။ ဖေဖော်ဝါရီလ ၇ ရက်နေ့မနက်ကစပြီး ဒီဘက်နဲ့ ဟို ဘက် ပစ်ကြတယ်၊ နေ့တိုင်းလိုပဲ မနက် ၅ နာရီခွဲ ၆ နာရီလောက်ဆို သေနတ်သံစကြားရပြီ၊ ည ၁၂ နာရီ လောက်မှ အသံတိတ်တယ်။ ရွာထဲကလူတွေ အိမ်ပြင်မထွက်ရဲဘူး၊ အလုပ်လည်းမလုပ်ရဘူး၊ လက်ဖက်ခြံ မဆင်းရတာ ၃ ရက်ရှိပြီ။ သူတို့ ပစ်တဲ့နေရာက စာသင်ကျောင်းနဲ့လည်းနီးတော့ ဒီနေ့ ထွက်ပြေးလာတဲ့ ထဲမှာ တွဲဘက် အထကကျောင်းက ပညာရေးဝန်ထမ်း ၂၄ ဦးပါတယ်၊ ကျောင်းသူကျောင်း သားတွေလည်း ပါ တယ်။”

တော့ဆန်ကျေးရွာမှာ ၀မ့်ကတ်ရပ်ကွက် နဲ့ ၀မ်လုန်ရပ်ကွက် ၂ ခုရှိရာ အခုတသုတ်က ၀မ့်ကတ်ရပ်ကွက်က ဖြစ်ပြီး ကျန်တဲ့ ၀မ်လုန်ရပ်ကွက်က လူတွေကို သွားကြိုဖို့ သီဟိုကျောင်းဆရာတော်ရဲ့ စီစဉ်မှုနဲ့ ကား ၆ စီး လောက် ထွက်သွားပြီလို့ သူက ဆက်ပြော ပါတယ်။

တော့ဆန်ကျေးရွာအုပ်စု ၀မ့်လုံရွာမှာတော့ ဖေဖော်ဝါရီ ၉ ရက် မနက် ၇ နာရီခွဲက လက်နက်ကြီးထိမှန်တဲ့ အ တွက် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့ မနက် ၇ နာရီခွဲက ကျနော်တို့ရွာထဲကို လက်နက်ကြီးကျလာတယ်၊ ထရံကာ သွပ်မိုး အိမ် ၃ လုံး လောင်သွားတယ်။ ဦးကျော်သိန်းတို့အိမ်ရယ်၊ ဒေါ်သောင်းတင်တို့အိမ်ရယ်၊ နန်းအေးမေတို့အိမ်ရယ်၊ သူတို့မိသားစုတွေအားလုံး လူတဆယ်ကျော် နေစရာမရှိတော့ဘူး၊ ပစ္စည်းတွေလည်း အကုန်မီးထဲပါသွားတယ်၊ အခုသူတို့ဆွေမျိုးတွေနဲ့ သွားနေနေရတယ်။”

ဒီနေ့လည်း ပစ်ခတ်သံတွေ ကြားနေရပြီး တီအန်အယ်လ်အေတပ်ဖွဲ့ဝင်တွေ ရွာထဲမှာ ရှိနေတဲ့အတွက် ရွာ သားတွေ အိမ်ပြင်မထွက်ရဲကြောင်း၊ တဦးတည်းလည်း မနေရဲဘဲ ၃ – ၄ အိမ်တနေရာစု နေထိုင်ကြပြီး အ လုပ်အကိုင်ပျက်၊ အထိတ်တလန့်နေထိုင်နေရတဲ့အတွက် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နိုင်ငံရေး ပါတီတွေကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် ပြည်နယ်လွှတ်တော်အစည်းဝေးကိစ္စနဲ့ တောင်ကြီးရောက်နေတဲ့ ကျောက်မဲမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းထွန်း ဉာဏ်ကလည်း တော့ဆန်ရွာသားပေါင်း ၃၀၀ ကျော် ပန်စံရွာဘက် ထွက်ပြေးတိမ်း ရှောင်သွားသလို မင်းကုန်းရွာသား ရာနဲ့ချီပြီး မိုင်းလုန်ဘက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ် ညောင်မောင်းရွာမှာ တီအန်အယ်လ်အေက လူ ၇ ဦးကို ဖမ်းခေါ်သွားတဲ့ကိစ္စ၊ မတ်မီးကျေးရွာက ဆရာတော်တပါး ရိုက်နှက်ခံရပြီး ကွယ်လွန်သွား တဲ့ကိစ္စ၊ အိမ်မီးလောင်တဲ့ကိစ္စနဲ့ပတ် သက်လို့ ရွာသားတွေရဲ့ တိုင်ကြားချက်တွေ လက်ခံရရှိပြီး ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အ ရေးကြီးအဆိုတင်သွင်းဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ အချက်အလက်စုဆောင်းပြင်ဆင် နေတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တီအန်အယ်လ်နိုင်ငံခြား ဆက်ဆံရေးတာဝန်ခံ တာပန်လကို ဒီဗွီဘီက ဆက်သွယ်မေး မြန်း ရာ မှာ “တော့ဆန်ရွာမှာ လက်နက်ကြီးကျလို့ အိမ်တလုံး မီးလောင်ပျက်စီးသွားတာ အတည်ပြုပါ တယ်။ ကျနော်တို့မူအရ ရွာထဲကို ၀င်ဖို့ တတ်နိုင်သမျှရှောင်တယ်။ ဒါပေမယ့် တိုက်ပွဲကာလမှာတော့ ရှောင်ရှားလို့ မရတဲ့ အခြေအတွေကြောင့် ရွာထဲမှာ တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်၊ ရွာလူထုတွေကို ဖမ်းဆီးတာ၊ နှိပ်စက်တာတွေ မရှိပါဘူး။ သံဃာတပါး ရိုက်နှက်ခံရပြီး ကွယ်လွန်တယ်ဆိုတာလည်း မရှိပါဘူး” လို့ ပြောပါတယ်။

No comments: