Wednesday, June 16, 2010

ရေကူးဝတ်စုံ ကြော်ငြာရိုက်သည့် မြန်မာမော်ဒယ်လ်ကို ဝေဖန်သူများပြား

နရီလင်းလက် Wednesday, June 16, 2010

လန်ဒန်တွင် ကျောင်းတက်ကာ ဓာတ်ပုံ မော်ဒယ်လ် ဖြစ်ရန် ကြိုးစားနေသည့် ဟန်နီဦး ခေါ် Hazel Moe ကို ရေကူးဝတ်စုံ ကြော်ငြာ ရိုက်ကူးခြင်းနှင့် ပတ်သက်၍ မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီခြင်း မရှိကြောင်း ဝေဖန်မှုများ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

ဟန်နီဦးသည် ၁၆ နှစ်သမီး အရွယ်က လန်ဒန်သို့ ရောက်ရှိခဲ့ပြီး မြန်မာ ပြည်တွင် နေထိုင်စဉ် ကတည်းက ကလေး မော်ဒယ်လ် အဖြစ် သရုပ် ဆောင်ခြင်း၊ မဂ္ဂဇင်း မျက်နှာဖုံးများ အတွက် ဓာတ်ပုံ မော်ဒယ်လ် လုပ်ခြင်းများ ရှိခဲ့ပြီး လန်ဒန်တွင် ကျောင်းတက်ရင်း အေဂျင်စီများဖြင့် ချိတ်ဆက်၍ မော်ဒယ်လ် ဖြစ်ခွင့်ရရန် ကြိုးပမ်းလျှက် ရှိကြောင်း သိရသည်။

ရေကူးဝတ်စုံ ၄ စုံ နှင့် ရိုက်ကူးထားသော ဟန်နီဦး၏ ဓာတ်ပုံများနှင့် ၎င်း၏ အလှဓာတ်ပုံများကို မော်ဒယ်လ် ၀က်ဘ်ဆိုက် http://www.purestorm.com/profile.aspx?id=hazelmoe တွင် ကြည့်ရှုနိုင်သည်။

“မြန်မာမျက်စိနဲ့ ကြည့်ရင်တော့ မကောင်းဘူး အပြောခံရမှာ ဖြစ်သလို မကောင်းတဲ့ အမြင်တမျိုး မြင်သွားစေနိုင်ပါတယ်။ ဒီရေကူးဝတ်စုံ ဝတ်တာနဲ့ ပတ်သက်ပြီး ညီမကို မေလ်းတွေကနေ ဝေဖန်တာတွေ အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ ကတော့ အနုပညာတခုဖန်တီးတယ်၊ အလုပ်တခုလုပ်တယ်လို့ သဘောထားပြီး မြင်စေချင်ပါတယ်” ဟု ဟန်နီဦးက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ သူက “ပြည်တွင်းမှာ ဒီ မော်ဒယ်လ် တယောက်တည်းကပဲ မင်းသမီးလည်းလုပ်တယ်၊ ကြော်ငြာလည်း ရိုက်တယ်။ ပြည်ပမှာကျတော့ လိုင်းတခုတည်းနဲ့ ရပ်တည်လို့ ရအောင် ငွေကြေးရရှိမှုမှာ ကွာခြားတယ်” ဟု မော်လ်ဒယ်လ် များ၏ မြန်မာပြည်တွင်းနှင့် ပြည်ပ အခြေအနေကို နှိုင်းယှဉ်ပြသည်။

မြန်မာပြည်တွင် မော်ဒယ် အေဂျင်စီနှင့် သင်တန်း ဖွင့်လှစ်ထားသူ တဦးကလည်း မြန်မာပြည်မှ မော်ဒယ်လ်များအနေနှင့် တခြား အာရှနိုင်ငံများအထိ ဈေးကွက် မချဲ့ထွင်နိုင်ရခြင်းမှာ မြန်မာ မော်ဒယ်လ် များ၏ ညံ့ဖျင်းမှုကြောင့် မဟုတ်ဘဲ အခွင့်အရေးရရှိနိုင်ရန် ခက်ခဲနေခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

“မော်ဒယ်တွေရဲ့ အနုပညာ ဖန်တီးမှုတွေ ပိုပြီးပြသနိုင်တဲ့၊ လွတ်လပ်စွာဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ပြည်တွင်းမှာ အပိတ်ခံထား ရတာကြောင့်လည်း တခြားနိုင်ငံတွေအထိ ဈေးကွက် မချဲ့ထွင်နိုင်တာပါ” ဟု ၎င်းက ပြောသည်။

ယဉ်ကျေးမှုနှင့် အနုပညာကို ကွဲပြားခြားနားစွာ ကြည့်မြင်လက်ခံပေးနိုင်မှု မရှိသေးသည့် အားနည်းချက်များကြောင့် နိုင်ငံတကာ အဆင့်သို့ မြန်မာမော်ဒယ်လ်များ ယခုအချိန်အထိ မရောက်လာနိုင်သေးကြောင်း သူက ဆိုသည်။

“အ၀တ်အစား ကြော်ငြာရင် အင်္ကျီဒီဇိုင်းပေါ်ဖို့ အတွက် နည်းနည်းဟိုက်သွားတာ ရှိရင် ရှိမယ်၊ တိုသွားတာရှိရင် ရှိမယ်။ ဒါတွေကို သတိထားပြီး မပေါ်အောင်လုပ်နေရင် သဘာဝကျတဲ့ ဓာတ်ပုံတပုံ၊ ကြော်ငြာတခု ထွက်လာမှာ မဟုတ်ဘူး။ ဒီလိုတွေ ရိုက်တယ်ဆိုတာကလည်း အားလုံးက အလုပ်တခု လုပ်နေတယ်လို့ သဘောထားတာ။ ခက်တာကလည်း မြန်မာပြည်မှာ ဆင်ဆာပြဿနာရယ်၊ ယဉ်ကျေးမှုဆိုတာကို လွဲမှားစွာခံယူနေတာရယ်ပါပဲ” ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ဆိုသည်။

မြန်မာပြည် ကြော်ငြာဈေးကွက်တွင် မော်ဒယ်လ်များဖြင့် ကုန်ပစ္စည်းကြော်ငြာသည့် ရေစီးကြောင်း ပြောင်းလဲလာပြီးနောက် မော်ဒယ်လ်များ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာခဲ့သည်။

မော်ဒယ်လ်များသည် ကုန်ပစ္စည်းအလိုက်၊ နေရာဒေသအလိုက် သရုပ်ဆောင်ရခြင်းများ ရှိသည်ကို မြန်မာလှုမှုဝန်းကျင်တွင် လက်ခံမှုနည်းပါး နေသေးသည်ဟု မော်ဒယ် ချမ်းချမ်းက ပြောပြသည်။

“ရှိုးပွဲတခု လျှောက်တယ်ဆို ဒီဇိုင်နာ ဆင်ပေးတဲ့ စတိုင်က မြန်မာ မျက်စိ အမြင်နဲ့ မယဉ်ပါးဘူး။ ဒီတော့ လူတွေက သိပ် လက်မခံချင်ဘူး။ မော်ဒယ်လ်နဲ့ မင်းသမီး ၀တ်တာ တူမှ မတူတာ။ ၀တ်စား ဆင်ယင်မှုအရ ယဉ်ကျေးမှု ဆိုတာကို နည်းနည်းလေး လျှော့ပေး သင့်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမျိုးသမီး အငြိမ်းစား ပါမောက္ခ တဦးက နိုင်ငံတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် လိုအပ် သော်လည်း ပြောင်းလဲ လာသည့် ခေတ် အခြေအနေ အလိုက် လက်ခံရမည့် အရာကို လက်ခံရမည် ဖြစ်ကြောင်း၊ ၀တ်စား ဆင်ယင်မှု၊ နေထိုင် သွားလာမှု မပြောင်းလဲခြင်းက ယဉ်ကျေးမှုကို ထိန်းသိမ်းသော မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဖက်ရှင် မော်ဒယ်လ်၊ ဓာတ်ပုံ မော်ဒယ်လ်တွေက မြန်မာ့ အသိုင်းအ၀န်းမှာ လက်ခံမှု နည်းနေသေးပေမယ့် မြန်မာအမျိုးသမီး တယောက် အနေနဲ့ Playboy မော်ဒယ်လ် သဘောမျိုး၊ Nude မော်ဒယ်လ် သဘောမျိုးမဟုတ်ဘူးဆိုရင် သူ ၀ါသနာပါတဲ့ အနုပညာတခု လုပ်တယ်လို့ လက်ခံနိုင်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

ဟန်နီဦး (ခေါ်) Hazel Moe ၏ ဓာတ်ပုံဝက်ဆိုက်လင့်လိပ်စာများ
http://www.purestorm.com/profile.aspx?id=hazelmoe
http://www.facebook.com/home.php?#!/moehazel?ref=ts
http://moehazel.blogspot.com/


တရုတ် ဂျက်လေယာဉ် အစီး ၅၀ ဝယ်ယူ

ဧရာဝတီ Wednesday, June 16, 2010

စစ်အစိုးရက လေတပ်မတော်ကို အင်အား ဖြည့်တင်းရန် K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် အစီး ၅၀ ကို တရုတ်နိုင်ငံမှ ဝယ်ယူ လိုက်ကြောင်း မိတ္ထီလာ လေတပ် စခန်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

“လေယာဉ် အစိတ်အပိုင်း တွေကို တရုတ်ကနေ ကုန်တင် သင်္ဘောနဲ့ သယ်ပြီး မိတ္ထီလာ လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေးမှာ တပ်ဆင်နေပြီ” ဟု စစ်တပ် အသိုင်း အဝိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလတွင် လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း တရုတ် နိုင်ငံသို့ အလည်အပတ် သွားရောက် ပြီးနောက် ယင်းသို့ ဂျက်လေယာဉ် ဝယ်ယူမှု ပေါ်ထွက် လာခြင်း ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် မြန်မာက ဝယ်ယူ ထားပြီးသော တရုတ်နိုင်ငံလုပ် စစ်လေယာဉ်များ အဆင့်မြှင့်ရေးကို ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်းလည်း သိရသည်။


“K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်တွေကို ဝယ်ရတဲ့ အကြောင်းရင်း ၂ ချက်ကတော့ လေ့ကျင့် သင်တန်းပေးဖို့နဲ့ စစ်ဆင်ရေးမှာ အသုံးပြုဖို့ပါပဲ” ဟု အဆိုပါ နီးစပ်သူက ဆက်လက်ပြောပြသည်။

တရုတ်နှင့် ပါကစ္စတန်တို့ ပူးပေါင်း တီထွင်သော K-8 လေ့ကျင့်ရေး ဂျက်လေယာဉ်ကို K-8 ကာရာကိုရွန် သို့မဟုတ် ဟွန်ဒူ
JL-8 ဟုလည်း ခေါ်ကြသည်။ K-8 ဂျက်လေယာဉ်တွင် တိုက်ချင်းပစ် ဒုံးကျည်နှင့် အခြားဒုံးကျည်များလည်း တပ်ဆင်နိုင်သည်။

၁၉၉၈ နှင့် ၁၉၉၉ တွင်လည်း စစ်အစိုးရသည် တရုတ်မှ K-8 လေ့ကျင့်ရေး ဂျက်လေယာဉ် ၁၂ စီး ဝယ်ယူခဲ့ပြီး ယခုအခါ တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင် ထားရှိသည်။

စစ်အစိုးရသည် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ဒေါ်လာသန်း ၅၇၀ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် အစီး၂၀ ကို ရုရှားမှ ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သေးသည်။

“MiG-29 ဂျက် တိုက်လေယာဉ် အစိတ်အပိုင်းတွေကို ဇူလိုင်နဲ့ စက်တင်ဘာလတို့မှာ ကုန်တင်သင်္ဘောနဲ့ရော လေယာဉ်နဲ့ပါ သယ်ယူမှာ ဖြစ်ပါတယ်” ဟု လေတပ်မှ အဆင့်မြင့် အရာရှိတဦးနှင့် နီးစပ်သူက ပြောသည်။ ထို MiG-29 အစီး ၂၀ ကိုလည်း မိတ္ထီလာလေတပ်စခန်းတွင်ပင် တပ်ဆင်မည်ဟု သိရသည်။

မင်္ဂလာဒုံရှိ လေယာဉ် အဓိက ထိန်းသိမ်းရေး စခန်းကြီးဖြစ်သော လေယာဉ် ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကိုလည်း မိတ္ထီလာမြို့နယ်၊ ရှမ်းတဲရှိ လေကြောင်း အတတ်သင် ဌာနချုပ် အနီး ညောင်ကုန်းသို့ ဇန်နဝါရီလ အတွင်းက ရွှေ့ပြောင်း နေရာချထားခဲ့သည်။

စစ်အစိုးရသည် စစ်ဆင်ရေး စွမ်းရည် တိုးမြှင့်ရန်အတွက် ပုသိမ်နှင့် ဟုမ္မလင်းရှိ လေတပ်စခန်း ဌာနချုပ်များ အပါအဝင် လေတပ် ဌာနချုပ်များ၌ လေတပ်သုံး စစ်လက်နက်နှင့် လေယာဉ်များကို တိုးချဲ့လျက်ရှိကြောင်း ရန်ကုန်ရှိ စစ်တပ်အသိုင်းအဝိုင်းက ဆိုသည်။

ပြီးခဲ့သည့်မေလ နောက်ဆုံးပတ်အတွင်း ကျင်းပသော စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်းအဝေး (လေးလပတ် အစည်းအဝေး) တွင် ငွေစာရင်း ခေါင်းစဉ် ဖော်ပြထားခြင်း မရှိသော စစ်ရေးဘတ်ဂျက် အများအပြား ချပေးလိုက်ကြောင်း စစ်တပ် အသိုင်း အဝိုင်းက ပြောသည်။

၁၉၈၈ မှစ၍ စစ်အစိုးရသည် တရုတ်၊ ရုရှား၊ ယူဂိုဆလားဗီးယားနှင့် ပိုလန်တို့မှ လေ့ကျင့်ရေးနှင့် တိုက်လေယာဉ် အစီး ၂၈၀ ဝယ်ယူခဲ့ပြီးဖြစ်သည်။

ပုသိမ်၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ မြိတ်၊ နမ့်စန်၊ တောင်ငူ၊ မိတ္ထီလာ (ရှမ်းတဲ)၊ မိတ္ထီလာ (မြေပြင် အတတ်သင်)၊ မကွေးနှင့် ဟုမ္မလင်းတို့တွင် အခြေစိုက်ထားသော လေတပ်စခန်း ဌာနချုပ် စုစုပေါင်း ၁၀ ခုရှိသည်။

အသွင်ကူးပြောင်းရေးကြောင့် အပစ်ရပ် SSA နှစ်ခြမ်းကွဲခြင်းမရှိ

မွေခေါဝ်

ဧပြီလနှောင်းပိုင်းက အပစ်ရပ်သျှမ်းပြည်တပ်မတော်ဥက္ကဋ္ဌဗိုလ်ချုပ်လွယ်မောဝ်ဦးဆောင်သည့် တပ်မဟာအချို့ အသွင် ကူးပြောင်းရေးမူ လက်ခံထားသော်လည်း ယနေ့တိုင်တစုံတရာပြောင်းလဲမှုမရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။


ပြည်သူ့စစ်အသွင်ပြောင်းရေးအစီအစဉ်ကို နှစ်လနီးပါးလက်ခံထားသောအပစ်ရပ် SSA တပ်မဟာများနှင့်အသွင်ပြောင်း ရေးလက်မခံသေးသည့်အပစ်ရပ် SSA တပ်မဟာ ၁ တို့ကြား နားလည်မှု ပွင့်လင်းမှုရယူနိုင်ကြသဖြင့် လူထုတို့စိတ်ပူ နေသည့်အတိုင်း အပစ်ရပ် SSA နှစ်ခြမ်းကွဲဖွယ်မရှိနိုင်ကြောင်း အမည်မဖော်လိုသည့် တပ်မဟာ ၁ တပ်မှူးတစ်ဦးက ပြောပါသည်။

“ပြည်သူ့စစ်အသွင်ကူးပြောင်းဖို့တပ်မဟာ ၃, ၇ နဲ့ ဌါနချုပ်တပ်ဖွဲ့တို့ သဘောတူလက်ခံခဲ့ပြီဆိုပေမဲ့ အခုထက်ထိနအဖ တိုက်ရိုက်ထိန်းချုပ်တာမရှိသေးဘူး။ တပ်မဟာအားလုံး မိခင်တပ်မတော်တခုတည်းဖြစ်နေဆဲ။ ပြည်သူလူထုတို့ စိတ်မပူပါနဲ့” ဟု ပြောကြားကြောင်း အမည်မဖော်လိုသည့် ဌာနချုပ် တပ်မှူးတစ်ဦးက ပြောပါသည်။

အပစ်ရပ် SSA တပ်မဟာ ၃ နှင့် တပ်မဟာ ၇ တို့သည် နအဖ ညွှန်ကြားချက်အတိုင်း ယနေ့တိုင် လက်နက်အပ်နှံခြင်း မရှိသေးကြောင်း၊ ဗမာ့တပ်မတော်အရာရှိအယောက် ၃၀ လည်း ၎င်းတို့နှင့်လာရောက်ပူးပေါင်းခြင်းမရှိသေးသကဲ့သို့ လုပ်ငန်းအကောင်အထည် ဖော်ခြင်းလည်းမရှိသေးကြောင်း ဆက်ပြောပြပါသည်။

“တပ်မဟာ ၃ နဲ့ ၇ တို့ကလဲ ပြည်သူ့စစ်တပ်ရင်းဖွဲ့ဖို့တကယ်တမ်း နအဖအရာရှိတွေရောက်လာရင် လက်ခံမဲ့ပုံမပေါ် ပါဘူး” ဟု တပ်မဟာ ၁ အသိုင်းအ၀ိုင်းက ပြောပါသည်။

ဧပြီလနှောင်းပိုင်းက ဗိုလ်ချုပ်လွယ်မောဝ်းနှင့်ဗိုလ်ချုပ်ကိုင်ဖှ ဦးဆောင်၍လားရှိုးတိုင်းမှူးထံ အသွင်ပြောင်းဖို့လူသူ လက်နက် အင်အားစာရင်း တစ်ထောင်ကျော်ပေးအပ်ထားပြီဖြစ်သည်။

သို့သော် လူသူ/လက်နက်/ငွေအား အတောင့်တင်းဆုံးဖြစ်သည့် ဗိုလ်ချုပ်ပန်ဖှ၏ တပ်မဟာ ၁ မှာမူ ယနေ့တိုင် အသွင် ပြောင်းရေးကိစ္စ လက်ခံခြင်းမရှိဘဲ ဆက်လက်တင်းခံနေဆဲဖြစ်သည်။

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား

ရဲဘော်ဖိုးသံချောင်း

နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက်ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာအဝန်းအဝိုင်းမှာ နအဖဗိုလ်ချုပ်တွေ ခံစစ်အနေအထားကနေ မပြောင်းနိုင်တဲ့အပြင် ပိုလို့တောင် နစ်လာနေတဲ့သဘောပါ။ မြွေပူရာကင်းမှောင့်တာလေလား။ ကောက်ကောက်ကျစ်ကျစ် လုပ်တယ်ဆိုတာမှာ အမြဲ အဆင်မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။

နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီးလုပ်မယ်စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာအတွေးအခေါ်နဲ့ နျူကလီးယားဗုံးကိုပိုင်ဖို့ လုပ်တယ်ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလိုဖြစ်ရုံမက တန်ပြန်ဆိုးကျိုးတွေ ထွေးရောဥပဒ်ပါ ဖြစ်ပေါ်လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့လုပ်နေတဲ့ နိုင်ငံခြားရေးဝါဒအောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယားလက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာရပါတော့မယ်။

ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုးခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ်တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာကိုယ်တိုင်ကြေညာထားတဲ့ လက်နက်ချတယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်းပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက်ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ်ဆိုတာကိုသိလို့ ပူပန်တာလား၊ မသိချင်ဟန်ဆောင်ပြီး ပူရုပ်ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှသိမှာပါ။ နိုင်ငံ့အာဏာကို အကြိမ်ကြိမ်သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့စစ်တပ်ဟာ အာဏာလွှဲပြောင်းရေးမှာ အဖုအထစ်ဖြစ်နေရင် လုယူမှာသာဖြစ်တယ်၊ သူတို့အတွက် ဘာမှမချောမွေ့စရာမရှိဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း သူတို့ကို ရှောရှောရှူရှူ အာဏာသိမ်းခွင့်ပေးထားတယ်ဆိုတာကို အဲဒီကပ်ပါး ကလောင်ရှင် မေ့နေဟန် တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးကိုမေးလာရင် အညံ့စားဟာသတခုကို ထုတ်လာတယ်လို့ ပြောရမယ့်အခြေအနေဖြစ်ပါတယ်။ ဗေဒင်မေးနေရင် ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။

သူ့လိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပူပင်နေကြတာတွေအထဲမှာ ရွေးကောက်ပွဲဟာ လုပ်မှလုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လိုလူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော်ကြောဖက်မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကိုအရှက်ပြေဖုံးကွယ်ဖို့အတွက် နအဖဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည်တံခါးဝ ရောက်ကာမှ ပြန်လှည့်ထွက်သွားတာဖြစ်ပါတယ်။ သူတို့လိုလူတွေအတွက်တော့ နအဖက တရားမဝင်တဲ့နည်းနဲ့ (၁ဝ) လ (၁ဝ) ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ လေလည်ပေးလိုက်ပါတယ်။

အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထားသူတွေက အချိန်ဆွဲတာ၊ အချိန်ကစားတာတွေ ပိုပြီးလုပ်နိုင်ပါတယ်။ နအဖသက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင်အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစညအဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ထင်ထားတာထက် ပိုကောက်လိမ့်မယ်ဆိုတာ ထင်ရှားသထက် ထင်ရှားလာတာနဲ့အမျှ ပါတီဝင်သန်းနဲ့ချီ ရှိပါတယ်လို့ ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့်ငွေအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောကို တွေ့နေရပါတယ်။ ဖဆပလအဆက် နု-ဆွေ-ငြိမ်း သမီးတွေဆိုရင်လည်း အသံသိပ်မထွက်နိုင်တော့ပါဘူး။ သူတို့အနေနဲ့ စည်းစိမ်အပြုတ်ခံပြီး ကြံ့ဖွံ့ကိုရင်ဆိုင်ဖို့ဆိုတာကို နှစ်ခါမကပြန်စဉ်းစားနေရပါပြီ။ ဒီနေ့အခါမှာ သူတို့နည်းတူပဲ “ပြည်ပက အထောက်အပံ့မှတပါး အခြားအားကိုးစရာမရှိပြီ” ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရူးနေသူတွေမနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့လှည်းတုတ်အကြားမှာ ဒုက္ခတွေ့နေကြတယ်လို့ဆိုရင် မမှားပါဘူး။

ဒီလိုအချိန်မှာ နအဖဟာ လက်နက်ကိုင်တပ်နောက်ခံမရှိတဲ့ တိုင်းရင်းသားပါတီတွေကိုတော့ မှတ်ပုံတင်ခွင့်တွေ ဖောခြင်း သောခြင်း ထုတ်ပေးနေတာ တွေ့ရပါတယ်။ သူတို့ဘာလို့ ဒီလိုပေးတယ်ဆိုတာကတော့ ရှင်းပါတယ်။ နံပါတ်တစ်က နအဖစစ် အစိုးရဟာ တိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊ နေရာပေးလိုကြောင်း အသားယူချင်လို့ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာနဲ့ပတ်သက်လို့ နာမည်ပျက်လှတဲ့အနေအထားကို တစုံတရာဖာထေးလို့ ရလိုရငြား စဉ်းစားပြီးလုပ်တာ ဖြစ်ပါတယ်။ နံပါတ်နှစ်က တချို့တိုင်းရင်းသားပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲထားတာကို ဖုံးကွယ်နေအောင်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့စစ်အုပ်စုရဲ့ အာဏာချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာမဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာနေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေ ကံကောင်းမှဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့်ကိစ္စကို နအဖစစ်ဗိုလ်တွေက လိုလိုလားလားခွင့်ပြုနေတာဟာ ဘာမှမဆန်းပါဘူး။

တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခုမဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်တမ်းအုပ်ချုပ်မှာက “စစ်ရေးအမြင်ရှိတဲ့” သမ္မတနဲ့ လွှတ်တော်အတွင်းရှိ စစ်တပ်ကိုယ်စားလှယ်အစုက ရွေးတင်လိုက်တဲ့ ဒုသမ္မတတို့သာဖြစ်ပြီး ဒီလွှတ်တော်ဆိုတာက အဲဒီသမ္မတ နှစ်ယောက် ပြောတာတွေကို အတည်ပြုပေးတဲ့ အလုပ်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ပိုတိကျအောင်ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း (၅) မှာ ဒီသမ္မတဆိုသူကို လွှတ်တော်မဖြတ်သန်းဘဲ လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားပါသေးတယ်။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလို သမ္မတက လွှတ်တော်ကို အတည်ပြုခိုင်းတယ်ဆိုရင် ဘယ်သူကဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလိုလွှတ်တော်မျိုးမှာ ကိုယ်စားလှယ် လုပ်ရတယ်ဆိုတာဟာ တိုက်ကြက်အတွက် အနာခံလေ့ကျင့်ပေးရတဲ့ ခွပ်လက်ခံကြက် ဘဝလောက်တောင်မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တွေရလေ့ရှိတဲ့ လှုပ်ရှားခွင့် စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။ တကယ်တော့ လူတချို့ဟာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခွင့်ရတဲ့ စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။



တရုတ်နယ်စပ် လောင်းကစားရုံ ဖွင့်ပြန်

သျှမ်းသံတော်ဆင့်

စစ်ထောက်လှမ်းရေးဟောင်း တစ်ဦး၏ တိုင်တန်းမှုကြောင့် ဧပြီလ ၂၉ ရက်နေ့ ကတည်းက ပိတ်လိုက်ရသည့် တရုတ် နယ်စပ်အနီး သျှမ်းပြည် (မြောက်ပိုင်း) ကြူကုတ်(ပန်ဆိုင်းမြို့နယ်ခွဲ) အတွင်းရှိ လောင်းကစားဝိုင်းများ ယမန်နေ့ မနက်ပိုင်း က ပြန်ဖွင့်လိုက်ပြီ ဖြစ်သည်။

ကြူကုတ် (ပန်ဆိုင်း) မြို့နယ် ဋ္ဌာနဆိုင်ရာဝန်ထမ်းများထံ အခွန်ဆောင်၍ အဆိုပါ ပိတ်ထားသည့် လောင်းကစားဝိုင်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့ကနံက် ၈ နာရီလောက်ပေါ့ သူတို့ဖွင့်တာ ကစားဝိုင်းက ၅ ၀ိုင်းရှိတယ် ဟုန့်ကျာလုပေါ့ ၃ ချပ်ဖဲတွေပေါ့ တစ်ရက်ကို အခွန်က တစ်ဝိုင်းကို တရုတ်ယွမ် ငွေ ၁၀၀၀ စီရမယ်တဲ့ ” ဟု သူက ဆိုသည်။

ကြူကုတ်(ပန်ဆိုင်း)မြို့နယ် နမ့်ယားချောင်းအနီးရှိ အဆိုပါ လောင်းကစားရုံမှ လာဘ်ငွေရရန် စစ်ထောက်လှမ်းရေး ဟောင်း တစ်ဦးက တောင်းဆိုခဲ့ရာ ၄င်းတောင်းဆိုသည့် ငွေမရသဖြင့် တိုင်ကြားမှုဖြစ်ပွားပြီး လောင်းကစားရုံ ပိတ်ခံရခြင်း ဖြစ်သည်။

“စစ်ဘက်ရေးရာလုံခြုံရေး ဋ္ဌာနက မဟုတ်ဘူး အရင်စစ်ထောက်လှမ်းရေးဟောင်းပေါ့ သူကနေ လောင်းကစားဝိုင်းမှာ ငွေ တောင်းမရလို့ တခြားသူတွေ ငွေယူတယ် ဆိုပြီး လားရှိုးအထိတိုင်တာပေါ့ သူပြောသလို ငွေယူတာမရှိဘူး ” ဟု ဒေသခံ ၀န်ထမ်းတစ်ဦးက ချေပပြောကြားသည်။




သျှမ်းပါတီ မြို့နယ်ရုံးများ ဆက်တိုက်ဖွင့်လှစ်

သျှမ်းသံတော်ဆင့်


သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ပါတီရုံးခန်း ဖွင့်လှစ် ပြီး နောက်တစ်ရက်၌ မူစယ်မြို့တွင် ပါတီရုံးခန်းတစ်ခု ထပ်မံဖွင့်လှစ်လိုက်သည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မူစယ်မြို့နယ် ကောင်းမှုလုံရပ်ကွက်၌ ၄င်းပါတီ၏ ရုံးခန်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ် ၂၀၀ ကျော်ခန့်တက်ရောက်ကြောင်း ၎င်းပါတီ၏ မူ ဆယ်မြို့နယ်ရုံးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၁၀ ရက်နေ့ မနက် ၇ နာရီခွဲမှာ ရုံးခန်းဖွင့်ပါတယ် တခြားတိုင်းရင်းသားတွေကိုလည်း ဖိတ်ကြားပါတယ်ပါတီလုပ်ငန်း တွေ တော့ စနေပြီလို့တော့ ပြောလို့ရမှာပေါ့ ရုံးတော့ဖွင့်ထားပြီပေါ့ဗျာ တခြားအလုပ်တွေတော့ ဘာမှမလုပ်ရသေးပါဘူး စည်းရုံး ရေးလုပ်ငန်းလည်း မစသေးဘူး ” ဟု သူက ပြောသည်။

နအဖကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ကယားပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်း ရန်ကုန်တိုင်း များရှိ မြို့နယ်များ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် အဆိုပါ သျှမ်းပါတီသည် တစ်နိုင်ငံလုံးတွင် ပါတီဝင်အင်အား ၁၀၀၀ ကျော် ခန့် ရှိပြီး မူစယ်မြို့နယ်တွင် အင်အား ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရသည်။

“မူစယ်မြို့နယ် ပါတီဥက္ကဋ္ဌအနေနဲ့ စိုင်းဖိုးအောင် (စိုင်းမောက်ခမ်းဆွယ့်)၊ ဒုဥက္ကဌက စိုင်းဖိုးမြတ် (စိုင်းယီဆိုင်)၊ အတွင်းရေးမှူးက စိုင်းဟိန်းပန် (စိုင်းထွန်းပန်)၊ အတွင်းရေးမှူးနောက်တယောက်က စိုင်းအောင်မြင့်(စိုင်းဆမ်မိဏ်းထီး)၊ စည်းရုံးရေးလုပ်ငန်းတွေလဲစတင်နေပြီ၊ အကြီးအကျယ်တော့မဟုတ်သေးဘူး၊ တရားဝင်စည်းရုံးခွင့်မပြုသေးဘူးလေ” - ဟု အဆိုပါအသိုင်းအ၀ိုင်းကပြောပါသည်။

SNDP ပါတီ (အဖွဲ့ချုပ်) အား ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ဒုဥက္ကဋ္ဌ စိုင်းဆောင်ဆီနှင့် အလုပ်အမှုဆောင် ၁၅ ဦးတို့ဖြင့် ဦးဆောင် ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်တွင် ပါတီရုံးချုပ်ဖွင့်ထားကြောင်း သိရသည်။

နအဖအာဏာပိုင်များက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု ကြေငြာထားသော်လည်း ပါတီစည်းရုံးရေးလုပ်ငန်း များအား လုပ်ခွင့်မပြုသေးကြောင်း နောက်ထပ်ဒေသခံ သျှမ်းအမျိုးသားတစ်ဦးက ထောက်ပြသည်။

“သျှမ်းပါတီအနေနဲ့တော့ လောလောဆယ် ပါတီအဖွဲ့ဝင်တွေပဲ တိုးတုန်းရှိသေးတယ် ပါတီပဲထပ်ချဲ့တုန်းဆိုတော့ စည်းရုံး ရေး လုပ်တာတော့ မတွေ့သေးဘူး စည်းရုံးရေးလုပ်ဖို့ တရားဝင်ခွင့်ပြုမိန့်လည်း မကျသေးဘူးပြောတာပဲပါတီအဖွဲ့ဝင် တွေပဲ ဖွဲ့ စည်းခွင့်ရှိသေးတာ ” ဟု သူကဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီများအား နအဖက ယခုအချိန်အထိ စည်းရုံးရေးဆင်းခွင့် မပြုသေးသော်လည်း ၀န်ကြီးချုပ် သိန်းစိန်ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းမျိုးစုံဖြင့် လူထုကြားစည်းရုံးရေးဆင်း နေကြောင်း သိရသည်။


မျက်ဝန်းများနှင့် နားလည်မိခြင်း

ရွှေအိမ်စည်

“မျက်ဝန်းများနဲ့ပြောပါ
ဒါ အလှဆုံးစကားထက်
ပိုပြီးလှနေမယ်
ဒီမျက်ဝန်းများနဲ့ နားလည် ….”
(ထူးအိမ်သင်၏ ‘စကာလုံးမရှိတဲ့ ကောင်းကင်’ တေးစီးရီးမှ သီချင်း)


(က)

တပါးသူများကဲ့သို့ပင် ကျနော့်တွင်လည်း မျက်ဝန်းတစုံရှိ၏။ မျက်ဝန်းက နက်နက်မှောင်မှောင်၊ သူငယ်အိမ် ကျဉ်းခြင်း၊ ကျယ်ခြင်း၊ စွေခြင်း၊ စောင်းခြင်း၊ မရှိသည့်အတွက် ကျနော့် မျက်ဝန်းတစုံက သာမန်အားဖြင့် ကောင်းမွန်သည့် မျက်လုံးများဟု ဆိုရမည်။

ကျနော့် မျက်ဝန်းတစုံဖြင့် တပါးသူတို့၏ မျက်ဝန်းများအား ကြည့်မိ၏။ ဤတွင် ကျနော်သည် တပါးသူတို့၏ မျက်လုံးများအား ကျနော့် မျက်လုံးများဖြင့် မြင်ရ၏၊ တွေ့ရ၏။

ကျနော် ပထမဦးစွာ ကြည့်မိ၍ မြင်တွေ့ရသည့် မျက်ဝန်းတစုံက ကျနော့်မိခင်၏ မျက်လုံးများဖြစ်မည်။ မိခင်၏ ရင်ခွင်အတွင်း နို့ချိုစို့သောက်ရင်း ကျနော်သည် မိခင်၏ မျက်ဝန်းတစုံအား ငေးမော၍ မမှိတ်မသုန်နှင့် ကြည့်နေမိခဲ့မည်။ မိခင်သည်လည်း သားငယ်အား ရင်ခွင်တွင် ထွေးပွေ့၍ နို့ချိုတိုက်ကျွေးရင်း သားငယ်အားငုံ့၍ တရှိုက်မက်မက် ကြည့်နေမည်ပင်။

မိခင်၏ မျက်ဝန်းက ကျနော့် မျက်ဝန်းကဲ့သို့ပင် နက်နက်မှောင်မှောင်၊ ကြည်လင်ရွှန်းလဲ့သည့် မိခင်၏ မျက်ဝန်းတစုံအတွင်း၌ နွေးထွေးမှု အကြင်နာတရားနှင့် အနန္တမေတ္တာတို့အား ကျနော် မြင်ရ၏။ ကျနော် မြင်နေရသည့် မိခင်၏ မျက်ဝန်းတစုံက ကျနော့်အတွက်မူ တုနှိုင်း၍ မရနိုင်သည့် မျက်ဝန်း၊ ပြီးလျှင် ကျနော့်အတွက် အလိုအပ်ဆုံးသော မျက်လုံးများဟု ဆိုရမည့် အမေ့မျက်ဝန်း။


(ခ)

ကျနော် စတုတ္ထတန်းနှစ်တွင် မျက်ဝန်းနှစ်စုံအား ထပ်မံ၍ တွေ့ရှိမိ၏။ ကျနော် ပညာသင်ကြားနေခဲ့သည့် အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအုပ်ဆရာမကြီးတို့၏ မျက်ဝန်းများဖြစ်၏။

ဦးရွှေသောင်းက ဤမူလတန်းကျောင်းလေးတွင် ကျောင်းအုပ်ကြီးအဖြစ် အမှုထမ်းခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျနော် သူငယ်တန်းလေး၊ သူငယ်တန်းကြီးမှ စတုတ္ထတန်းရောက်သည်အထိ ဆရာကြီးဦးရွှေသောင်းသည် ကျနော်တို့ကျောင်း၏ ကျောင်းအုပ်ကြီး။ ကျနော့်အကိုများ၊ အမများ လက်ထပ်တွင်လည်း ဆရာကြီးသည်ပင် ဤကျောင်းလေးတွင် ကျောင်းအုပ်ကြီးပင် ဖြစ်ခဲ့၏။ အနေအထိုင် ရိုးကုတ်၍ အလုပ်တာဝန်အား လေးစားပြီး စည်းစနစ်တွင် တိကျသည့် ဆရာကြီးကို၊ တပည့်သစ်များက ချစ်ကြောက်၍ တပည့်ဟောင်းများက ရိုသေပြီး ကျောင်းသားမိဘများက လေးစားခြင်းခံရသည့် အနန္တဂိုဏ်းဝင် ဆရာတဦးအဖြစ် အသိအမှတ်ပြုခံရ၏။

ပထမအစမ်းစာမေးပွဲများ ဖြေဆိုရန်ပြင်ဆင်နေသည့် ကာလအတွင်းမှာပင် ဆရာကြီး၏ ပြောင်းရွှေ့မိန့်ကျသည် ဟူသည့် သတင်းအား ရုတ်ချည်းကြားရ၏။ ဆရာကြီး ပြောင်းရွှေ့ရမည့်ဒေသက ‘အမဲရောင်နယ်မြေ’ ဟု သတ်မှတ်ထားသော မြို့လေး၏ အရှေ့တောင်ဘက်တွင် ရှိသည့် တောင်တန်းကြီးများပေါ်က တောင်ပေါ် ကရင်ရွာငယ်လေးတရွာဆီသို့။

ပြောင်းရွေှ့မည့် ဆရာဦးရွှေသောင်း၏ နှုတ်ဆက်ပွဲအား ကျနော်တို့ ကျောင်းလေးတွင် ပြုလုပ်ကြ၏။ ဆရာ၊ ဆရာမများနှင့် ကျောင်းသားအားလုံးက ဆရာကြီးအား လက်အုပ်ချီ၍ ရှိခိုးကြ၏။ ဆရာဦးရွှေသောင်းက ကျနော်တို့ ကျောင်းသားများအား ဆုံးမစကားဆို၏၊ သြဝါဒစကားပြော၏။ ဆရာကြီး၏ အသံက တည်တည်ငြိမ်ငြိမ်၊ ငြိမ့်ငြိမ့်အေးအေး။ ကျနော် လက်အုပ်ချီထားရင်းမှ ဆရာကြီး၏ မျက်ဝန်းတစုံအား ကြည့်မိ၏။ ဆရာကြီး၏ မျက်ဝန်းက ရွှန်းရွှန်းလဲ့လဲ့၊ ကြည်ကြည်လင်လင်။ ကြည်လင်ရွှန်းလဲ့သော မျက်ဝန်းအတွင်း ရီဝေမှုက စွတ်၍နေ၏။ နှုတ်မှ ဖွင့်ဟမိန့်ဆိုခြင်း မရှိသည့် စကားများအား ဆရာကြီး၏ မျက်ဝန်းအတွင်း၌ ကျနော်မြင်မိ၏။ ပြီးလျှင် ကျနော်မြင်နေမိသည့် ဆရာကြီး၏ မျက်ဝန်းများက ကျနော့်မိခင်၏ မျက်ဝန်းအစုံကဲ့သို့ပင်။


(ခး ၁)

ဆရာဦးရွှေသောင်း ပြောင်းရွှေ့သွားပြီးသည့်နောက်တွင် ကျနော်တို့၏ မူလတန်းကျောင်းလေးသို့ ကျောင်းအုပ်ဆရာမကြီး တဦးရောက်လာ၏၊ ဆရာမ ဒေါ်ခင်ဖုန်းညွှန့်။

ကျောင်းအုပ်ဆရာမကြီးအသစ် ဒေါ်ခင်ဖုန်းညွှန့်က ကျနော်တို့မြို့လေး၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီယူနစ် အတွင်းရေးမှူး၏ ဇနီးဖြစ်သည်။ ပြီးလျှင် ဆရာမ ဒေါ်ခင်ဖုန်းညွှန့်၏ ဖခင်သည်လည်း တခေတ်တခါက ကျနော်တို့ မြို့လေး၏ ပျူစောထီးတပ်များ၏ တပ်မင်း ဗိုလ်မှူးဖေညွှန့် ဖြစ်သည်။ ပျူစောထီးတို့၏ လက်ဇောင်းထက်မှုကြောင့် ဗိုလ်မှူးဖေညွှန့် ဟူသည့် အမည်က ခန့်ငြားခဲ့၏။

‘ဒီနေရာပေါ့ သေနတ်ထိပြီး ဗိုလ်ဖေညွှန့် ကျသွားတာ’ ဟူ၍ ဗိုလ်မှူးဖေညွှန့်၏ ‘ဗျူးပက်’အား သိမီလိုက်သည့် သူများထံမှ သက်ကြီးစကား ကြားနာရ၏။ ကျောင်းအုပ်ဆရာမကြီးအသစ် ဒေါ်ခင်ဖုန်းညွှန့်က ကျောင်းသို့လာရာ၌ ခင်ပွန်းသည်၏ အဆောင်အယောင် အာဏာစက်၊ ဖခင်ဖြစ်သူ၏ ရာဇမာန်တို့အား ပခုံးထက်၌ ခြုံ၍ လာတတ်၏။

ကျနော်တို့က ကျောင်းပိတ်ရက်များတွင် ကျောင်းရှေ့ရှိ ကွက်လပ်ငယ်လေး၌ ဘောလုံးကစားကြ၏။ ကစားကွင်းက ကျဉ်း၏။ တဖက်အနားသတ်က ကျောင်း၏ အရှေ့စာမျက်နှာ၊ ဤကျဉ်းကြပ်သော ကစားကွင်းလေးမှာပင် ကျနော်တို့ ကျောင်းပိတ်ရက်များ၌ ‘W’ ဘောလုံးငယ်လေးနှင့် ဂိုးကျဉ်းကန်ကြ၏။ ဘောလုံးက တခါတရံ ကျောင်းနံရံကိုလည်း ထိ၏၊ တခါတရံတွင်လည်း ကျောင်း၏ ခေါင်မိုးထက်သို့ ရောက်၏။ ဤသို့ ကစားခဲ့ကြသည်မှာလည်း ကြာပြီ။ ‘W’ ဘောလုံးငယ် ထိမှန်မှုကြောင့် ကျနော်တို့၏ ကျောင်းငယ်လေးသည်လည်း မည်သည့်ပျက်စီးမှုမျှ မရှိခဲ့။ ဤအတွက်ကြောင့်ပင် ဤကွင်းလေး၌ ကျောင်းပိတ်ရက်တိုင်း ကျနော်တို့ ဘောလုံးကန်မြဲ။

ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖုန်းညွှန့်သည် ကျနော်တို့ ဘောလုံးကစားနေရာသို့ ရောက်လာပြီး၊ ဘောလုံးကစားနေသည်အား ရပ်ခိုင်း၏၊ ပြီးလျှင် ကျနော်တို့အားလုံးအား ရပ်ကွက်ကောင်စီရုံးသို့ ခေါ်သွားပြီး၊ အရေးယူပေးပါရန် ရပ်ကွက်ကောင်စီ ဥက္ကဠ အား တိုင်ကြား၏။

ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌက ‘ဆရာမကြီးရယ်၊ ဆရာမကြီးရဲ့ တပည့်တွေပဲ ဆရာမကြီးပဲ ရိုက်နှက်ပြီး ဆုံးမလိုက်လည်း ရပါတယ်’ ဟု အမှု၏ အတိမ်အနက်အား ချင့်တွက်၍ ဖျောင်းဖျရှာ၏၊ မရ။ ကျနော်တို့၏ ကျောင်းအုပ်ဆရာမကြီးက မရ။

“ကျောင်းချိန်မှာသာ သူတို့ဟာ ကျမရဲ့ တပည့်၊ ကျောင်းချိန် မဟုတ်ရင်တော့ သူတို့ဟာ ကျမ တပည့်တွေ မဟုတ်ဘူး၊ ရပ်ကွက်နဲ့သာ ဆိုင်တယ်။ ဒါကြောင့် ရပ်ကွက်ကောင်စီက အရေးယူပေးပါ။ ပြီးတော့ သူတို့ဟာ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးဖို့ ကြံရွယ်တာဖြစ်တယ်”

ကျနော်တို့၏ မူလတန်းကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းသား ကျနော်တို့အား စွဲချက်များတင်နေ၏၊ အသံက မာ၏၊ အသံက စွာ၏။ ပျူစောထီးဗိုလ်၏ သမီး၊ ယူနစ်ကော်မတီ အတွင်းရေးမှူး၏ ဇနီး ဟူသည့် သွေးတို့က ဆရာမကြီး၏ ခန္ဓာအတွင်း ဆူပွက်နေသည့်ဟန်ကြောင့် ဆရာမကြီးသည် နတ်ဝင်သည်တဦးကဲ့သို့။

ကျနော်က နတ်ဝင်သည်တဦးကဲ့သို့ ဖြစ်နေသည့် ဆရာမ ဒေါ်ခင်ဖုန်းညွှန့်၏ မျက်ဝန်းတစုံအား ကြည့်မိ၏။ မီးကျည်ခဲအလား။ ဒေါသ၊ မာန်မာန၊ အတ္တ တို့က ဆရာမကြီး၏ မျက်ဝန်းအစုံ၌ ပန်းစကြာမှန်ပြောင်း လှည့်သကဲ့သို့ တလှည့်စီ၊ လှည့်ပြောင်းလျက်။

(ဂ)

၁၉၉၈ ခုနှစ်၊ ပွင့်လင်းရာသီ၏ တနေ့။

ရေးမြို့နယ်အတွင်းရှိ ‘လိပ်ပုတ်’ ရွာလေးသို့ ကျနော်တို့စစ်ကြောင်း ရောက်နေ၏။ စစ်ကြောင်းက ဗိုလ်မှူးစောဂျိုးဇက်၏ KNLA တပ်ရင်း ၁၆ ၊ ကျောင်းသားတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့ စုဖွဲ့ထားသည့် နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး စစ်ကြောင်းဖြစ်သည်။ အင်အားက ၂ဝဝ ခန့် ရှိမည်။ ၆ဝ မီလီမီတာနှင့် ၈၂ မီလီမီတာ လက်နက်ကြီးများလည်း ပါ၏။ ရည်ရွယ်ချက်က လိပ်ပုတ်ရွာလေးတွင် လူထုစည်းဝေးပွဲ ပြုလုပ်မည်။ လက်ရှိနိုင်ငံရေး အခြေအနေအား ရှင်းပြမည်။ စစ်အုပ်စုနှင့် မပူးပေါင်း၊ မဆောင်ရွက်ရေး (Non Co-operation) လှုပ်ရှားမှုအား လူထုအနေနှင့် ဆောင်ရွက်ရန် ဟောပြောမည်။ ပြီးလျှင် နိုင်ငံရေးအံတုမှုတိုက်ပွဲ နည်းနာများအား လူထုအား ဆွေးနွေးမည်။ တဖက်တွင်က စစ်ကြောင်းနှင့်အတူ ပါလာသည့် ‘နယ်လှည့်ကျောပိုးအိတ် ဆေးအဖွဲ့’ (Mobil Medical Back Pack Team) က လိပ်ပုတ်ရွာ၏ စာသင်ကျောင်းငယ်အတွင်း ယာယီဆေးခန်းဖွင့်၍ လူထုကျန်းမာရေးအား ပြုစုကုသစောင့်ရှောက်ကြမည်။

လိပ်ပုတ်ရွာ၏ အနောက်တောင်ဘက် ၄ မိုင်မျှ အကွာတွင်က ‘ကျောင်းရွာ’ရှိ၏။ ကျောင်းရွာတွင် ရန်သူ၏ လှုပ်ရှားစစ်ကြောင်းတကြောင်းနှင့် စခန်းထိုင်တပ်ခွဲ တခွဲရှိ၏။

ကျောင်းရွာနှင့် ရေးက မော်တော်ကားလမ်း ပေါက်သည်ဖြစ်၍ ရေးရှိ တပ်ရင်းသည် ကျောင်းရွာသို့ အချိန်နှင့်အမျှ စစ်ကူအင်အား ဖြည့်လာနိုင်၏။ ကျနော်တို့အဖွဲ့ လိပ်ပုတ်သို့ဝင်ခြင်းက စစ်ရေး၊ ရည်မှန်းချက်မပါ။ သို့သော် ရန်သူနှင့် နီးကပ်လွန်းသည့် ဒေသဖြစ်၍ တပ်အင်အားနှင့် တိုးဝင်လာကြရ၏။ လူထုဆွေးနွေးပွဲနှင့် လူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကင်းတို၊ ကင်းရှည် အထပ်ထပ်ကာရံ၍ လုပ်ဆောင်ကြရခြင်း ဖြစ်၏။

ကျနော်တို့ လိပ်ပုတ်တွင် ရောက်နေသည့်သတင်းအား ကျောင်းရွာမှလည်း ရမည်၊ ‘ရေး’ မှလည်း သိမည်ပင် ရေးမှ စစ်ကူအချို့ ကျောင်းရွာသို့ ရောက်လာ၏။

လိပ်ပုတ်ရွာ၏ ဘုန်းတော်ကြီးကျောင်းအတွင်း လူထုစည်းဝေးပွဲအား ပြုလုပ်၏။ နဝတ ၏ ပညာရေး ဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်သားများလည်း တက်ရောက်ကြ၏။ ဆွေးနွေးပွဲက အားရကျေနပ်စွာနှင့်ပင် ပြီးဆုံးခဲ့၏။ ကျောင်းရွာရှိ စစ်ကြောင်းက ရေးမှ စစ်ကူလာသည့် တပ်ဖွဲ့နှင့် ပူးပေါင်းပြီး ကျောင်းရွာမှ ထွက်ရန် ပြင်နေသည့်သတင်းအား ကျနော်တို့ ရ၏။ ရန်သူ၏ ဦးတည်ရာက ကျနော်တို့ရှိရာ လိပ်ပုတ်ရွာသို့။

စစ်ကြောင်းမှူးက လိပ်ပုတ်မှ ပြန်လည်ဆုတ်ခွာရန် အမိန့်ပေး၏။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ‘နယ်လှည့်ကျောပိုးအိတ်ဆေးအဖွဲ့’ (Mobil Medical Back Pack Team) ကိုလည်း ကုသမှု့များအား လက်စသတ်၍ သိမ်းဆည်းရန် ညွှန်ကြား၏။ ဤတွင် လိပ်ပုတ်ရွာ စာသင်ကျောင်းအတွင်း ကျန်းမာရေး ကုသမှုပေးနေသည့် (Mobil Medical Back Pack Team) မှ အရေးကြီးလူနာတဦးအား ကုသမှု ပေးနေရသည်ဖြစ်၍ အချိန် ၃ နာရီခန့် ပေးပါရန် တင်ပြလာ၏၊ ခက်ပြီ။

ကျောင်းရွာက ရန်သူသည် တနာရီအတွင်း လိပ်ပုတ်သို့ ရောက်လာနိုင်၏။ ရန်သူက မိုက်မိုက်ကန်းကန်း တိုးဝင်လာပါက လိပ်ပုတ်ရွာအတွင်း၌ပင် တိုက်ပွဲဖြစ်နိုင်မည်။

ကျနော်တို့ လူနာအခြေအနေအား သိရန် စာသင်ကျောင်းလေးဆီသို့ ထွက်လာခဲ့ကြ၏။ စာသင်ခုံတန်းရှည်များအား ဆက်ထားသည့် ယာယီကုတင်ပေါ်၌ အသက် ၁၂ နှစ်ခန့်ရှိမည့် ကလေးမလေးသည် မေ့မြော၍နေ၏။ လူနာ၏ လက်နှစ်ဖက်မှ ဆေးရည် ၂ ပုလင်းအား အစက်ချ၍ သွင်းပေးထား၏။ နှလုံးခုန်နှုန်းက မမှန်။ ခက်ခက်ခဲခဲ အသက်ရှူ နေရသည့်အတွက် လူနာ၏ ရင်ဘတ်လေးသည် နိမ့်ချည်၊ မြင့်ချည်နှင့်၊ ကလေးမလေး၏ အခြေအနေက ၅ဝ ၊ ၅ဝ ၊ အခြေအနေ။ အရာအားလုံးသည် ငြိမ်သက်၍နေ၏၊ ဆေးမှူးများက သူတို့၏ ပြုစုကုသမှုအား တိတ်ဆိတ်စွာနှင့်ပင် ဆောင်ရွက်၍နေကြသည်။

လူနာ၏ ဘေး၌ ကလေးမလေ၏ မိခင်သည် ကျုံ့ကျုံ့လေးထိုင်ရင်း သမီး၏ နဖူးပြင်ပေါ်သို့ ရေဖတ်အုပ်ပေး၍ နေ၏။ ရေဖတ်အုပ်ပေးရင်း သူမသည် မေ့မျောနေသည့် သမီးငယ်၏ မျက်နှာလေးအား ကြည့်၏၊ ကျနော်တို့အား ကြည့်၏။ ကုသမှုပေးနေသည့် ဆေးမှူးလေး ၂ ဦးအား ကြည့်၏။ ပြီးလျှင် ကျောင်းရွာမှ စစ်ချီလာမည့် ရန်သူ့စစ်ကြောင်းဆီသို့ စိတ်ရောက်သွားဟန် တူသည်။ ကျောင်းဝင်း၏ အဝင်လမ်းဆီသို့ တွေ၍ကြည့်နေပြန်သည်။

ကျနော်က သူမ၏ မျက်ဝန်းအစုံအား ကြည့်မိ၏။ မျက်ဝန်းအစုံက စိုစိုစွတ်စွတ်၊ အရည်လဲ့၍နေသည်၊ ပြိုမည့်မိုးပမာ။ ပူပင်သောကသည် လူနာရှင်မိခင်၏ မျက်ဝန်းအစုံ၌ အရောင်းအသွေးစုံစွာနှင့် ဖျက်ကနဲ၊ ဖျက်ကနဲ ပြောင်း၍နေ၏။

ကျောင်းရွာမှ စစ်ကြောင်းရောက်လာပြီး ရွာအတွင်း တိုက်ပွဲဖြစ်မည်ကို ပူပန်သည့်သောက၊ သမီးလေးအား ကုသပေးနေသည့် ဆေးမှူးလေးများ သမီးငယ်လေးအား ထားခဲ့ပြီး ထွက်ခွာသွားမည်ကို စိုးရိမ်သည့် ပူပင်သောက၊ ပြီးလျှင် သမီးလေးအပေါ် ပူပင်သည့်သောက။

ကျနော်တို့စစ်ကြောင်းမှူးနှင့် တိုင်ပင်ပြီး ဆုံးဖြတ်လိုက်ကြ၏။ လူနာအား ထမ်းစင်နှင့်ထမ်း၍ စစ်ကြောင်းနှင့်အတူ ခေါ်သွားမည်။ ရွာအပြင် စိတ်ချရသည့် နေရာတွင် စစ်ကြောင်းနားပြီး လူနာအား ဆက်၍ကုသမှုပေးမည်။ ကျနော်တို့၏ အစီအစဉ်အား လူနာရှင်၏ မိခင်အား ပြောပြ၏။ လူနာရှင်မိခင်၏ မျက်ဝန်းအတွင်းမှ လျှပ်လက်သကဲ့သို့ ဖျတ်ကနဲ ဝင်းလဲ့သွားသည်ကို ကျနော် မြင်လိုက်မိ၏။


(ဃ)


တပါးသူများကဲ့သို့ပင် ကျနော့်တွင် မျက်ဝန်းတစ်စုံရှိ၏။ အမြင်အာရုံတွင် သာမာန်အားဖြင့် ကောင်းမွန်သည့် မျက်ဝန်းတစုံ။ ဤမျက်ဝန်းနှင့် ကျနော်သည် တပါးသူတို့၏ မျက်ဝန်းများအား ရှာဖွေ၍ ကြည့်ရှုပြီး စကားလုံးမရှိသည့် အကြောင်းအရာများအား အဓိပ္ပာယ်ဖော်နေမိခဲ့၏၊ ကျနော် မြင်မိ၏၊ ကျနော် တွေ့မိ၏၊ ကျနော် နားလည်ခဲ့မိသည်ဟု ထင်ခဲ့၏။

ဤသို့ပင် ကျနော့်မျက်ဝန်းအစုံနှင့် ဆုံတွေ့ခဲ့ကြရသည့် မျက်ဝန်းများသည်လည်း ကျနော့်မျက်ဝန်းအတွင်းမှ စကားလုံးမရှိသည့် မည်သည့်အကြောင်းအရာများအား အဓိပ္ပာယ်ဖော်ခဲ့ကြလေးသနည်း ကျနော် သိချင်နေမိ၏။


ယနေ့ မြန်မာ့ရေးရာ သတင်းများ June,16th,2010

( 28 )အပြောင်းအလဲ လိုလား၍ ကရင်နီလူငယ်များ နိုင်ငံရေး စိတ်ဝင်စားမှု အားကောင်းလာ

( 27 )သက်တမ်းတိုစပါး စိုက်ပျိုးရန် စိုက်ပျိုးရေး နည်းပညာရှင်များ တိုက်တွန်း

( 26 )လျပ်စစ်မီး မကြာခဏ ပျက်ခြင်းကြောင့် စီးပွားရေး ကုန်သည်များ အခက်တွေ့

( 25 )Wa Democratic Party doesn’t represent Wa people

( 24 )စစ်တပ်မှ အခွန်ငွေများ အဓမ္မကောက်ခံသဖြင့် ဗိုလ်ချုပ်မှူးကြီးထံ တိုင်စာပို့

( 23 )Hospitalization in Muse out of reach of many

( 22 )စစ်တွေဆိပ်ကမ်း စီမံကိန်းကြောင့် မြို့သူမြို့သားများ ပြောင်းရွေ့ရမည်ကို စိုးရိမ်

( 21 )Transportation Hindered on Major Road in Arakan

( 20 )တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန်

( 19 )Floods and Landslides Kill 26 in Northern Arakan

( 18 )မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရသူများ ဒုက္ခမျိုးစုံ ကြုံတွေ့နေရ

( 17 )တရားမ၀င် ပို့ကုန်များ မြ၀တီတွင် ရှောင်တခင်စစ်ဆေး

( 16 )Hagley campaigners set to remember Burma's 'Mandela'

( 15 )ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒတ်ခ်ျ အမျိုးသမီး ၃၆ ဦး နှင်ထုတ်ခံရ

( 14 )မရဏ အုပ်စု အပေါ် ဝေဖန်သုံးသပ်ချက်

( 13 )Mobile Journalism on the Rise in Asia

( 12 )ဘူးသီးတောင်နှင့် မောင်းတော ရေကြီး၊ လူ ၂၈ ဦးခန့် သေဆုံး

( 11 )Floods in Myanmar Kill at Least 12

( 10 )မယ်လ ဒုက္ခသည်စခန်းတွင် ကူးစက်ဝမ်းရောဂါ ဆက်လက်ဖြစ်ပွား

( 9 )Myanmar, Thailand's challenge

( 8 )ကိုယ်ပိုင် သံစဉ်များဖြင့် လူငယ်တီးဝိုင်းများ နယ်လှည့် ဖျော်ဖြေမည်

( 7 )Landslides take heavy toll in Bangladesh resort

( 6 )လူငယ်ပရိတ်သတ်အတွက် ဂျာနယ်

( 5 )US warns of ‘unrealistic’ refugee resettlement

( 4 )ရခိုင်ပြည်နယ် မိုးကြီး မြေပြိုမှုအတွင်း သေဆုံးမှုများရှိ

( 3 )Burma's Nuclear Ambitions

( 2 )မြန်မာဒုက္ခသည် ပြဿနာ စိုးရိမ်စရာ ဖြစ်နေဆဲ

( 1 )"Mary and Max" and "Burma VJ" on DVD

Tuesday, June 15, 2010

ကချင်ပါတီ ရွေးကောက်ပွဲဝင်နိုင်ရေး နေပြည်တော်သို့ ဒုတိယအကြိမ် သွားရောက်မည်

KNG

ပါတီ မှတ်ပုံတင် ခွင့်ရရှိရေး အတွက် ကချင် ပါတီသည် ဒုတိယ အကြိမ် နေပြည်တော် သို့ ထပ်မံ သွားရောက်ကြိုး ပမ်းမည်ဟု ကချင် ပါတီ အရာရှိ တစ်ဦး ပြောသည်။

ယခုနှစ် မကုန် မီတွင်ကျင်းပမည့် မြန်မာ စစ်အစိုး ရ၏ ရွေးကောက်ပွဲ အတွက် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP)သည် ပါတီ တည်ထောင်ခွင့် မချပေး သေးသည့် ကိစ္စနှင့် ပတ်သက်၍ နေပြည်တော် အခြေစိုက် ရွေးကောက်ပွဲ ကော်မရှင်သို့ မေ ၁၅ ရက်နေ့ မနက်ဖန် သွားရောက် မည်ဖြစ် ကြောင်း သိရသည်။

KSPP ပါတီအတွင်းရေးမှုး နှင့် အရာရှိတစ်ဦးသွားရောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ ပါတီဗဟိုရုံးမှ အရာရှိများ ပြောပါသည်။

ယင်းကိစ္စဖြင့်ပတ်သက်၍ “ကျွန်တော်တို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ပတ်သက်မှု မရှိပါဘူး” လို့ ရွေးကောက်ပွဲ ကော်မရှင်ကို ထပ်မံ စာတင်မည်ဖြစ်ကြောင်း ကချင်ပါတီအရာရှိတစ်ဦးထပ်မံပြောသည်။

စစ်အစိုးရမှ KSPP အား အခုချိန်ထိ တရားဝင်လက်ခံခြင်း မရှိသည့်အဓိကအကြောင်းရင်းကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရလိုလားသည့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) ကို လက်မခံသည့်အတွက်ဖြစ်သည်။

ယခင်က ကချင်လွတ်မြောက်ရေးအဖွဲ့ ဒု-ဥက္ကဌ အဆင့် ၂ ဟောင်း ဒေါက်တာတူးဂျာ သည် ယခု KSPP ပါတီခေါင်းဆောင် လည်း ဖြစ်သည်။

ဒေါက်တာတူးဂျာသညှ် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂ ရက်နေ့တွင် KIO မှ နုတ်ထွက်ခဲ့ပြီးဖြစ်သည်။

ယခုချိန် ကချင်ပြည်နယ်တွင် KSPP ပါတီ၏ ရွေးကောက်ပွဲ လူထုစည်းရုံးရေးများ လုံးဝရပ်ဆိုင်းသွားသည်မှာ တစ်လကျော် ရှိသွားပြီဖြစ်သည်။

“သူများပါတီတွေအလုပ်လုပ်နေကြပြီ ကျွန်တော်တို့ပါတီက ဘာအလုပ်မှ မလုပ်ရဘူး။ ဒါကြောင့်မြန်မြန် ချပေးပါဆိုပြီး” စာပြန်သွားတင်မယ်လို့ နေပြည်တော်သို့ထွက်ခွာမည့် ပါတီအရာရှိတစ်ဦးပြောသည်။

ဧပြီလ ၅ ရက်နေ့ က ပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ ကိုယ်တိုင် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ တရားဝင်ဖြစ်လာပြီး ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရရှိရေးအတွက် ပါတီမှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။

ယနေ့အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့် နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ (၄၂) ပါတီရှိပြီး နိုင်ငံ ရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၃၃) ပါတီအနက် ပါတီ (၃၂) ပါတီ ကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်းနှင့် ကျန်လျှောက်ထားသည့်ပါတီများကိုလည်း စိစစ်နေကြောင်းကို ဇွန်လ ၉ ရက်နေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။



ကြံ့ဖွံ့ကို မထောက်ခံလျှင် ဖမ်းဆီးမည်ဟု ဒေသအာဏာပိုင်များပြော

ရိုးမ ၃။ ၁၅၊ ၆၊ ၂၀၁၀

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက် ပွဲတွင် ကြံ့ဖွံွှ့ ပါတီကို မထောက်ခံ ပါက ဖမ်းဆီး စစ်ဆေး မှုများ ပြုလုပ် မည်ဖြစ်ကြောင်း ကျေးရွာ အာဏာပိုင် များက ခြိမ်းခြောက် ပြောဆို နေလျှက် ရှိကြောင်း ရွာသား တဦးက ပြောသည်။

ယခုလ (၈) ရက်နေ့က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကျီကြီးအုပ်စု ဥက္ကဌ ဦးအောင်သန်းဌေးနှင့် ရယက စာရေး ဦးကျော်မြင့်တို့က ပြောဆိုခြင်းဖြစ်ကြောင်း စုမှတ်တိုင်ကျေးရွာ ဆယ်အိမ်မှူး ကိုမင်းထိုက်က အစည်းဝေးတွင် ပြောသည်။

“ (၇) ရက်နေ့က ကျီကြီးအုပ်စု သုံးကွင်းဆိုင်ကျေးရွာက ရယက စာရေးအိပ်မှာ ဆယ်အိမ်မှူးတွေကို အစည်းဝေးဖိတ်ပြီး ရွေးကောက်ပွဲကို ၈ လပိုင်းလောက် ကျင်းပမယ်၊ ဧည့်စာရင်း လူဝင်လူထွက်တွေကို မှတ်တမ်းတင်ရမယ်၊ နောက် ည ၈ နာရီကျော်ရင် အပြင်မထွက်ရ အမိန့်ထုတ်မယ်တို့ ပြောတယ်၊ အဲဒါကို ဆယ်အိမ်မှူးက ပြန်ပြောတာ” ဟု ရွာသားတဦးက ပြောသည်။

ဒေသတွင်း နိုင်ငံရေးလှုပ်ရှားသူများကို စောင့်ကြည့်မှုများ ပြုလုပ်သွားပြီး ကြိုတင်မဲများကောက်ခံမည့်အပြင် ကြံ့ဖွံ့ပါတီကို မထောက်ခံသူအား ဘာကြောင့် မထောက်ခံရခြင်းဖြစ်ကြောင်းကို အစီရင်ခံစာရေးပို့ရန် အမိန့်ထုတ်ထားကြောင်း ဆယ်အိမ်မှူးက ပြောခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။

“ကြံ့ဖွံ့ပါတီကို မထောက်ခံသူကို နောက်ပိုင်းမှာ စစ်ဆေးမယ်၊ဖမ်းမယ်လို့ ဥက္ကဌနှင့် စာရေးက ပြောထားတယ်ဆိုပြီး မှတ်တိုင်ရွာနေ ဆယ်အိမ်မှူး ကိုမင်းထိုက်က ပြောတယ်” ဟု ဒေသခံရွာသားက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် သစ်တောဝန်ကြီး ဦးသိန်းအောင်က အင်္ဂပူမြို့နယ်မှ ဝင်ရောက်အရွေးခံရန် စီစဉ်ထား၍ ၎င်း၏ ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ ပြုလုပ်နေလျှက်ရှိပြီး အနည်းဆုံး ကျပ်ငွေသိန်းပေါင်း သောင်းနှင့်ချီ၍ အကုန်ကျခံလုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့်လပိုင်းများတွင်လည်း စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းက ကျောက်ပန်းတောင်းမြို့တွင် ပြုလုပ်သည့် အစည်းဝေးတွင် ၎င်းဦးဆောင်သည့် ကြံ့ဖွံ့ပါတီကို ထောက်ခံမဲပေးရန် ပြောဆိုစည်းရုံးမှုများလည်း ရှိခဲ့သည်။

နိုင်ငံရေးထက် ကမ္ဘာ့ဖလားဘောလုံးပွဲကို ရန်ကုန်လူထု စိတ်ဝင်စား

တက်လူ / ၁၅ ဇွန် ၂၀၁၀

ရန်ကုန်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးနေမှုကို ကမ္ဘာ့ဖလား ဘောလုံးပွဲလောက် အများပြည်သူက စိတ်မ၀င်စားကြကြောင်း မြို့ခံများက ပြောသည်။

ဇွန်လ (၁၁) ရက်မှ စတင်ကာ တောင်အာဖရိကနိုင်ငံတွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲများ ကျင်းပနေပြီး ဘောလုံးပွဲစဉ်များအား ကြည့်ရှုသူ ရန်ကုန်မြို့လူဦးရေများအနက် အသက် (၁၀) နှစ်ကျော်မှ အသက် (၇၀) ကျော်အရွယ်များအထိ အားပေးကြည့်ရှုနေကြသည်။

“အမှန်ကိုပြောရရင် ဘယ်သူမှ မဲဆွယ်စည်းရုံးတာကို စိတ်မ၀င်စားဘူးဖြစ်နေတယ်။ ဟောပြောစည်းရုံးရတာကလည်း ပြည်သူတွေကိုပဲ အခြေခံတာလေ။ ပြည်သူက ရှင်းရှင်းပြောရရင် စားဝတ်နေရေးကြောင့် အခု ကမ္ဘာ့ဖလားကို လောင်းပြီးတော့ စီးပွားရှာသူရှာ၊ ရှုံးသူတွေကလည်း ရှုံးနေတော့ ပါတီတွေ စည်းရုံးဟောပြောတာကို စိတ်ဝင်စားတဲ့သူမရှိဘူး” ဟု ၀ါရင့် နိုင်ငံရေးသမားဟောင်းတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် (၁၂) တွင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ရန်ကုန်မြို့ အင်းစိန်လမ်းမကြီး ဆင်ရေတွင်းမှတ်တိုင်းအနီး ကမာရွတ်မြို့နယ်တွင် ပါတီရုံးခန်းဖွင့်လှစ်ခဲ့ပြီး ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးအေးလွင်က ပြည်သူတို့အား ဟောပြောမှု ပြုလုပ်ခဲ့သည်။

၎င်းတို့က ရန်ကုန်မြို့တွင်း ပါတီအလံများကို ကားပေါ်တွင် စိုက်ထူကာ လှည့်လည်ခဲ့သည့်အတွက် အများပြည်သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒပြနေသည်ဟူသော သတင်းများ ရန်ကုန်မြို့တွင် ထွက်ပေါ်ခဲ့သေးသည်။

“ဒီကောင်တွေက ပုံမှားရိုက်နေတာလေ။ ဒီလိုပဲ သူတို့က ၈၈ မျိုးဆက်ကျောင်းသားတွေပုံမျိုးနှင့် ပြည်သူတွေကို မဲဆွယ်ကြတာ။ လူတွေကတော့ ပါတီတွေကို စိတ်မ၀င်စားပေမယ့် ဘယ်ပါတီက ဘယ်လို လူတွေပဲဆိုတာ သိကြတယ်” ဟု ၀ါရင့် သတင်းစာဆရာတဦးက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီအလံကို အောက်ခံအနီရောင်နှင့် ခွပ်ဒေါင်းပုံကို အသုံးပြုထားသည့်အတွက် ကျောင်းသားသမဂ္ဂအလံကို အတုခိုးသည်ဟု စာပေနယ်မှ ပုဂ္ဂိုလ်များအပါအ၀င် (၇၂) ဦးက ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်ကြသဖြင့် ပြန်လည်ပြင်ဆင်ရန် ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားရာ အရွယ်တူ ကြယ်ဖြူ (၁၄) လုံးကို အပေါ် (၇) လုံး အောက် (၇) လုံးတန်းကာ အလယ်တွင် ခွပ်ဒေါင်းကို ထားရှိပြီး အလံကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားဘောလုံးပွဲကြောင့် လူငယ်များလည်း ပါတီကိစ္စထက် ဘောလုံးပွဲလောင်းရေးကို ဦးတည်နေကြကြောင်း အသက် (၂၃) နှစ်အရွယ်ရှိ နည်းပညာတက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။

၎င်းက “ဒီအချိန်မှာ ကျနော်တို့လို လူငယ်တွေအတွက် စိတ်ကို ဘောလုံးပွဲမှာပဲ အချိန်ပေးထားတယ်။ ၀ါသနာလည်းပါတယ်လေ။ ဘယ်ပါတီတွေ ဘယ်လိုလုပ်မယ်ဆိုတာကိုလည်း အရင်တခါလည်း အစိုးရက အိမ်တွေမှာ လာပြီးတော့ မဲပေးဖို့ ဆိုပြီးတော့ လူစာရင်းကောက်သွားတာပဲ။ အခုလည်း ဒီလိုနေမှာပေါ့။ ကျနော်တို့က ဘယ်သူနိုင်နိုင် ဘာမှမထူးဘူး” ဟု ပြောသည်။

ဘောလုံးပွဲကို လူငယ်များသာမက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေနှင့် စာနယ်ဇင်းသမားများ၊ သတင်းထောက်များ၊ ကျောင်းသားများအပါအ၀င် အရွယ်ပေါင်းစုံ အလွှာပေါင်းစုံက ကြည့်ရှုနေကြပြီး လောင်းကစားမှုများကိုပါ ပြုလုပ်နေကြကြောင်း ရန်ကုန် ပုဇွန်တောင်မြို့နယ်မှ လောင်းကစား ဒိုင်ကြီးတဒိုင်က ပြောသည်။ ကမ္ဘာ့ဖလားဘောလုံးပွဲသည် ဇွန်လ (၁၁) ရက်မှ ဇူလိုင်လ (၁၁) ရက်နေ့ထိဖြစ်သည်။

ယခုအခါ ပါတီတည်ထောင်ခွင့်များ လျှောက်ထားသော ပါတီ (၄၂) ပါတီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသောပါတီ (၃၃) ပါတီတွင် (၃၂) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် စာရင်းများအရ သိရသည်။

ရန်ကုန်တွင် ပါတီရုံးခန်းများဖွင့်ကာ မဲဆွယ်စည်းရုံးနေကြသော ပါတီများမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ ဖြစ်ကြသည်။

ရှေ့လဆန်းတွင် တရားမဝင်ဆိုင်ကယ်များကို သိမ်းတော့မည်

လင်းနိုင်ဦး / ၁၅ ဇွန် ၂၀၁၀

လိုင်စင်မဲ့ ဆိုင်ကယ်များ လိုင်စင် ပြုလုပ်ပေး နေခြင်းကို လာမည့် ဇွန် (၃ဝ) ရက်နေ့အထိ ခွင့်ပြုသွားမည်ဖြစ်ပြီး ဇူလိုင် (၁) ရက်တွင် စတင်ဖမ်းဆီး အရေးယူတော့မည်ဖြစ်ကြောင်း မော်လမြိုင်မြို့ ကညနရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အခု လပိုင်း ဆိုင်ကယ်မူလ တန်ဖိုးရဲ့ (၂ဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ကောက်ပြီး လိုင်စင်လုပ်ပေးနေတယ်။ ဆိုတော့ (၁၂၅) စီစီ ထိုင်းနိုင်ငံလုပ် ၂ဝ၁ဝ မော်ဒယ် (၁) စီး လိုင်စင်လုပ်ရင် ကျပ် (၇) သိန်းကျော် ကုန်မယ်။ အဲဒါ ဒီလ ကုန်အထိပဲ၊ လကုန်တာနဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို တပြည်လုံးမှာ ဖမ်းမယ်၊ ဖမ်းပြီးရင် ဆိုင်ကယ်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူမယ်” ဟု ပြောသည်။


ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းယူမည်ဆိုသော်လည်း ပိုင်ရှင်က ပြန်လည်ရယူလိုပါက လျှောက်ထားနိုင်ပြီး ဆိုင်ကယ်မူလတန်ဖိုး (၁ဝဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကာ ကျန် အခွန်အခ၊ လိုင်စင်ကြေးများကိုလည်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ဖမ်းဆီးခံ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်တစီးကို ပြန်ရွေးပါက ကျပ်သိန်း (၂ဝ) နီးပါး ကုန်ကျနိုင်သည့်အတွက် အပြီးအပိုင် သိမ်းသည့်သဘောဖြစ်ကြောင်း အဆိုပါ ကညနရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၉ ဒီဇင်ဘာ (၁) ရက်မှစ၍ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်မှလွဲပြီး တနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို တရားဝင် လိုင်စင် ပြုလုပ်ပေးခဲ့သည်။ စတင် ပြုလုပ်ပေးပေးချင်း ဆိုင်ကယ်တန်ဖိုး၏ (၁ဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သတ်မှတ်ကာ ကျန် အခွန်အခများကိုလည်း ပေါင်းစပ်ကောက်ခံခဲ့သည်။

ယခုကဲ့သို့ သတ်မှတ်လိုက်သည့်အတွက် ယင်းအချိန်က လိုင်စင်ပြုလုပ်ခ (၁၂၅) စီစီ နောက်ဆုံးပေါ် တရုတ်ပြည်လုပ် ဆိုင်ကယ် (၁) စီး (၁၉၃,၁ဝဝ) ကျပ်၊ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ် (၁) စီး ကျပ် (၆၄၆,၈၅ဝ) ကုန်ကျကြောင်း၊ နောက်ပိုင်း ဒဏ်ကြေးကို (၂ဝ) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည့်အတွက် တရုတ်ဆိုင်ကယ် (၁) စီး လိုင်စင်ဝင်ခ ကျပ် (၂) သိန်းကျော်နှင့် ထိုင်းဆိုင်ကယ် (၁) စီး ကျပ် (၈) သိန်းနီးပါးအထိ ကုန်ကျကြောင်း သိရသည်။

ထို့ကြောင့် တရုတ်ဆိုင်ကယ် အဝင်များသည့် မန္တလေးတိုင်းဘက်တွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ အထိုက်အလျောက် ရှိသော်လည်း ထိုင်းဆိုင်ကယ် အသုံးများသည့် မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့တွင် လိုင်စင်ပြုလုပ်သူ အလွန်နည်းသွားကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ခံတဦးက ဆိုင်ကယ်လိုင်စင်ခများ ဈေးကြီးခြင်းကြောင့် ပြီးခဲ့သည့် တလ၌ လိုင်စင်လုပ်သူ (၁) ဦးသာရှိကြောင်း၊ အားလုံး လိုင်စင်မဲ့ ဆိုင်ကယ်များကိုသာ စီးနေကြောင်း ရှင်းပြသည်။

အလားတူ မော်လမြိုင်မြို့တွင်လည်း လိုင်စင်မဲ့ဆိုင်ကယ် အလွန်များနေကာ လကုန်ပြီးနောက် ဖမ်းဆီးမှု ပြုလုပ်ပါက ယာဉ်တိုက်မှုနှင့် လာဘ်စားမှုတို့ ပိုမိုများပြား ကျယ်ပြန့်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

ရန်ကုန်မြို့မှ စီးပွားရေး ပညာရှင်တဦးက “ဒီဆိုင်ကယ်တွေ၊ ကားတွေဆိုတာ လိုင်စင်လုပ်ဖို့ ဖွင့်ပေးလိုက်၊ ပြန်ပိတ်ထားပြီး ဖမ်းလိုက် လုပ်ရမယ့် ကိစ္စမျိုးတွေ မဟုတ်ဘူး။ ဥပဒေအရ တရားဝင် နိုင်ငံခြားဝင်ငွေ ရှိရင် သင့်တော်တဲ့ သတ်မှတ် အခွန်နှုန်းထားတခုနဲ့ အမြဲတမ်း ပြည်တွင်းကို တင်သွင်းခွင့် ပေးထားရမယ့် ကုန်ပစ္စည်းတမျိုးပဲ ဖြစ်တယ်။ ခုလို လိုင်စင် လုပ်ပေးလိုက်၊ ပိတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေတာတွေဟာ ဈေးကွက်စီးပွားရေးနဲ့ လျော်ညီမှု မရှိဘူး” ဟု ဝေဖန်ထောက်ပြသည်။

ဆိုင်ကယ်လိုင်စင် အဝင်များသည့် မန္တလေးတိုင်းအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ (၁) ရက်မှ ၂ဝ၁ဝ ဇွန်လ ပထမပတ်အထိ ၁၇ ယ နံပါတ် အစီး (၉၆,ဝဝဝ)၊ ၁၈ ယ နံပါတ် (၇၇,၅ဝဝ) စုစုပေါင်း (၁၇၃,၅ဝဝ) စီး လိုင်စင်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝဝ၉ ဇူလိုင်လအထိ မှတ်ပုံတင်ထားသည့် ယာဉ်အရေအတွက် (၂) သန်းကျော်ရှိသည့်အနက် ဆိုင်ကယ် (၁) သန်း (၆) သိန်းကျော် ပါဝင်ကြောင်း အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။


အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အရေးယူပေးရန် (၆၅) ဖွဲ့က တောင်းဆို

မြတ်ခိုင်ဦး / ၁၅ ဇွန် ၂၀၁၀

မလေးရှားနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေး၊ အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်း (၆၅) ဖွဲ့တို့က ပူးပေါင်း၍ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန် တောင်းဆိုလိုက်သည်။

အဆိုပါ အဖွဲ့အစည်းများ ပူးပေါင်း၍ Klang, Selangor တွင်ရှိသော Maxter Glove Manufacturing Co.Ltd က အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်၊ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို အရေးယူပေးရန် မလေးရှားအစိုးရအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မလေးရှားရှိ Supermax Corporation ကုမ္ပဏီကြီး၏ လက်အောက်ခံတခုဖြစ်သည့် ဆေးဘက်ဆိုင်ရာသုံး လက်အိတ်များ ထုတ်လုပ်သည့် Maxter Glove Manufacturing ကုမ္ပဏီက ၎င်းတို့စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ငွေကြေးအရ ခေါင်းပုံဖြတ်မှုများ ရှိနေသည့်အတွက် ယင်းသို့ တောင်းဆိုရခြင်းဖြစ်သည်။

အဆိုပါ Maxter Glove ကုမ္ပဏီက အလုပ်ရှင်ပေးသွင်းရမည့် လုပ်သားငှားရမ်းခ အခွန်အား အလုပ်သမားလစာမှ ဖြတ်ယူခြင်း၊ ရင်းဂစ် (၁၈၀) သာကုန်ကျသော ကျန်းမာရေးဆေးစစ်ခကို အလုပ်သမားထံမှ ရင်းဂစ် (၁,၀၀၀) နုတ်ယူခြင်း၊ အလုပ်သမားများအား (၂) လစာ လခမပေးဘဲ နေရာထိုင်ခင်းမပေးခြင်း၊ နားရက်မရှိ တနေ့ အလုပ်ချိန် (၁၃) နာရီအထိ ခိုင်းစေခြင်း၊ မလေးရှားဥပဒေအရ ပြဋ္ဌာန်းထားသည့် အိုဗာတိုင်ကြေး မပေးခြင်း စသည်တို့အပြင် အလုပ်သမားအခွင့်အရေး တင်ပြတောင်းဆိုသူ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအား အလုပ်မှ ထုတ်ပစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ခေါင်းပုံဖြတ် မတရားမှုများအား အလုပ်မှ အထုတ်ခံရသူ ကိုသုမောင်က Subang Jaya အလုပ်သမားဌာနသို့ တရားဝင်တိုင်တန်းခဲ့ပြီးသည့်နောက် Port Kalang မြို့ရှိ အလုပ်သမားဌာနသို့ ထပ်မံတိုင်တန်းခဲ့ရာမှ ဌာနက အရေးယူ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စအား ကူညီဆောင်ရွက်ပေးနေသည့် Burma Campaign Malaysia မှ ကိုထွန်းထွန်းက “စက်ရုံရဲ့ ၀ယ်လက်အားလုံးဟာ အမေရိကနဲ့ ဥရောပကဖြစ်တယ်။ ဒါကြောင့် အဲဒီဘက်အဖွဲ့တွေ ပူးပေါင်းလာကာ စားသုံးသူအခွင့်အရေး လှုပ်ရှားသူတွေပါ ပါဝင်လာပြီး စက်ရုံကို ဖိအားပေးနိုင်ဖို့ အခုလို (၆၅) ဖွဲ့ ပူးပေါင်းပြီးထုတ်လိုက်ရတာ။ နောင်မှာ မလေးရှားက စက်ရုံတွေအနေနဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာလာလိမ့်မယ်၊ အထူးသဖြင့် ဒီကိစ္စ အောင်မြင်သွားရင်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် အလုပ်သမားအခွင့်အရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော်လည်း အချို့သော အလုပ်ရှင်ဆိုးများက မတရားမှုများအား ဆက်လက် ကျူးလွန်နေဆဲဖြစ်ပြီး ယခုကဲ့သို့ အင်အားစု (၆၅) ဖွဲ့မှ ပူးပေါင်းအရေးဆို တောင်းဆိုမှုမျိုးသည် မလေးရှားနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်။

အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရ တာဝန်ရှိသူများက လိုအပ်သည့်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာပြည်သား အများဆုံးပါဝင်ပြီး (၆၀) ရာခိုင်နှုန်းသည် တရားဝင်နိုင်ငံကူး လက်မှတ်ဖြင့် လာရောက်သူများဖြစ်ကြသည်။ မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်နှင့် ဒုက္ခသည် (၂) သိန်းခန့်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယမန်နေ့ထုတ် မလေးရှား မာဒေးကားရီဗျူး သတင်းစာကြီးမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို မေးမြန်းသော်လည်း မည်သို့မှ ပြန်လည်ဖြေကြားခြင်းမပြုဟု သိရသည်။

အသင်းအဖွဲ့ ဖွဲ့ခွင့်မပေးသည့် နအဖကို မြန်မာအလုပ်သမားအဖွဲ့များ ဝေဖန်

ရဲရင့် / ၁၅ ဇွန် ၂၀၁၀

အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ILO) ညီလာခံတွင် မြန်မာနိုင်ငံ၌ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရသည့်ကိစ္စအား ညီလာခံကိုယ်စားလှယ်များက တင်ပြခဲ့ရာတွင် နအဖကိုယ်စားလှယ်များက လက်မခံဘဲ ကာကွယ်ပြောဆိုခဲ့မှုကို မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြစ်တင်ဝေဖန်လိုက်သည်။

ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာပြည်မှာ အလုပ်သမား၊ လယ်သမား သမဂ္ဂတွေ မရှိတဲ့အခါကြတော့ သက်ဆိုင်ရာ လူထုလူတန်းစားတွေကို အမာခံထား ရပ်တည်ပြီး အကာအကွယ်ပေးမယ့် အဖွဲ့အစည်းမရှိဘူး။ မြန်မာပြည်မှာက အဲဒီကိစ္စတွေ လျစ်လျူရှုခံထားရတာ ကြာပြီ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားအပါအ၀င် လူထုလူတန်းစားအားလုံးသည် သက်ဆိုင်ရာသမဂ္ဂများ ပေါ်လာပါက သက်ဆိုင်ရာ လူထုလူတန်းစားကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်ဟု ၎င်းကပြောသည်။

“မြန်မာပြည်မှာ ၁၉၆၄ ခုနှစ်ကစပြီး ဦးနေ၀င်းလက်ထက်မှာ အသင်းအဖွဲ့များဆိုင်ရာ အက်ဥပဒေအရ သမဂ္ဂတွေ အကုန်ဖျက်သိမ်းခံလိုက်ရတယ်။ အမည်ခံအစည်းအရုံးပဲ ရှိတော့တယ်။ ဒါတွေဟာ သမဂ္ဂတွေ မဟုတ်ဘူး။ စစ်အုပ်စုကတော့ ဒီသမဂ္ဂဆိုတဲ့နာမည်ကို လုံးဝမကြားချင်ဘူး။ လွတ်လပ်တဲ့သမဂ္ဂကို လိုချင်ရင်တော့ ဒီစစ်အုပ်စုကို အရင်ဆုံးဖြုတ်ချရမှာ ဖြစ်မယ်” ဟု ဦးမိုးကြိုးက ဆိုသည်။

မြန်မာအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ၏ တာဝန်ခံ ဦးသံဒုတ်ကလည်း မြန်မာနိုင်ငံတွင် လက်ရှိအလုပ်သမားများ လုပ်အားခနည်း၍ အလုပ်ချိန်ပို လုပ်ကြရသည့်အတွက် ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း၊ တာဝန်ယူ ၀င်ရောက်ကူညီ ဖြေရှင်းပေးမည့် အဖွဲ့အစည်းများ မရှိသည့်အတွက် လွတ်လပ်သည့် အသင်းအဖွဲ့များနှင့် သမဂ္ဂများ မဖြစ်မနေလိုအပ်နေကြောင်း ပြောဆိုသည်။

၎င်းက “လူ့အဖွဲ့အစည်းတရပ်မှာတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့် တောင်းဆိုခွင့် ဆိုတာတွေက ဒီမိုကရေစီရဲ့အခြေခံ အနှစ်သာရတွေပဲ ဖြစ်တယ်။ သို့သော်လည်းပဲ စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ အလုပ်သမားတွေရဲ့ ရှေ့အလားအလာဟာ မြန်မာပြည်မှာ ဒိထက်ဆိုးဖို့ပဲ ရှိတယ်။ အလုပ်သမားတွေက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်တယ်” ဟု ဆိုသည်။

ဂျီနီဗာ၌ ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် (၉၉) ကြိမ်မြောက် ILO ညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကလည်း မြန်မာနိုင်ငံအတွင်း လွတ်လပ်သည့်သမဂ္ဂများ ဖွဲ့စည်းခွင့်မရခြင်းနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ILO ညီလာခံ၌ ဇွန် (၁၀) ရက်တွင် မြန်မာနိုင်ငံ အလုပ်သမားအရေးဆိုင်ရာ ဆွေးနွေးမှုများအပါအ၀င် အဓမ္မလုပ်အားခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းအသုံးပြုမှုများကို နိုင်ငံတကာမှ ညီလာခံကိုယ်စား လှယ်များက တင်ပြအရေးဆိုခဲ့ကြသော်လည်း နအဖဘက်မှ လက်မခံသည့်အကြောင်း ဦးမောင်မောင်က ရှင်းလင်းပြောကြားခဲ့သည်။

၎င်းက “ညီလာခံမှာ ကျနော်တို့တင်ပြတာကတော့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုမရှိဘူး။ ဒီကိစ္စ အခုလုပ်လို့ရတယ်။ သူတို့ပြောသလို ရွေးကောက်ပွဲကို စောင့်ဖို့မလိုဘူးဆိုတာကို တင်ပြခဲ့တယ်။ ILO ကလည်း ရွေးကောက်ပွဲနဲ့မဆိုင်ဘူး၊ ပြုပြင်ပြောင်းလဲမှု အခြေခံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းမှုတွေကို လုပ်ပါလို့ ပြောနေတာ အနှစ် (၂၀) ကျော်ပြီ ဆိုတဲ့ဟာကို ILO က ပြောပါတယ်” ဟု ဆိုသည်။

နအဖ၏ညီလာခံကိုယ်စားလှယ်က ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် မြန်မာနိုင်ငံတွင် အဆိုပါအလုပ်သမားပြဿနာများနှင့် နိုင်ငံရေးပြဿနာများ ပြေလည်သွားမည်ဟု ညီလာခံတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကို အာဏာပိုင်များက စနစ်တကျ ချိုးဖောက်မှုမှာ နှစ်စဉ်အမှုပေါင်း (၅၀၀) ခန့် လက်ခံရရှိသည်ဟု ဦးမောင်မောင်က ပြောကြားသည်။

ကြံ့ဖွံ့အမတ်လောင်းများဝတ်ဖို့ရန် သျှမ်းဝတ်စုံချုပ်တတ်သူများ နေပြည်တော်ဆင့်ခေါ်

မွေခေါဝ်

နေပြည်တော်ညွန်ကြားချက်အရ သျှမ်းပြည်မြောက်ပိုင်းမှ သျှမ်းဝတ်စုံ သပ်ရပ်ကျွမ်းကျင်စွာ ချုပ်နိုင်သူများအား နအဖအာဏာပိုင်များက ဆင့်ခေါ်ပြီး အရည်အချင်းစစ် ရွေးချယ်နေကြောင်း စုံစမ်းသိရှိရပါသည်။

“ရွေးကောက်ပွဲဝင်ပြိုင်မဲ့ အမတ်လောင်းတွေအတွက် သျှမ်းဝတ်စုံချုပ်ကျွမ်းကျင်သူ 3 ယောက်က သျှမ်းဝတ်စုံ အစုံ ၁၀၀ စီ ချုပ်ပေးရမယ်။ ဖဲစနဲ့ ရင်ဖုံးပုံစုံမျိုး တော်ဝင် ၀တ်စုံချုပ်ပေးခိုင်းတယ်” - ဟု မူဆယ်ဒေသခံတစ်ဦးကပြော ပါသည်။

ဇွန်လဆန်းပိုင်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်၊ မူစယ်ခရိုင်၊ ကျောက်မဲခရိုင်၊ ကွမ်းလုံခရိုင်နှင့် လောက်ကိုင် ခရိုင်တို့မှ သျှမ်းဝတ်စုံသပ်ရပ်ကျွမ်းကျင်စွာချုပ်နိုင်သူ တစ်ခရိုင်သုံးဦးကို နေပြည်တော်ဆင့်ခေါ်ချက်အရ အာဏာပိုင် များက ရွေးချယ်ပို့ဆောင်နေသည်ဟု ဆို၏။

ဇွန်လ ၈ ရက်နေ့ မူစယ်နှင့်နမ့်ခမ်းမြို့နယ်မှ ရွေးထုတ်သော ၁၈ ဦးအနက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌါနချုပ်က ၃ ယောက်သာ ဇကာတင်ရွေးယူသည်ဟု အဆိုပါအသိုင်းအ၀ိုင်းက ပြောပါသည်။

“လုပ်အားခအကြောင်း ဘာမှမပြောဘူးတဲ့။ ဂုဏ်ပြုတဲ့လက်မှတ်ပဲပေးမယ်လို့ကြားတယ်”- ဟု မူဆယ်ဒေသခံ နောက် တဦးက ဆက်လက်ပြောကြားပါသည်။

တချို့မှာ ကချင်ပြည်၊ သျှမ်းပြည်နှင့် စစ်ကိုင်းတိုင်းရှိ သျှမ်းလူမျိုးများအား သွားရောက်စည်းရုံးမဲဆွယ်မည့် ကြံ့ဖွံ့ကိုယ် စားလှယ်များအတွက် သျှမ်းဝတ်စုံချုပ်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

သျှမ်းပြည်မှ ရွေးကောက်ပွဲဝင်ပြိုင်မည့်ပါတီများမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ သျှမ်းပြည်နယ်မြောက် ပိုင်းတိုးတက်ရေးပါတီ (ကချင်/မှတ်ပုံတင်ခွင့်မရသေး)၊တအောင်း(ပလောင်)အမျိုးသားပါတီ၊ “၀” ဒီမိုကရက် တစ်ပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊“၀”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ကိုးကန့်ဒီမိုကရေစီနှင့်ညီညွှတ်ရေး ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနှင့်(သျှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးဦးဆောင်သည့်)ပြည်ထောင်စုပါတီ တို့ဖြစ်ကြသည်။

တိုင်းရင်းသားလူမျိုးများ သတိပြုရန်

နိုင်ငွေသိမ်း

‘နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သတိပြုရမည့် အချက်များအပေါ် အကြံပြုချက်’

တိုင်းရင်းသားများ (လူနည်းစုများ) ၏ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ အတွေ့အကြုံကို တင်ပြလိုက်ပါသည်။ သင်ခန်းစာ ယူစရာရှိလျှင် ယူပါ၊ ပစ်ပယ်စရာရှိလျှင် ပစ်ပယ်ပါ၊ ဗဟုသုတအနေဖြင့် တင်ပြခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများသည် အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ရာတွင် မိမိကိုယ်ကို မိမိရပ်တည်ခြင်းထက် ပြည်မရှိ အဖွဲ့အစည်းအပေါ် ပိုမို အားထားသည်ကို တွေ့ရသည်။ သို့သော် ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအစတွင် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများက မိမိတို့ အမျိုးသားချင်းအပေါ် အထူး အမှီသဟဲ ပြုကြသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်တွင် ဖွဲ့စည်းထားသော ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ (ရပလ) သည်သာ ပြည်မရှိ နိုင်ငံရေး အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုခဲ့သည်ကို တွေ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားများသည် ပြည်မနှင့် ပိုမိုရင်းနှီးလာပြီး ပြည်မနှင့် နိုင်ငံရေး အဆက်အသွယ်လုပ်ကာ မဟာမိတ်အဖွဲ့၊ လက်အောက်ခံအဖွဲ့အဖြစ် ဆက်သွယ် ခံယူလာကြသည်။ နဂို ပြည်မရှိ တိုင်းရင်းသားအဖွဲ့များလည်း ထိုနည်းတူစွာပင်၊ ဤဖြစ်ရပ်များက တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် မိမိကိုယ်ကိုမိမိ အားကိုးလိုစိတ် အားနည်းလျက်ရှိနေပြီး ရေရှည်တွင် ခန်းခြောက်သွားနိုင်သည်ကို ပြနေသည်။ တိုင်းရင်းသားများထဲတွင် လွတ်လပ်ပြီးနောက် ပထမအကြိမ် ရွေးကောက်ပွဲတွင် ရခိုင်နိုင်ငံရေးခေါင်းဆောင်အချို့ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သည်ကို လွတ်လပ်ရေးရရှိပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစာရင်းတွင် တွေ့ရှိရသည်။

၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားများက ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးအဖွဲ့ (ရတည) အနေဖြင့် ပြည်မရှိ နိုင်ငံရေးအဖွဲ့အစည်းများနှင့် မပေါင်းဘဲ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရသည်။ ဤလုပ်ရပ်က တိုင်းရင်းသားပါတီတရပ်သည် မိမိဘာသာမိမိ ခြေထောက်ပေါ် ရပ်တည်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။ ၁၉၆ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်သူ့တပ်ဦးကလည်း မိမိဘာသာ ရွေးကောက်ပွဲဝင်ခဲ့သည်။

တိုင်းရင်းသားပါတီ အဖွဲ့အစည်းများ၏ ရုပ်လုံးသည် ၁၉၅၈ ခုနှစ်၊ ဖဆပလ အကွဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။ ဆွေ-ငြိမ်း (တည်မြဲ) အုပ်စုဝင် ဒေါက်တာစောလှထွန်း (ကရင်ပြည်နယ်ဝန်ကြီး)၊ ဦးဇန်ထားဆင် (ကချင်ပြည်နယ်ဝန်ကြီး)၊ ဦးရှိန်ထန်း (ပြန်လည်ထူထောင်ရေးဝန်ကြီး)၊ စောအောင်ဒင် (ပါလီမန်အတွင်းဝန်-ပင်လယ်ရေကြောင်း)၊ ဦးထွန်းအောင် (ချင်းရေးရာ)၊ စောချစ်သန်း (ကရင်ပြည်နယ်)၊ ဒူးဝါးလဝမ် (ကချင်ပြည်နယ်) တို့ ဖဆပလအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၉၅၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် အသစ်ဖွဲ့စည်းလိုက်သော သန့်ရှင်းဖဆပလအဖွဲ့တွင် ဝန်ကြီးသစ် ၅ ဦးမှာ စောလူလူ (ဖာပွန်အရှေ့ပိုင်းလူမျိုးစု၊ ကရင်ပြည်နယ်ဝန်ကြီးဌာန)၊ ဒူးဝါးဇော်ရစ် (မြစ်ကြီးနား၊ ကချင်ပြည်နယ် ဝန်ကြီးဌာန)၊ ဦးကျော်မင်း (စစ်တွေ၊ ဘဏ္ဍာရေးဝန်ကြီးဌာန)၊ ဦးမောင်ကျော်ဇံ (စစ်တွေအလယ်ပိုင်းလူမျိုးစု၊ တရားရေးဝန်ကြီးဌာန)၊ ဦးရွှေကြိုင် (သံတွဲလူမျိုးစု၊ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန) နှင့် ဝန်ကြီးဟောင်းများ စဝ်ခွန်ချို (နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဝန်ကြီး)၊ စဝ်ဝÀ (ကယားပြည်နယ်ဝန်ကြီးဌာန)၊ ဦးဇာရဲလျှံ (ချင်းရေးရာဝန်ကြီးဌာန)၊ ဦးအောင်ပ (ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန)၊ စဝ်ထွန်းအေး (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဝန်ကြီးဌာန) တို့ တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိမ်စောင့်အစိုးရက ကျင်းပပေးသော အထွေထွေ ရွေးကောက်ပွဲကြီးတွင် တည်မြဲအုပ်စုဝင် တပ်မတော်အရာရှိကြီးများက တည်မြဲအနိုင်ရရှိစေရန် တိုင်းနှင့် ပြည်နယ်များ၊ အထူးသဖြင့် ကရင်-ကချင် ပြည်နယ်များတွင် မဲထည့်ခိုင်းခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်းများကို စစ်အာဏာသုံး၍ ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်နေဝင်းက ၎င်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်တွင်းမှ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးများကို တပ်မတော်မှ အငြိမ်းစားပေးခြင်း၊ အရပ်ဘက်သို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ရသည်။

ဤကဲ့သို့ ပြည်မရှိအဖွဲ့အစည်းများ၊ အထူးသဖြင့် သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ)တို့နှင့် ပူးပေါင်းခဲ့သည့်အတွက် တိုင်းရင်းသားလူမျိုးများသည် ၁၉၆၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တောင်ကြီးမြို့ စားမြိန်ရိပ်သာတွင် ကျင်းပသော တိုင်းရင်းသားလူမျိုးများ အစည်းအဝေးသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်နယ်ပေးမည်ဟု ဝန်ကြီးချုပ်ဦးနုထံမှ ကတိရထားသော မွန်နှင့် ရခိုင်တို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၂၂၆ ဦးနှင့် လေ့လာသူပေါင်း ၁ဝ၄ ဦး ညီလာခံတက်ရောက်ခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးများ၏ တန်းတူသော ပြည်ထောင်စုမူကို သန့်ရှင်း (ပထစ)၊ တည်မြဲ (ဖဆပလ) အဖွဲ့တို့က လက်မခံလိုကြသဖြင့် သန့်ရှင်း (ပထစ) ဝန်ကြီး ဒူးဝါးဆင်ဝါးနောင်နှင့် ချင်းဝန်ကြီး ဇာရဲလျန်တို့က သန့်ရှင်း (ပထစ) မူအရ တန်းတူသော ပြည်ထောင်စုမူကို ဆန့်ကျင်ကြသည်။ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးအေစိုးမြင့်ကလည်း ညီလာခံတက်ရောက်ပြီး တည်မြဲ (ဖဆပလ) မူအရ သွယ်ဝိုက်သောနည်း၊ တိုက်ရိုက်နည်းများဖြင့် ဆန့်ကျင်တိုက်ခိုက်ပါသည်။

သို့သော် အခြေအနေမလှ၍ နောက်ဆုံးတာဝန်ယူထားသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ပြည်နယ်များ ညီလာခံတွင် တည်မြဲ (ဖဆပလ)နှင့် မဟာမိတ်ပြု ဆောင်ရွက်နေသော ကချင်အမျိုးသား ကွန်ဂရက်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးဇန်ထားဆင်၊ ဒူးဝါးဇော်လွန်းတို့က တည်မြဲ (ဖဆပလ) ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ ဆန့်ကျင်ဆောင်ရွက်ခဲ့သည်။

ဖော်ပြလိုသည့်အနှစ်ချုပ်မှာ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများသည် ပြည်မရှိ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လျှင် သတိထားရန် လိုသည်။

(၁) လက်အောက်ခံ အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းခြင်း၊
(၂) မဟာမိတ်ပြုခြင်း၊
(၃) တပ်ပေါင်းစုတွင် ဝင်ရောက်ခြင်း။

ယင်းတို့အနက် (၁) နှင့် (၂) သည် မိမိတို့၏ တိုင်းရင်းသား အခွင့်အရေးများ ဆုံးရှုံးမည်။ အမှတ် (၃) ဖြစ်သည့် တပ်ပေါင်းစုဖြင့် ဖွဲ့စည်းခြင်းသည် တပ်ပေါင်းစုအတွင်း တူညီသော အခွင့်အရေး ရရှိခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရန် သင့်လျော်ပါသည်။ တပ်ပေါင်းစုနည်းဖြင့် ပူးပေါင်းဆောင်ရွက်မှသာ ပူးပေါင်းလုပ်ဆောင်ခြင်း မှန်ကန်ပေမည်။ တပ်ပေါင်းစုအတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်သော အဖွဲ့တိုင်းသည် ကြီးသည်ငယ်သည် မခွဲခြားဘဲ တူညီသော အခွင့်အရေး ရရှိကြပါသည်။ သို့သော် သတိပြုရမည်မှာ တပ်ပေါင်းစုအတွင်း အင်အားကြီးသော အဖွဲ့က အဖွဲ့ကြီး ရောဂါတက်ပြီး တပ်ပေါင်းစုကို ချုပ်ကိုင်ချယ်လှယ်ရန် ပြုလုပ်တတ်သည်။ ဤသို့ဖြစ်လျှင် တပ်ပေါင်းစုလည်း ဇိဝိန်ချုပ် ပျက်စီးသွားရတော့သည်။

တိုင်းရင်းသားလူမျိုးများသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေ ထွက်လာသောအခါ မိမိတို့လူမျိုးအလိုက် ပါတီပေါင်း ၂ဝ ကျော် ပေါ်လာပြီး အားလုံးနီးပါး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ကို ပူးပေါင်းဖွဲ့စည်းခဲ့သည်။ အချို့တိုင်းရင်းသား နိုင်ငံရေး ဆောင်ရွက်သူများသည် ပြည်မပါတီတွင် ဝင်ရောက်ခဲ့ကြသည်။ အနည်းစုသာ ဖြစ်ပါသည်။

နဝတ ကျင်းပပေးခဲ့သော ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီ ၁၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၆၇ ယောက် ရရှိခဲ့သည်။ ဤဖြစ်ရပ်သည် တိုင်းရင်းသားလူမျိုးများ ပြည်မရှိ နိုင်ငံရေးပါတီများအပေါ် မမီခိုဘဲ မိမိအမျိုးသားများနှင့် အမျိုးသားတပ်ပေါင်းစုတွင် ပူးပေါင်းဆောင်ရွက်ခြင်း၏ အနှစ်သာရကို သိရှိခဲ့ကြရသည်။ မိမိတို့၏ လူမျိုးများအပေါ်နှင့် တိုင်းရင်းသား လူမျိုးများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမျိုးစေ့ချ ဆောင်ရွက်ခြင်း အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ရလဒ်ကောင်းကို သိရှိလာသဖြင့် ဆက်လက်၍ ဤလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါသည်။

ပြည်မပါတီ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ ပါတီနှင့် ပုဂ္ဂိုလ်များသည် မိမိတို့၏ တိုင်းရင်းသားလူမျိုး အကျိုးကို ဆောင်ရွက်လိုသော်လည်း မိမိတို့ပါဝင်နေသော အဖွဲ့အစည်း၏ လမ်းစဉ်အတိုင်းသာ လိုက်လုပ်ရသည်ဖြစ်၍ မိမိဆန္ဒရှိ လိုလားသော တိုင်းရင်းသားကိစ္စများကို အပြည့်အဝဆောင်ရွက်ရန် မဖြစ်နိုင်သော အခြေအနေကို တွေ့ရှိရသည်။ ဤကဲ့သို့သော ဖြစ်ရပ်များသည် ပြည်မနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော ပါတီများ၊ ပုဂ္ဂိုလ်များ၏ အတွေ့အကြုံအရ သိရှိခဲ့ရပါသည်။ အထူးသဖြင့် ၁၉၆၁ ခုနှစ် တောင်ကြီးတွင် ကျင်းပခဲ့သော ပြည်နယ်များ ညီလာခံတွင် ပထစတိုင်းရင်းသားဝန်ကြီးများ၊ ဖဆပလ (တည်မြဲ) ဝင် တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့ ပါဝင်နေသော ပါတီအဖွဲ့အစည်းများ၏ လမ်းစဉ်အတိုင်း ပြောဆိုလုပ်ဆောင်ခဲ့သည်များက ထင်ထင်ရှားရှား သာဓကပြလျက် ရှိခဲ့သည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ တိုင်းရင်းသားလူမျိုးများသည် မိမိတို့ တိုင်းရင်းသား အကျိုးစီးပွားကို ဆောင်ရွက်ရာတွင် မိမိကိုယ်ကိုမိမိ အားကိုး၍ တိုင်းရင်းသားအချင်းချင်း ပူးပေါင်းခြင်းသာလျှင် အကောင်းဆုံး ဖြစ်ပေသည်။ ပြည်မရှိ ပါတီများနှင့် သာတူညီမျှသော အခွင့်အရေး၊ တိုင်းရင်းသားများ ရပိုင်ခွင့်များကို ဆောင်ရွက်နိုင်မှုအပေါ် လေ့လာသုံးသပ် တပ်ပေါင်းစု ဖွဲ့စည်းပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း။

တင်ပြသူ
နိုင်ငွေသိမ်း
(တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးလှုပ်ရှားမှုတွင် ဆယ်စုနှစ် ၄ စု ပါဝင်ခဲ့သူ)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသား စက်သုံးဆီအရောင်းဆိုင်ဖွင့်

မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားနှင့် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သားနှစ်ဦးတို့သည် စစ်အစိုးရ၏ အခြားသော လက်ရင်းလူယုံများနှင့် အသင်းအဖွဲ့များကဲ့သို့ပင် စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်ရသွားသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သားဖြစ်သူ ဦးထွန်းနိုင်ရွှေပိုင်ဆို်င်သော မြန်မာနိုင်ဂရု(ပ်) Myanmar Naing Group ကုမ္ဗဏီသည် ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းများအတွင်း အရောင်းဆိုင် ၆ ဆိုင်အတွက် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ရထားကြောင်း မဇ္ဈိမက လက်ခံရရှိထားသော စွမ်းအင်ဝန်ကြီးဌာနမှတ်တမ်းအရ သိရသည်။

ရန်ကုန်ရှိ ဂျေဒိုးနတ်ဆိုင် အစုရှယ်ယာပိုင် ဦးထွန်းနိုင်ရွှေ၏ မြန်မာနိုင်ဂရု(ပ်)သည် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးကိုလည်း အကြီးအကျယ်လုပ်လျှက်ရှိသည်။

မေ ၁၅ ရက်နေ့ကစတင်၍ ဒီဇယ်ဆီနှင့် ဓာတ်ဆီရောင်းချသော ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ခွင့်ပြုလိုက်ရာ တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်း၏သားများဖြစ်သော ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့၏ ကုမ္ဗဏီများဖြစ်ကြသည့် ဧရာရွှေဝါ/ရွှေယမုံကုမ္ဗဏီနှင့် ဇေကမ္ဘာတို့သည် ဆိုင် ၁၂ ဆိုင်နှင့် ၂ ဆိုင် အသီးသီးဖွင့်လှစ်ခွင့်ရရှိသည်။ ဇေကမ္ဘာကို ဦးခင်ရွှေက ပိုင်ဆိုင်သော်လည်း စက်သုံးဆီဆိုင်ပါမစ်တွင် ဦးခင်ရွှေ၏သားမက် ဦးတိုနိုင်မန်းအမည်ဖြင့် ဇေကမ္ဘာကိုတွဲကာ လုပ်ပိုင်ခွင့်ပြုခြင်းဖြစ်သည်။

ထို့အပြင် စစ်အစိုးရ၏ လူမှုရေးအသင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် စစ်တပ်အတွက် ရန်ပုံငွေရှာနေသော ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လိမိတတ်တို့လည်း စက်သုံးဆီအရောင်းဆိုင် ၁၅ ဆိုင်နှင့် ၁၄ ဆိုင် ခွင့်ပြုချက်ရရှိသည်။

အခြားသော ကုမ္ကဏီကြီးများတွင် ဦးတေဇပိုင် ထူးထရေးဒင်း၊ အဏ္ဏ၀ါကုမ္ဗဏီလိမိတတ်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု လိမိတက်၊ ရွှေသံလွင်ကုမဏီ၊ နီလာရိုးမထရေးဒင်း၊ အေးရှားလ်ဝေါ်ကုမဏီ၏အခွဲတခုဖြစ်သော ဂရင်းအေးရှား Green Asia၊ ကမ္ဘောဇနှင့် ဧရာရွှေဝါ တို့ပါဝင်သည်။

ဆီဆိုင်တခုလျှင်ဂါလံ ၃၂၀၀ မှ ဂါလံ ၁၅၀၀၀ အထိ သိုလှောင်မှာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ်ဂျာနယ် မြန်မာတိုင်းမ်က ရေးသားထားသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,15th,2010

( 41 )INGO မှ စိုက်ပျိုးဆည်ရေတံတာမံ တိုးချဲ့တည်ဆောက်

( 40 )အာရှ ၀ါရင့်ဘော်လုံး နှစ်သင်း ပွဲဦးထွက် အောင်ပွဲခံ

( 39 )တာချီလိတ်မြို့ လိုင်စင်မဲ့ကားများ ထပ်မံဖမ်းဆီးခံရ

( 38 )ရခိုင်လယ်သမားများ မြေဆီအိတ်များကို ဈေးကြီးပေး၍ ၀ယ်နေရ

( 37 ) Political parties afraid to campaign in Shan State South

( 36 )မိုးကြီးပြီး မြေပြိုမူကြောင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လူဒါဇင်နှင့် ချီပြီး သေဆုံး

( 35 )KSPP to appeal to UEC again for approval

( 34 )မှော်ဆရာလား၊ အရူးလား

( 33 )ကမ္ဘာ့ဖလားမှာတော့ မြောက်ကိုရီးယား ခြိမ်းခြောက်နိုင်မည်မဟုတ်

( 32 )အီတလီ ဂိုးသမား ဘူဖွန် ဒဏ်ရာရရှိ

( 31 )အမေရိကန်နှင့် ဆလိုဗေးနီးယား ဘယ်သူ ခြေစွမ်းပိုထက်မလဲ

( 30 ) Women journalists Increasing in Number, But Face Many Challenges

( 29 )မဏီပူရ်ပြည်နယ် လမ်းမကြီးများကို ခေတ္တဖွင့်ပေးမည်ဟု နာဂခေါင်းဆောင်များ ပြော

( 28 ) Relocated Myitsone villagers face health problems in new place

( 27 )ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော

( 26 )Sexual violence aggravates the 31 armed conflicts of 2009

( 25 )စရိတ်နည်း လေကြောင်းလိုင်း ကွာလာလမ်ပူ - ရန်ကုန် ပြေးဆွဲမည်

( 24 )Burma Buys 50 Fighter Jets From China

( 23 )မလေးရှားတွင် ယာဉ်တိုက်မှု မြန်မာ ၂ ဦး သေဆုံး

( 22 )မြန်မာအင်ဖိုတက် မီးလောင်

( 21 )Land Confiscation Increases with Military Presence

( 20 )အန်ဒီအက်ဖ်ပါတီ မှတ်ပုံတင်ကျပြီ

( 19 )S Korea ups stake in Burma gas

( 18 )မြန်မာ တယ်လီပို့ အဆောက်အအုံ မီးလောင်

( 17 )Burmese Muslim Refugees Seeking Shelter and Survival

( 16 )ပြည်သူ့ခေတ် ဂျာနယ် ထုတ်ဝေမည်

( 15 )666 Burmese Among 1,048 Foreigners in Bangladesh Jails

( 14 )ဗန်းမော်မြို့မှာ ကမ္ဘာ့ဖလားဘော့လုံးလောင်းကစားပွဲ သောင်းကျန်း

( 13 )Fire in Myanmar Info Tech in Rangoon

( 12 )မြန်မာအင်ဖိုတက် မီးလောင်

( 11 )လယ်ယာမြေများကို ယရက ဥက္ကဌ ဖျက်ဆီး

( 10 )Forgotten victims of Burma civil war

( 9 )မလေးရှားရောက် မြန်မာများ အစာငတ်ခံ ဆန္ဒပြ

( 8 )၀ါရင့် နိုင်ငံရေး သမားကြီး ဦးအောင်မြင့် ကွယ်လွန်

( 7 )US Puts Burma on Notice for Trafficking

( 6 )လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံ အနိမ့်ဆုံးစံနှုန်း မမီ

( 5 )AirAsia to fly to Yangon

( 4 )နိုင်ငံရေးနဲ့ ပတ်သက်ဖို့ လူထုအကြား စိုးရိမ်မှုရှိဆဲ

( 3 )Myanmar to Expand GSM Network Coverage

( 2 )ဈေးသက်သာ Air Asia လေကြောင်း မလေးရှား-ရန်ကုန် ပျံမည်

( 1 )Fanning the flames of Burmese democracy

Monday, June 14, 2010

ကမ္ဘာ့ဖလားဘော်လုံးပွဲအတွက် နယ်စပ်ကျွဲများဓါးစာခံဖြစ်ရ

မွေခေါဝ်

ယနေ့စတင်သည့် ကမ္ဘာ့ဖလားဘော်လုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်ကြည့်ရှုရန် ထိုင်းဘက် ခြမ်းမှ နယ်ကျွံလာသည့် ကျွဲများဖမ်းထားပြီး တီဗွီ၊ စလောင်းဖြင့် ပြန်ရွေးယူဖို့ နအဖနယ်ခြားစောင့်တပ်စခန်းက တောင်းဆိုကြောင်းစုံစမ်းသိရှိရ ပါသည်။


“ပိုက်ဆံပေးလည်း မယူချင်ဘူးတဲ့။ တီဗွီနဲ့ စလောင်းဘဲယူမယ်လို့ပြောတော့- ကမ္ဘာ့ဖလားဘောပွဲကြည့်ဖို့ဘဲ” -ဟု ၀မ့်မိုင်-မိုင်းကျွတ်ရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင် ချင်းမိုင်ခရိုင်၊ ၀ိန်းဟဲင်မြို့နယ်မျက်နှာချင်းဆိုင်၊ သျှမ်းပြည်တောင်ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပန်ကမ့် ကော်တပ်စခန်းအနီး ကင်းစောင့်အမှတ် ၂ မှ နအဖစစ်သားများက ထိုင်းနယ်ဘက်ခြမ်း ၀မ့်မိုင်-မိုင်းကျွတ်ရွာသားများ ၏ကျွဲ ၂၃ ကောင်ကို ဖမ်းထားပြီး ယခုကဲ့သို့ပြန်လည်ရွေးယူရန် ဗမာစကားပြောတတ်သည့် ပိန်းလုံရွာသားထံ အကြောင်း ကြားလာခြင်းဖြစ်သည်။

နအဖ စစ်သားများက ကျွဲပိုင်ရှင်များအား - “ခင်ဗျားတို့ရဲ့ကျွဲတွေ ကျနော်တို့နယ်ထဲကို ကျော်ဝင်လာတယ်။ဒါကြောင့်ကျွဲရွေးခ အဖြစ် တီဗွီတစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ စလောင်းတစ်ခုနဲ့လာရွေးရမယ်” - ဟုပြောကြား ကြောင်း ကျွဲပိုင်ရှင်တစ်ဦးက ပြောပါသည်။

ကျွဲပိုင်ရှင်များက နအဖစစ်သားအလိုရှိသည့်အတိုင်း အဘောတူရွေးယူမည်ဟုဆိုသောကြောင့် ကျွဲအကောင် ၂၀ ကိုသာ ပြန်ပေးပြီး သုံးကောင်အား ပစ္စည်းနှင့်လဲရန်ဆက်လက်ဖမ်းဆီးထား၏။ ယမန်နေ့က ကျွဲပိုင်ရှင်များ ၂၁ လက်မတီဗွီတစ်လုံး၊ တီဗွီစလောင်းတစ်ခုနှင့် လက်ကိုင်ဖုန်းတစ်လုံး (ပိုက်ဆံကဒ်ထည့်ပြီး)သွားပေးမှသာ ကျန်ကျွဲသုံးကောင်အားပြန်လည် ရယူနိုင်ခဲ့သည်ဟု သိရှိရသည်။

“ပစ္စည်းဝယ်ဖို့ ပိုက်ဆံအားလုံးပေါင်း ဘတ်တစ်သောင်းနီးပါးကုန်သွားတယ်” - ဟု ကျွဲပိုင်ရှင်ကပြော၏။

“ ကျနော်တို့ ကျွဲခြံက နယ်စပ်မှာဆောက် ထားတာကြာပြီ။ အခုလိုကျွဲတွေတစ်ခါမှနယ်မကျော်ဖူးဘူး။ ကျနော်တို့သွားစစ် ကြည့်တော့ ကျွဲခြံဖျက်ထားပြီး စစ်ဖိနပ်ရာတွေတွေ့ရတာကြောင့် ကျွဲတွေကို သူတို့နယ်ဘက်ရောက် သွားအောင်အကွက် ဆင်လုပ်တာဘဲဖြစ်နိုင်တယ်” ဟု အဆိုပါကျွဲပိုင်ရှင်က ပြောပါသည်။

ဓါးစာခံ ကျွဲ ၂၃ ကောင်မှာ လုံးဆိ-ပါ့ပိန်းတို့၏ ကျွဲ ၁၀ ကောင်နှင့် လုံးမောင်၊ ရပ်ကွက်စာရေးစိုင်းဆိုင်၊ လုံးပါး-ပ့ါနု၊ လုံးစော-ပါ့လိုင်တို့၏ ကျွဲများဖြစ်ကြောင်းသိရှိရသည်။

ရဲဘက်စခန်းမှ အကျဉ်းသား ထွက်ပြေးမှု များပြား

မျိုးဝင်းဇော် / ၁၄ ဇွန် ၂၀၁၀

မြန်မာနိုင်ငံတဝန်း ရဲဘက်စခန်းများမှ ရဲဘက်အကျဉ်းသား ထွက်ပြေးမှု များပြားနေကြောင်း၊ လတ်တလော ရာဇဝတ်မှု ကျူးလွန်သူများထဲတွင်လည်း ရဲဘက်ပြေးများ ပါဝင်နေကြောင်း တာဝန်ရှိသူအချို့က ပြောသည်။

မွန်ပြည်နယ် မုပ္ပလင် ရဲဘက်အကျဉ်းစခန်းမှ အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက “ကျနော်တို့ စခန်းကနေလည်း ရဲဘက်အကျဉ်းသား ထွက်ပြေးတာ အတော်များပါတယ်။ တချို့ တကယ်ပဲ ထွက်ပြေးလို့ လိုက်ဖမ်းရတာတွေ၊ ပြန်မိတာတွေ ရှိပေမယ့် စခန်းမှူး ထောင်ပိုင်နဲ့ ညှိပြီး ငွေပေး ထွက်ပြေးတာမျိုးကျတော့ လွတ်သွားတာ များပါတယ်” ဟု ရှင်းပြသည်။

၎င်း၏ ပြောပြချက်အရ ရဲဘက်စခန်းကို ရောက်လာသည့် အကျဉ်းသားများအနက် ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများသည် အကျဉ်းစခန်း တာဝန်ရှိသူများကို လာဘ်ငွေပေးပြီး အလုပ်သက်သာစေရန် လုပ်နိုင်သကဲ့သို့ ကောင်းမွန်စွာ နေထိုင်ရကြောင်း၊ ငွေကြေး မတတ်နိုင်သည့် အကျဉ်းသားများမှာ အလုပ်ကို ပိုမို ပြင်းထန်စွာ လုပ်ကိုင်ရပြီး နှိပ်စက်မှုဒဏ် ပိုခံရကြောင်း၊ နှိပ်စက်မှုဒဏ် မခံနိုင်သူများက ထွက်ပြေးရန် ကြိုးစားကြကြောင်း၊ နှစ်ကြီးအကျဉ်းကျပြီး ငွေကြေးတတ်နိုင်သူများက အကျဉ်းစခန်းမှူးထောင်ပိုင်ကို လာဘ်ငွေပေးပြီး ထွက်ပြေးလေ့ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ရဲဘက်စခန်းတို့မှ ထွက်ပြေးသွားသူများအနက် အချို့မှာ ထိုင်းနိုင်ငံဘက် တရားမဝင် ရောက်သွားပြီး လုပ်ကိုင်စားသောက်နေကြသကဲ့သို့ အချို့မှာ မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင်ကာ ရာဇဝတ်မှု ကျူးလွန်နေကြကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။

၎င်းက “လူသတ်မှု၊ လုယက်မှု၊ ဓားပြမှု၊ အယောင်ဆောင်မှုတွေ မိလိုက်ရင် ရဲဘက်ပြေးတွေချည်းပဲ။ ပြီးခဲ့တဲ့ ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြမှုကြီးဆိုလည်း ရဲဘက်ပြေးတွေ တိုက်တာပဲ။ တနိုင်ငံလုံး ရဲဘက်ပြေး ဘယ်လောက်ရှိနေတယ် စာရင်းအတိအကျ မသိနိုင်ပေမယ့် သောင်းဂဏန်းတော့ သေချာတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေ (၂၆) ရက်၊ မန္တလေး သီရိမင်္ဂလာ အဝေးပြေးဝင်းတွင် သေနတ်အတုပြ ဗိုလ်မှူးအယောင်ဆောင်ပြီး လိမ်လည်ငွေညှစ်နေသူ တဦးမှာလည်း ရဲဘက်ပြေးဖြစ်ကြောင်း အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

စစ်အစိုးရ အကျဉ်းထောင်တို့တွင် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုးရွားနေပြီး ရဲဘက်စခန်းတို့၌ ပိုဆိုးရွားကြောင်း၊ နေ့စဉ် ခိုင်းထားသည့် အလုပ်မပြီးသဖြင့် ရိုက်နှက်ခြင်းမျိုးလည်း ပုံမှန် လိုလိုဖြစ်နေသည့်အတွက် သေမှသာ သေရော ထွက်ပြေးသူ များလာသည်မှာ မဆန်းကြောင်း၊ အဆိုပါ ရဲဘက်ပြေးများအား ရပ်ကွက်ထဲ၌လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူနိုင်ခြင်း မရှိကြောင်း၊ မှုခင်း ပေါ်ပေါက်လာမှသာ ရဲဘက်ပြေး ဆိုသည့် နောက်ဆက်တွဲ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

၎င်းက “အခုပြဿနာတွေ ပြေလည်နိုင်ဖို့ဆိုရင် မြန်မာပြည်မှာ စီးပွားရေး ကောင်းလာဖို့၊ တရားစီရင်ရေးစနစ် ကောင်းလာဖို့၊ အကျဉ်းထောင်တွေ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ကိုက်ညီလာဖို့ လိုမယ်။ ဒါမှသာ ရဲဘက်ပြေး နည်းသွားပြီး လူ့အဖွဲ့အစည်းလည်း ပိုမို အန္တရာယ် ကင်းရှင်းလာနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတ၀န်းတွင် အကျဉ်းထောင်ပေါင်း (၄၃) ခုရှိပြီး ရဲဖက်စခန်းပေါင်း (၅၀) အထက် ရှိမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ အတွင်းရေးမှူုး ကိုတိတ်နိုင်က ပြောသည်။

၎င်းက “အဲဒီရဲဘက်စခန်းတွေက ထွက်ပြေးတဲ့သူ နေ့တိုင်းရှိတယ်။ သေတဲ့သူ နေ့တိုင်းရှိတယ်။ အဓိကကတော့ မခံနိုင်ကြတော့လို့ပါ” ဟု ပြောဆိုသည်။

ကရင်တပ်များ နအဖတပ်ကို ချုံခိုတိုက်ခိုက်

ရဲရင့် / ၁၄ ဇွန် ၂၀၁၀

ယနေ့ နံနက် (၇) နာရီ ခွဲတွင် နအဖ စစ်တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန် အယ်လ်အေ) တို့ မြ၀တီ ခရိုင် အတွင်း တိုက်ပွဲဖြစ် ပွားခဲ့ပြီး သေကျေ ဒဏ်ရာ ရမှုများ ရှိသည်။

ထိုင်း-မြန်မာ နယ်စပ် ကနဲလေး စခန်းတွင် တပ်ထိုင်သည့် စကခ (၁၂) လက်အောက်ခံ ခမရ (၄၀၅) တပ်သည် တာဝန် ကုန်ဆုံး၍ တပ်ချိန်းပြီး အပြန် မြ၀တီ ခရိုင် အတွင်းရှိ ဘလယ်ဒို့ အရပ်သို့ ရောက်ရှိလာစဉ် ကေအန် အယ်လ်အေ တပ်ရင်း (၁၀၃) လက်အောက်ခံ တပ်ခွဲ တခုက ချုံခို တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

မိနစ် (၂၀) ခန့်ကြာသည့် တိုက်ခိုက်မှုတွင် လက်နက်ကြီး လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု များကြောင့် ခမရ (၄၀၅) မှ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ သည်ဟု ကရင် တပ်မှူး တဦးက ပြောသည်။

မြ၀တီခရိုင်တွင် ကုန်သွယ်ရေးလုပ်ငန်း တာဝန်ယူနေသည့် အပစ်ရပ်ငြိမ်းအဖွဲ့တခု၏ ခေါင်းဆောင်တဦးက “ဒီမနက် ဘလယ်ဒို့မှာ အပစ်ခံရတဲ့ စစ်သားတွေကို ကားနဲ့ပြန်သယ်လာတာ တွေ့တယ်” ဟု ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားရာနေရာသည် ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီးတွင်ဖြစ်ပြီး မြန်မာဘက်ခြမ်းတွင် မြ၀တီခရိုင်ဖြစ်ပြီး ထိုင်းဘက်ခြမ်းတွင် ဖို့ဖတ်မြို့နယ် မော်လီချိုင်းရွာတည်ရှိကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်၌ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ဒေသခံတဦးက ပြောသည်။

ယခုလ (၁၀) ရက်နေ့ ၌လည်း ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် အတွင်း အခြေစိုက် သည့် နအဖ စစ်တပ်များ တပ်အပြောင်း အလဲ လုပ်ရန် ၀င်ရောက် လာသည့် ခမရ (၄၀၁၊ ၄၀၉၊ ၂၈၄) တပ်ဖွဲ့များကို ကေအန် အယ်အေ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) က တနေ့တည်း (၂) ကြိမ် ချုံခို တိုက်ခိုက်ခဲ့ရာ နအဖ စစ်သည် (၁၂) ဦး ကျဆုံးပြီး (၂၁) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအန်ယူ အတွင်း ရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ပြောသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည့် ကေအန် အယ်လ်အေ တပ်မဟာ (၆) ဒေသတွင် ယခုနှစ် အတွင်း နအဖနှင့် ကေအန် အယ်လ်အေ တပ်များ တိုက်ပွဲပေါင်း (၁၀) ကြိမ်ထက် မနည်း ဖြစ်ပွား ခဲ့ပြီး နှစ်ဖက် အသေ အပျောက်များ ရှိခဲ့သည်ဟု ကရင် တပ်မှူး တဦးက ပြောသည်။

အကြွေ ပြန်မအမ်းနိုင်ရာမှ ဆိုက်ကား သမား နှင့် ရဲတပ်ကြပ်ကြီး ခိုက်ရန် ဖြစ်ပွား၍ ဆေးရုံရောက်

ထွန်းထွန်း

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောမြို့တွင် ငွေအကြွေ ပြန်မအမ်းနိုင်ရာမှ ဆိုက်ကား သမားနှင့် ရဲတပ်ကြပ်ကြီး တဦးတို့ ခိုက်ရန် ဖြစ်ပွားပြီး ဒဏ်ရာ ရရှိသွားသဖြင့် နှစ်ဦး စလုံးကို ဆေးရုံသို့ ပို့လိုက်ရသည် သတင်း ရရှိသည်။

ခိုက်ရန် ဖြစ်ပွား၍ ဆေးရုံ ပို့လိုက်ရသူ နှစ်ဦးမှာ ဆိုက်ကား သမား ဦးဘသာ ( အသက်၅၀) နှင့် ရဲတပ်ကြပ်ကြီး ဦးမောင်မောင်ချေ ( ၅၃နှစ်) တို့ ဖြစ်သည်။

မျက်မြင်တဦးက “ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့် ရှိမယ် ထင်ပါတယ်။ ရဲတပ်ကြပ်ကြီးက ဆိုက်ကားစီးပီး လာပါတယ်။ အမှတ် (၁) လမ်းမကြီး ရှေ့ကိုရောက်တော့ ဆိုက်ကားက ဆင်းပီး ငွေတစ်ထောင်ကို ဆိုက်ကား သမားကို ပေးတယ်။ ဆိုက်ကား သမားက ပြန်မအမ်းနိုင်တော့ ရဲတပ်ကြပ်ကြီး ငွေကို ယူပီး ထွက်သွားတယ်။


ဆိုက်ကသမားက ငွေလိုက်တောင်းတော့ အချင်းချင်း စကားများကြတယ်။ နောက်တော့ တယောက်နဲ့ တယောက်နဲ့ ထိုးကြတော့ တာပါဘဲ။ ဆိုက်ကား သမားမှာ ဦးခေါင်း ကွဲသွားပြီး ရဲတပ်ကြပ်ကြီးမှာတော့ မျက်နှာမှာ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ နောက်တော့ လူတွေ ဖြန်ဖြေပီး ဆေးရုံကို ပို့လိုက်ရပါတယ်” ဟု ပြောသည်။

ရဲတပ်ကြပ်ကြီး ဦးမောင်မောင်ချေမှာ ဒဏ်ရာကို ဆေးထည့်ပြီး ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့သော်လည်း ဆိုက်ကားသမား ဦးဘသာမှာ ညနေပိုင်းမှ ဆေးရုံမှ ပြန်ဆင်းခဲ့ရသည်ဟု သိရသည်။ ဆေးရုံမှ ဆင်းပြီးနောက် သူ့ကို ရဲစခန်းမှ ခေါ်ယူ စစ်ဆေး မေးမြန်းမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့တွင် ငွေ အကြွေ ရှားပါးမူကြောင့် ဆိုက်ကားသမားနှင့် ဆိုက်ကားစီးသူများ အကြားတွင်၎င်း၊ ဈေးဝယ်သူနှင့် ဈေးရောင်းသူများ အကြားတွင်၎င်း မကြာခဏ ခိုက်ရန် ဖြစ်ပွားနေကြောင်း သိရှိရသည်။

သို့သော်လည်း ယခင်က ငွေအကြွေအစား ဈေးဆိုင်များမှ ထုတ်ပေးသော တိုကင် အကြွေများကြောင့် တစုံတရာ ပြဿနာ မရှိခဲ့သော်လည်း တိုကင်များ ထုတ်လုပ်ခွင့်ကို ပိတ်ပင် ပြီးနောက် ပြဿနာများ ယခုကဲ့သို့ ပြန်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာ စစ်အစိုးရမှ ငွေအကြွေများကို ဘဏ်များမှ လဲလှယ် ထုတ်ပေးနေကြောင်း ကျေညာသော်လည်း နယ်စပ်မြို့ မောင်တောတွင် ငွေ အကြွေများ လှဲလှယ် ထုတ်ပေးခြင်း မရှိသဖြင့် ဈေးဝယ် ဈေးရောင်းရာတွင် လူထု အနေဖြင့် အထူးအခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရသည်။

ရောင်းအားမကောင်းသည့်ကြား ပုံပါကျင်စည်ပင် ဆိုင်ခန်းအခွန်တိုးကောက်

မွေခေါဝ်

သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲ စည်ပင်သာယာရေးအဖွဲ့က အိမ်ခွန် ဆိုင်ခွန်များကို ယခင်က ထက် နှစ်ဆတိုးမြှင့်ကောက်ခံလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လပထမပတ်မှစ၍ လမ်းမကြီးဘေးရှိ အိမ်ဆိုင်များနှင့် မြို့ပေါ် ၅ ရပ်ကွက်ရှိဆိုင်ခန်းများကို ကျိုင်းတုံမှ လာရောက် ရုံးထိုင်သည့် စည်ပင်အရာရှိနှင့် လက်အောက်ငယ်သားနှစ်ယောက်က အခွန်လိုက်လံကောက်ခံလျက်ရှိကြောင်းသိရှိရ သည်။

“ဆိုင်ကြီးတွေဆိုရင် ကျပ်ငွေ ၁၅၀၀၀၊ ဆိုင်ငယ်တွေဆိုရင် ကျပ်ငွေ ၆၀၀၀-၇၀၀၀ ပေးဆောင်ရတယ်” ဟု ဆိုင်ရှင် တစ်ဦးက ပြောကြားပါသည်။

ပုံပါကျင်မြို့နယ်ခွဲတွင် ဆိုင်ကြီး ၈ ဆိုင်သာရှိပြီး ဆိုင်ငယ် အများအပြားရှိသည်ဟုဆို၏။

“အရင်ကအိမ်ဆိုင်အသေးစားလေးတွေဆိုရင် ၂၀၀၀-၅၀၀၀ ပေးရတယ်။ ဆိုင်ခန်းကြီးဆို ၅၀၀၀-၈၀၀၀ ပဲပေးရတယ်။ ဆိုင်ခန်းအကြီးအသေးအပေါ်၊ တင်ရောင်းတဲ့ ပစ္စည်းအပေါ်ကြည့်ပြီးကောက်တယ်။ ဆိုင်ခန်းသားနားရင် ပိုပေးရတာ ပေါ့။ အရင်က လေးငါးထောင်ပေးရတဲ့ဆိုင်ခန်း အခုတစ်သောင်းခွဲတက်သွားတယ်။ ၀မ်းစာအတွက် ခက်ခဲပြီးရောင်းအား မကောင်းတဲ့ကြား အခွန်းတိုးကောက်လိုက်တော့ အခက်တွေ့တာပေါ့” အဆိုပါ ဆိုင်ရှင်က ပြောပါသည်။

ငွေကြေးပြေလည်သည့်ဆိုင်ရှင်များက ဆိုင်ခန်းခွန်ချက်ချင်းပေးဆောင်နိုင်သော်လည်း ချက်ချင်းမပေးနိုင်သည့် ဆိုင် ရှင်များမှာမူ ရက်အနည်းငယ်ထပ်ပေးရန် တောင်းပန်ထားကြ၏။သို့သော် ဆိုင်ခန်းခွန် မပေးဆောင်ပါက ဆိုင်ခန်း ဆက်ဖွင့်ခွင့်ပေးမည်မဟုတ်ဟု စည်ပင်အာဏာပိုင်များက သတိပေးထားကြောင်း ဒေသခံများ ပြောကြားချက် အရ သိရှိရသည်။


အသက်မပြည့်သူ ကလေးငယ်နှစ်ဦး စစ်တပ်ထဲ ဆွဲသွင်းခံရ

ခိုင်ခိုင်ဇံ

ရခိုင်ပြည်နယ် မောင်တောမြို့ အောင်ဗလ ကျေးရွာမှ စစ်မူ ထမ်းဆောင်ရန် အသက် မပြည့်သေးသည့် ကလေး နှစ်ဦးကို စစ်တပ်မှ ဆန်တအိတ်နှင့် ငွေ တသိန်း ပေးမည်ဟု ဆိုကာ စစ်တပ်ထဲသို့ အတင်း အဓမ္မ စည်းရုံး သိမ်းသွင်း သွားသည် ဟု သတင်း ရရှိသည်။


စစ်သား အဖြစ် ဆွဲသွင်းခံရသူ လူငယ် နှစ်ဦးမှာ အသက် ၁၇ နှစ်နှင့် ၁၆ နှစ်သာ ရှိသေးသော မောင်သန်းဌေးနှင့် မောင်ကိုလု ဆိုသည့် လူငယ် နှစ်ဦး ဖြစ်ကြောင်း ဆွေမျိုး တော်သူ တဦးက ယခုကဲ့သို့ ပြောသည်။

“ ဇွန်လ ၁၀ရက် နေ့ က မနက် ၈နာရီခန့်မှာ ဘူးသီးတောင် အခြေစိုက် ခမရ ၂၆၃ က ဗိုလ်တဦးနဲ့ တပ်ကြပ် တဦးတို့ ရောက်လာပြီး မောင်သန်းဌေးနဲ့ မောင်ကိုလုကို တပ်ထဲကို ၀င်ဝင်ချင်း မင်းတို့ကို ဆန်တစ်အိတ်နဲ့ ပိုက်ဆံ တစ်သိန်း ပေးမယ်။ ပီးတော့ မင်းတို့ဟိုရောက်ရင် ဘာဆို ဘာမှ လုပ်စရာ မလိုဘူး ဆိုတဲ့ မက်လုံးတွေနဲ့ စစ်တပ်ထဲကို မ၀င်ချင်ရင် ၀င်ချင်အောင် ပြောပြီး ဆွဲခေါ်သွားကြပါတယ်။ ၂၆၃ ဘူးသီးတောင် တပ်ရင်းကို ခေါ်သွားတာ ဖြစ်ပါတယ်။”

စစ်တပ်ထဲ ဆွဲသွင်းခံရသည့် အသက် ၁၆ နှစ်သာ ရှိသေးသော မောင်ကိုလု မှာ (ဖ) ဦးမြထွန်းဖြူ (မိ) ဒေါ် မစိန်တို့ သားဖြစ်ပြီး အသက် ၁၇ နှစ် မောင်သန်းဌေးမှာ (ဖ) ဦးစိန်မောင် (မိ) ဒေါ် ဦးသန်းစိန်တို့၏ သား ဖြစ်သည်။

မိသားစုများမှာ သူတို့ကို စစ်တပ်မှ စည်းရုံး သိမ်းသွင်း သွားကြောင်းကို အဆိုပါ လူငယ် နှစ်ဦးမှာ စစ်သားများနှင့် ကျေးရွာမှ ထွက်သွားပြီးမှ သိရ ကြောင်း သူက ပြောသည်။

အဆိုပါ လူငယ် နှစ်ဦးကို မက်လုံးပေး စည်းရုံး သိမ်းသွင်းသွားသူ စစ်သား နှစ်ဦးမှာ ခမရ ၂၆၃ မှ ဒုဗိုလ် မျိုးဇော်နှင့် တပ်ကြပ်ကြီး ဇော်ဝင်းတို့ ဖြစ်ကြသည်။

အလားတူ မောင်တော မြို့သူကြီးရပ်ကွက်မှ အသက်မပြည့်သူ လူငယ် နှစ်ဦးကိုလည်း အဆိုပါ စစ်သား နှစ်ဦးမှ စည်းရုံးသိမ်းသွင်းပြီး ၂၆၃ အခြေစိုက်ရာ ဘူးသီးတောင် တပ်ရင်းသို့ မောင်သန်းဌေး၊ မောင်ကိုလုတို့နှင့် အတူ ခေါ်ဆောင်သွားကြောင်း သိရ သည်။

နအ စစ်အစိုးရ အနေဖြင့် မြန်မာ့ တပ်မတော်တွင် အသက်မပြည့်သည့် ကလေးများ စစ်မူထမ်းခြင်းကို ခွင့်မပြုကြောင်း ပြောကြားနေသော်လည်း နယ်ဒေသများ၌ စစ်သား စုဆောင်းရာတွင် ယခုကဲ့သို့ အသက် မပြည့်သူ လူငယ်များ ကိုလည်း စစ်တပ်က မက်လုံးပေး စည်းရုံး သိမ်းသွင်းကာ စုဆောင်း နေကြောင်း သတင်း ရရှိသည်။


စစ်တပ်သာမက ရေတပ်ကလည်း ပေါ်စတာကပ် ဆိုင်းဘုတ်ထောင်ပြီး ရခိုင်တွင် လူသစ်များ စုဆောင်း

Narinjara News

ရခိုင် ပြည်နယ်တွင် ကြည်းနှင့် ရေ နအဖ တပ်မ တော်သား များက ရဲဘော် သစ်များကို ယခုအခါ အပြိုင်အဆိုင် အပြင်းအထန် စုဆောင်း နေကြောင်း သိရသည်။

ယခုအခါ နအဖ ရေတပ်မှ ပေါက်တောနှင့် မင်းပြားမြို့နယ်များတွင် ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပြီး ရေတပ်သားသစ်များကို စုဆောင်းနေကြောင်း ဒေသခံ တဦးက ပြောသည်။

“သူတို့ ထောင်တဲ့ ဆိုင်းဘုတ်နဲ့ ကြော်ငြာ ထဲမှာ ဘယ်လို ပါသလဲ ဆိုရင် - သင့်ကို မြန်မာ့ ပင်လယ်ပြင်ကို ကာကွယ်ဖို့ မြန်မာ့ ရေတပ် က အလိုရှိသည်- ဆိုပီး ပါဝင် ပါတယ်။ ၀င်တဲ့ သူကို ပိုက်ဆံ တသိန်း ဆန်တအိတ် ပေးတယ်လို့လည်း သိရပါတယ်။”


အရင်က မြန်မာ့ရေတပ်ကို ၁၀ တန်းအောင် အဆင့် ရှိသူများမှသာ ၀င်ရောက်ခွင့် ရှိသော်လည်း ယခုအခါ ရှစ်တန်းအောင် အဆင့်များကိုပါ စည်းရုံးသိမ်းသွင်းနေသည်ဟု သူက ပြောသည်။

ယခုကဲ့သို့သိမ်းသွင်းနေမူအပေါ် စစ်တွေ ရေတပ် အငြိမ်းစား တဦးကို မေးကြည့်ရာ သူက “ အခုလို စုဆောင်းတာက အချက် နှစ်ချက် ရှိပါတယ်။ တချက်က ရေတပ်ကို အကြီးအကျယ် တိုးချဲ့ဖို့ နအဖ စစ်အစိုးရက စီစဉ်နေပါတယ်။ ဒုတိယ အချက်ကတော့ အရင်ကလို ရေတပ်တွေ စစ်တပ်တွေကို လူငယ်တွေက မ၀င်တော့ဘူး။ ဒါကြောင့် မြန်မာ့ ရေတပ် အနေနဲ့ ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပီး စည်းရုံးလာရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ရေတပ်မှ တပ်သားသစ် စုဆောင်းသော ပိုစတာများနှင် ဆိုင်းဘုတ်များကို ပေါက်တောနှင့် မင်းပြားမြို့ နယ် ကျေးရွာတိုင်းတွင် မြင်တွေ့နိုင်ပြီး တပ်သားသစ်များ ရရှိရေး အတွက် လူငယ်များကို မက်လုံး အမျိုးမျိုးပေးကာ စည်းရုံးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်သားသစ် တဦး၏ ဈေးနုံးမှာ ကျပ် တသိန်းနှင့် နှစ်သိန်းကြားရှိပြီး တပ်ထဲကို ၀င်ရောက်သည်နှင့် တပြိုင်နက် အဆိုပါငွေနှင့် ဆန်ကို ချက်ချင်း ထုတ်ပေးသည်ဟု သိရသည်။