Monday, June 14, 2010

အကြွေ ပြန်မအမ်းနိုင်ရာမှ ဆိုက်ကား သမား နှင့် ရဲတပ်ကြပ်ကြီး ခိုက်ရန် ဖြစ်ပွား၍ ဆေးရုံရောက်

ထွန်းထွန်း

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောမြို့တွင် ငွေအကြွေ ပြန်မအမ်းနိုင်ရာမှ ဆိုက်ကား သမားနှင့် ရဲတပ်ကြပ်ကြီး တဦးတို့ ခိုက်ရန် ဖြစ်ပွားပြီး ဒဏ်ရာ ရရှိသွားသဖြင့် နှစ်ဦး စလုံးကို ဆေးရုံသို့ ပို့လိုက်ရသည် သတင်း ရရှိသည်။

ခိုက်ရန် ဖြစ်ပွား၍ ဆေးရုံ ပို့လိုက်ရသူ နှစ်ဦးမှာ ဆိုက်ကား သမား ဦးဘသာ ( အသက်၅၀) နှင့် ရဲတပ်ကြပ်ကြီး ဦးမောင်မောင်ချေ ( ၅၃နှစ်) တို့ ဖြစ်သည်။

မျက်မြင်တဦးက “ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့် ရှိမယ် ထင်ပါတယ်။ ရဲတပ်ကြပ်ကြီးက ဆိုက်ကားစီးပီး လာပါတယ်။ အမှတ် (၁) လမ်းမကြီး ရှေ့ကိုရောက်တော့ ဆိုက်ကားက ဆင်းပီး ငွေတစ်ထောင်ကို ဆိုက်ကား သမားကို ပေးတယ်။ ဆိုက်ကား သမားက ပြန်မအမ်းနိုင်တော့ ရဲတပ်ကြပ်ကြီး ငွေကို ယူပီး ထွက်သွားတယ်။


ဆိုက်ကသမားက ငွေလိုက်တောင်းတော့ အချင်းချင်း စကားများကြတယ်။ နောက်တော့ တယောက်နဲ့ တယောက်နဲ့ ထိုးကြတော့ တာပါဘဲ။ ဆိုက်ကား သမားမှာ ဦးခေါင်း ကွဲသွားပြီး ရဲတပ်ကြပ်ကြီးမှာတော့ မျက်နှာမှာ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ နောက်တော့ လူတွေ ဖြန်ဖြေပီး ဆေးရုံကို ပို့လိုက်ရပါတယ်” ဟု ပြောသည်။

ရဲတပ်ကြပ်ကြီး ဦးမောင်မောင်ချေမှာ ဒဏ်ရာကို ဆေးထည့်ပြီး ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့သော်လည်း ဆိုက်ကားသမား ဦးဘသာမှာ ညနေပိုင်းမှ ဆေးရုံမှ ပြန်ဆင်းခဲ့ရသည်ဟု သိရသည်။ ဆေးရုံမှ ဆင်းပြီးနောက် သူ့ကို ရဲစခန်းမှ ခေါ်ယူ စစ်ဆေး မေးမြန်းမူများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့တွင် ငွေ အကြွေ ရှားပါးမူကြောင့် ဆိုက်ကားသမားနှင့် ဆိုက်ကားစီးသူများ အကြားတွင်၎င်း၊ ဈေးဝယ်သူနှင့် ဈေးရောင်းသူများ အကြားတွင်၎င်း မကြာခဏ ခိုက်ရန် ဖြစ်ပွားနေကြောင်း သိရှိရသည်။

သို့သော်လည်း ယခင်က ငွေအကြွေအစား ဈေးဆိုင်များမှ ထုတ်ပေးသော တိုကင် အကြွေများကြောင့် တစုံတရာ ပြဿနာ မရှိခဲ့သော်လည်း တိုကင်များ ထုတ်လုပ်ခွင့်ကို ပိတ်ပင် ပြီးနောက် ပြဿနာများ ယခုကဲ့သို့ ပြန်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာ စစ်အစိုးရမှ ငွေအကြွေများကို ဘဏ်များမှ လဲလှယ် ထုတ်ပေးနေကြောင်း ကျေညာသော်လည်း နယ်စပ်မြို့ မောင်တောတွင် ငွေ အကြွေများ လှဲလှယ် ထုတ်ပေးခြင်း မရှိသဖြင့် ဈေးဝယ် ဈေးရောင်းရာတွင် လူထု အနေဖြင့် အထူးအခက်အခဲ ကြုံတွေ့နေရကြောင်း သိရှိရသည်။

No comments: