Monday, June 14, 2010

ကရင်တပ်များ နအဖတပ်ကို ချုံခိုတိုက်ခိုက်

ရဲရင့် / ၁၄ ဇွန် ၂၀၁၀

ယနေ့ နံနက် (၇) နာရီ ခွဲတွင် နအဖ စစ်တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန် အယ်လ်အေ) တို့ မြ၀တီ ခရိုင် အတွင်း တိုက်ပွဲဖြစ် ပွားခဲ့ပြီး သေကျေ ဒဏ်ရာ ရမှုများ ရှိသည်။

ထိုင်း-မြန်မာ နယ်စပ် ကနဲလေး စခန်းတွင် တပ်ထိုင်သည့် စကခ (၁၂) လက်အောက်ခံ ခမရ (၄၀၅) တပ်သည် တာဝန် ကုန်ဆုံး၍ တပ်ချိန်းပြီး အပြန် မြ၀တီ ခရိုင် အတွင်းရှိ ဘလယ်ဒို့ အရပ်သို့ ရောက်ရှိလာစဉ် ကေအန် အယ်လ်အေ တပ်ရင်း (၁၀၃) လက်အောက်ခံ တပ်ခွဲ တခုက ချုံခို တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

မိနစ် (၂၀) ခန့်ကြာသည့် တိုက်ခိုက်မှုတွင် လက်နက်ကြီး လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု များကြောင့် ခမရ (၄၀၅) မှ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးပြီး (၃) ဦး ဒဏ်ရာ ရရှိခဲ့ သည်ဟု ကရင် တပ်မှူး တဦးက ပြောသည်။

မြ၀တီခရိုင်တွင် ကုန်သွယ်ရေးလုပ်ငန်း တာဝန်ယူနေသည့် အပစ်ရပ်ငြိမ်းအဖွဲ့တခု၏ ခေါင်းဆောင်တဦးက “ဒီမနက် ဘလယ်ဒို့မှာ အပစ်ခံရတဲ့ စစ်သားတွေကို ကားနဲ့ပြန်သယ်လာတာ တွေ့တယ်” ဟု ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားရာနေရာသည် ထိုင်း-မြန်မာ နယ်စပ်မျဉ်းအနီးတွင်ဖြစ်ပြီး မြန်မာဘက်ခြမ်းတွင် မြ၀တီခရိုင်ဖြစ်ပြီး ထိုင်းဘက်ခြမ်းတွင် ဖို့ဖတ်မြို့နယ် မော်လီချိုင်းရွာတည်ရှိကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်၌ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ဒေသခံတဦးက ပြောသည်။

ယခုလ (၁၀) ရက်နေ့ ၌လည်း ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် အတွင်း အခြေစိုက် သည့် နအဖ စစ်တပ်များ တပ်အပြောင်း အလဲ လုပ်ရန် ၀င်ရောက် လာသည့် ခမရ (၄၀၁၊ ၄၀၉၊ ၂၈၄) တပ်ဖွဲ့များကို ကေအန် အယ်အေ တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) က တနေ့တည်း (၂) ကြိမ် ချုံခို တိုက်ခိုက်ခဲ့ရာ နအဖ စစ်သည် (၁၂) ဦး ကျဆုံးပြီး (၂၁) ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအန်ယူ အတွင်း ရေးမှူး (၁) ဗိုလ်မှူး စောလှငွေ က ပြောသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည့် ကေအန် အယ်လ်အေ တပ်မဟာ (၆) ဒေသတွင် ယခုနှစ် အတွင်း နအဖနှင့် ကေအန် အယ်လ်အေ တပ်များ တိုက်ပွဲပေါင်း (၁၀) ကြိမ်ထက် မနည်း ဖြစ်ပွား ခဲ့ပြီး နှစ်ဖက် အသေ အပျောက်များ ရှိခဲ့သည်ဟု ကရင် တပ်မှူး တဦးက ပြောသည်။

No comments: