Wednesday, June 16, 2010

တရုတ်နယ်စပ် လောင်းကစားရုံ ဖွင့်ပြန်

သျှမ်းသံတော်ဆင့်

စစ်ထောက်လှမ်းရေးဟောင်း တစ်ဦး၏ တိုင်တန်းမှုကြောင့် ဧပြီလ ၂၉ ရက်နေ့ ကတည်းက ပိတ်လိုက်ရသည့် တရုတ် နယ်စပ်အနီး သျှမ်းပြည် (မြောက်ပိုင်း) ကြူကုတ်(ပန်ဆိုင်းမြို့နယ်ခွဲ) အတွင်းရှိ လောင်းကစားဝိုင်းများ ယမန်နေ့ မနက်ပိုင်း က ပြန်ဖွင့်လိုက်ပြီ ဖြစ်သည်။

ကြူကုတ် (ပန်ဆိုင်း) မြို့နယ် ဋ္ဌာနဆိုင်ရာဝန်ထမ်းများထံ အခွန်ဆောင်၍ အဆိုပါ ပိတ်ထားသည့် လောင်းကစားဝိုင်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့ကနံက် ၈ နာရီလောက်ပေါ့ သူတို့ဖွင့်တာ ကစားဝိုင်းက ၅ ၀ိုင်းရှိတယ် ဟုန့်ကျာလုပေါ့ ၃ ချပ်ဖဲတွေပေါ့ တစ်ရက်ကို အခွန်က တစ်ဝိုင်းကို တရုတ်ယွမ် ငွေ ၁၀၀၀ စီရမယ်တဲ့ ” ဟု သူက ဆိုသည်။

ကြူကုတ်(ပန်ဆိုင်း)မြို့နယ် နမ့်ယားချောင်းအနီးရှိ အဆိုပါ လောင်းကစားရုံမှ လာဘ်ငွေရရန် စစ်ထောက်လှမ်းရေး ဟောင်း တစ်ဦးက တောင်းဆိုခဲ့ရာ ၄င်းတောင်းဆိုသည့် ငွေမရသဖြင့် တိုင်ကြားမှုဖြစ်ပွားပြီး လောင်းကစားရုံ ပိတ်ခံရခြင်း ဖြစ်သည်။

“စစ်ဘက်ရေးရာလုံခြုံရေး ဋ္ဌာနက မဟုတ်ဘူး အရင်စစ်ထောက်လှမ်းရေးဟောင်းပေါ့ သူကနေ လောင်းကစားဝိုင်းမှာ ငွေ တောင်းမရလို့ တခြားသူတွေ ငွေယူတယ် ဆိုပြီး လားရှိုးအထိတိုင်တာပေါ့ သူပြောသလို ငွေယူတာမရှိဘူး ” ဟု ဒေသခံ ၀န်ထမ်းတစ်ဦးက ချေပပြောကြားသည်။




No comments: