Wednesday, June 16, 2010

အသွင်ကူးပြောင်းရေးကြောင့် အပစ်ရပ် SSA နှစ်ခြမ်းကွဲခြင်းမရှိ

မွေခေါဝ်

ဧပြီလနှောင်းပိုင်းက အပစ်ရပ်သျှမ်းပြည်တပ်မတော်ဥက္ကဋ္ဌဗိုလ်ချုပ်လွယ်မောဝ်ဦးဆောင်သည့် တပ်မဟာအချို့ အသွင် ကူးပြောင်းရေးမူ လက်ခံထားသော်လည်း ယနေ့တိုင်တစုံတရာပြောင်းလဲမှုမရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။


ပြည်သူ့စစ်အသွင်ပြောင်းရေးအစီအစဉ်ကို နှစ်လနီးပါးလက်ခံထားသောအပစ်ရပ် SSA တပ်မဟာများနှင့်အသွင်ပြောင်း ရေးလက်မခံသေးသည့်အပစ်ရပ် SSA တပ်မဟာ ၁ တို့ကြား နားလည်မှု ပွင့်လင်းမှုရယူနိုင်ကြသဖြင့် လူထုတို့စိတ်ပူ နေသည့်အတိုင်း အပစ်ရပ် SSA နှစ်ခြမ်းကွဲဖွယ်မရှိနိုင်ကြောင်း အမည်မဖော်လိုသည့် တပ်မဟာ ၁ တပ်မှူးတစ်ဦးက ပြောပါသည်။

“ပြည်သူ့စစ်အသွင်ကူးပြောင်းဖို့တပ်မဟာ ၃, ၇ နဲ့ ဌါနချုပ်တပ်ဖွဲ့တို့ သဘောတူလက်ခံခဲ့ပြီဆိုပေမဲ့ အခုထက်ထိနအဖ တိုက်ရိုက်ထိန်းချုပ်တာမရှိသေးဘူး။ တပ်မဟာအားလုံး မိခင်တပ်မတော်တခုတည်းဖြစ်နေဆဲ။ ပြည်သူလူထုတို့ စိတ်မပူပါနဲ့” ဟု ပြောကြားကြောင်း အမည်မဖော်လိုသည့် ဌာနချုပ် တပ်မှူးတစ်ဦးက ပြောပါသည်။

အပစ်ရပ် SSA တပ်မဟာ ၃ နှင့် တပ်မဟာ ၇ တို့သည် နအဖ ညွှန်ကြားချက်အတိုင်း ယနေ့တိုင် လက်နက်အပ်နှံခြင်း မရှိသေးကြောင်း၊ ဗမာ့တပ်မတော်အရာရှိအယောက် ၃၀ လည်း ၎င်းတို့နှင့်လာရောက်ပူးပေါင်းခြင်းမရှိသေးသကဲ့သို့ လုပ်ငန်းအကောင်အထည် ဖော်ခြင်းလည်းမရှိသေးကြောင်း ဆက်ပြောပြပါသည်။

“တပ်မဟာ ၃ နဲ့ ၇ တို့ကလဲ ပြည်သူ့စစ်တပ်ရင်းဖွဲ့ဖို့တကယ်တမ်း နအဖအရာရှိတွေရောက်လာရင် လက်ခံမဲ့ပုံမပေါ် ပါဘူး” ဟု တပ်မဟာ ၁ အသိုင်းအ၀ိုင်းက ပြောပါသည်။

ဧပြီလနှောင်းပိုင်းက ဗိုလ်ချုပ်လွယ်မောဝ်းနှင့်ဗိုလ်ချုပ်ကိုင်ဖှ ဦးဆောင်၍လားရှိုးတိုင်းမှူးထံ အသွင်ပြောင်းဖို့လူသူ လက်နက် အင်အားစာရင်း တစ်ထောင်ကျော်ပေးအပ်ထားပြီဖြစ်သည်။

သို့သော် လူသူ/လက်နက်/ငွေအား အတောင့်တင်းဆုံးဖြစ်သည့် ဗိုလ်ချုပ်ပန်ဖှ၏ တပ်မဟာ ၁ မှာမူ ယနေ့တိုင် အသွင် ပြောင်းရေးကိစ္စ လက်ခံခြင်းမရှိဘဲ ဆက်လက်တင်းခံနေဆဲဖြစ်သည်။

No comments: