Tuesday, June 15, 2010

အသင်းအဖွဲ့ ဖွဲ့ခွင့်မပေးသည့် နအဖကို မြန်မာအလုပ်သမားအဖွဲ့များ ဝေဖန်

ရဲရင့် / ၁၅ ဇွန် ၂၀၁၀

အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ILO) ညီလာခံတွင် မြန်မာနိုင်ငံ၌ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရသည့်ကိစ္စအား ညီလာခံကိုယ်စားလှယ်များက တင်ပြခဲ့ရာတွင် နအဖကိုယ်စားလှယ်များက လက်မခံဘဲ ကာကွယ်ပြောဆိုခဲ့မှုကို မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြစ်တင်ဝေဖန်လိုက်သည်။

ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာပြည်မှာ အလုပ်သမား၊ လယ်သမား သမဂ္ဂတွေ မရှိတဲ့အခါကြတော့ သက်ဆိုင်ရာ လူထုလူတန်းစားတွေကို အမာခံထား ရပ်တည်ပြီး အကာအကွယ်ပေးမယ့် အဖွဲ့အစည်းမရှိဘူး။ မြန်မာပြည်မှာက အဲဒီကိစ္စတွေ လျစ်လျူရှုခံထားရတာ ကြာပြီ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားအပါအ၀င် လူထုလူတန်းစားအားလုံးသည် သက်ဆိုင်ရာသမဂ္ဂများ ပေါ်လာပါက သက်ဆိုင်ရာ လူထုလူတန်းစားကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်ဟု ၎င်းကပြောသည်။

“မြန်မာပြည်မှာ ၁၉၆၄ ခုနှစ်ကစပြီး ဦးနေ၀င်းလက်ထက်မှာ အသင်းအဖွဲ့များဆိုင်ရာ အက်ဥပဒေအရ သမဂ္ဂတွေ အကုန်ဖျက်သိမ်းခံလိုက်ရတယ်။ အမည်ခံအစည်းအရုံးပဲ ရှိတော့တယ်။ ဒါတွေဟာ သမဂ္ဂတွေ မဟုတ်ဘူး။ စစ်အုပ်စုကတော့ ဒီသမဂ္ဂဆိုတဲ့နာမည်ကို လုံးဝမကြားချင်ဘူး။ လွတ်လပ်တဲ့သမဂ္ဂကို လိုချင်ရင်တော့ ဒီစစ်အုပ်စုကို အရင်ဆုံးဖြုတ်ချရမှာ ဖြစ်မယ်” ဟု ဦးမိုးကြိုးက ဆိုသည်။

မြန်မာအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ၏ တာဝန်ခံ ဦးသံဒုတ်ကလည်း မြန်မာနိုင်ငံတွင် လက်ရှိအလုပ်သမားများ လုပ်အားခနည်း၍ အလုပ်ချိန်ပို လုပ်ကြရသည့်အတွက် ၎င်းတို့၏ အခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်း၊ တာဝန်ယူ ၀င်ရောက်ကူညီ ဖြေရှင်းပေးမည့် အဖွဲ့အစည်းများ မရှိသည့်အတွက် လွတ်လပ်သည့် အသင်းအဖွဲ့များနှင့် သမဂ္ဂများ မဖြစ်မနေလိုအပ်နေကြောင်း ပြောဆိုသည်။

၎င်းက “လူ့အဖွဲ့အစည်းတရပ်မှာတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့် တောင်းဆိုခွင့် ဆိုတာတွေက ဒီမိုကရေစီရဲ့အခြေခံ အနှစ်သာရတွေပဲ ဖြစ်တယ်။ သို့သော်လည်းပဲ စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ အလုပ်သမားတွေရဲ့ ရှေ့အလားအလာဟာ မြန်မာပြည်မှာ ဒိထက်ဆိုးဖို့ပဲ ရှိတယ်။ အလုပ်သမားတွေက အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ရေးအတွက် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရဦးမှာ ဖြစ်တယ်” ဟု ဆိုသည်။

ဂျီနီဗာ၌ ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးခဲ့သည့် (၉၉) ကြိမ်မြောက် ILO ညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUB) ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ကလည်း မြန်မာနိုင်ငံအတွင်း လွတ်လပ်သည့်သမဂ္ဂများ ဖွဲ့စည်းခွင့်မရခြင်းနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ILO ညီလာခံ၌ ဇွန် (၁၀) ရက်တွင် မြန်မာနိုင်ငံ အလုပ်သမားအရေးဆိုင်ရာ ဆွေးနွေးမှုများအပါအ၀င် အဓမ္မလုပ်အားခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းအသုံးပြုမှုများကို နိုင်ငံတကာမှ ညီလာခံကိုယ်စား လှယ်များက တင်ပြအရေးဆိုခဲ့ကြသော်လည်း နအဖဘက်မှ လက်မခံသည့်အကြောင်း ဦးမောင်မောင်က ရှင်းလင်းပြောကြားခဲ့သည်။

၎င်းက “ညီလာခံမှာ ကျနော်တို့တင်ပြတာကတော့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုမရှိဘူး။ ဒီကိစ္စ အခုလုပ်လို့ရတယ်။ သူတို့ပြောသလို ရွေးကောက်ပွဲကို စောင့်ဖို့မလိုဘူးဆိုတာကို တင်ပြခဲ့တယ်။ ILO ကလည်း ရွေးကောက်ပွဲနဲ့မဆိုင်ဘူး၊ ပြုပြင်ပြောင်းလဲမှု အခြေခံ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းမှုတွေကို လုပ်ပါလို့ ပြောနေတာ အနှစ် (၂၀) ကျော်ပြီ ဆိုတဲ့ဟာကို ILO က ပြောပါတယ်” ဟု ဆိုသည်။

နအဖ၏ညီလာခံကိုယ်စားလှယ်က ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် မြန်မာနိုင်ငံတွင် အဆိုပါအလုပ်သမားပြဿနာများနှင့် နိုင်ငံရေးပြဿနာများ ပြေလည်သွားမည်ဟု ညီလာခံတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကို အာဏာပိုင်များက စနစ်တကျ ချိုးဖောက်မှုမှာ နှစ်စဉ်အမှုပေါင်း (၅၀၀) ခန့် လက်ခံရရှိသည်ဟု ဦးမောင်မောင်က ပြောကြားသည်။

No comments: