Thursday, November 19, 2015

ထိုင်းမိန်းကလေးငယ် အသတ်ခံရမှု စွပ်စွဲခံ မြန်မာလူငယ် ၄ ဦး ပတ်သက်မှု မရှိဟုဆို

ခင်ဦးသာ


ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့၌ ထိုင်းမိန်းကလေးငယ်တဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စွပ်စွဲ ဖမ်းဆီး ခံထားရသည့် မြန်မာ အလုပ်သမား လူငယ် ၄ ဦးသည် ထိုလူသတ်မှု၌ ပါဝင်ပတ်သက်မှု မရှိကြောင်း သိရသည်။

လူသတ်မှုနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသည့် ဘန်ကောက်မြို့မြန်မာသံရုံးက ဖွဲ့စည်းပေးထားသော ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်ရေး ကော်မတီ အဖွဲ့ဝင် ဦးထူးချစ်က“ဖမ်းဆီးခံထားရတဲ့ လူငယ် ၄ ယောက်ဟာ လူ သတ်မှုဖြစ်ပွားတဲ့ရက်က သူတို့ရဲ့ လုပ်ငန်းခွင်မှာ ရှိနေတယ်လို့ သူတို့ရဲ့ အလုပ်ရှင်တွေက သက်သေ ထွက်ဆိုထားပါတယ်။ နောက် တခုက အမှုဖြစ်တာနဲ့ပတ်သက်ပြီးတော့ ရထားတဲ့ CCTV ထဲက ဟာတွေကလည်း ပျက်ပယ်သွားပြီလို့ သိရတယ်။ ဒီအမှုဟာ လိပ်ကျွန်းအမှုထက်တော့ ဖြေရှင်းရ လွယ်ကူလိမ့်မယ်လို့ ယူဆရပါတယ်”ဟု ပြောသည်။

ထိုင်းမိန်းကလေးငယ်အား သတ်သူများတွင် လက်ရှိဖမ်းဆီးခံထားရသည့် လူငယ် ၄ ဦး ပါဝင်ပတ်သက်မှု မရှိသော်လည်း၊ တခြား သော မြန်မာ အလုပ်သမားတချို့ ပါဝင်ပတ်သက်နေသည်ဆိုသော သတင်းများ ရရှိထားကြောင်းနှင့် ပြစ်မှုကျူးလွန်သူများသည် မည် သည့်နိုင်ငံသားဖြစ်စေ တရားခံ အစစ်အမှန် ဖော်ထုတ်နိုင်ရေးအတွက် အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟုလည်း ဦးထူးချစ် က ဆက်ပြောသည်။

အသတ်ခံရသည့် ထိုင်းမိန်းကလေးသည် အသက် ၁၉ နှစ် အရွယ်ရှိ Orawee Samphaothong (Apple) ဆိုသူ ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုထိုင်းအမျိုးသမီးငယ်သည် သူငယ်ချင်းဖြစ်သူထံသို့ တဦးတည်း အလည်သွားစဉ် လမ်းခရီး၌ အသတ်ခံရခြင်းဖြစ်ကြောင်း၊ ဓား ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်ပြီး ဓားဒဏ်ရာ ၁၇ ချက် စစ်ဆေးတွေ့ရှိကြောင်း ရဲမှတ်တမ်းဖော်ပြမှုကို ကိုးကားပြီး ထိုင်း သတင်း စာများ၌ ရေးသားထားသည်။

လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားသည့် မြန်မာလူငယ် ၄ ဦးသည် ဆယ်ကျော်သက် အရွယ်များ ဖြစ်ကြပြီး ၎င်းတို့အား လူသတ်မှု ကျူးလွန်ခဲ့ပုံကို သရုပ်ပြခိုင်းသည့် အချိန်၌ ခြိမ်းခြောက်ခံထားရခြင်း သို့မဟုတ် ဆေးတမျိုးမျိုး တိုက်ကျွေးခံထားရသည့် ရုပ်သွင်ပြင် များ ဖြစ်နေခြင်း တို့ကို မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့ရကြောင်း သရုပ်ပြပွဲသို့ သွားရောက်ကြည့်ရှုခဲ့သည့် ရနောင်း ဒေသခံ တချို့က ဧရာဝတီ ကို ပြောပြသည်။

လူသတ်မှု ဖြစ်ပွားခဲ့သည့် ရပ်ကွက်၌ နေထိုင်သူ ကိုအောင်သက်ဦးက“ဒီကလေးတွေဟာ လူသတ်မှု ဖြစ်တဲ့အချိန်မှာ အလုပ်လုပ် နေ တဲ့ CCTV ရုပ်သံကို ရဲတွေက သိမ်းသွားပါတယ်။ ဒါပေမယ့် CCTV ကို ပြန်လာပေးတဲ့ အချိန်မှာတော့ မှတ်တမ်းတွေက ပျက်နေပြီ လို့ သိရတယ်။ ကလေးတွေ မကျူးလွန်ဘူး ဆိုတာကို ရပ်ကွက်ကလူတွေ အားလုံးက သိနေပေမယ့် ပြောပိုင်ခွင့်မရှိတော့ ငြိမ်နေကြ ရတယ်”ဟု ပြောသည်။

လူသတ်မှု ဖြစ်ပွားခဲ့သည့် အချိန်သည် ည ၈ နာရီ ၀န်းကျင်ဖြစ်သည့်အတွက် အလုပ်သွား အလုပ်ပြန်ချိန်ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားသည့် နေရာသည် မြန်မာနိုင်ငံသား အများစု နေထိုင်သည့် ရပ်ကွက်ဖြစ်သော်လည်း၊ ယခင်က ထိုသို့လူသတ်မှုမျိုး မရှိခဲ့ကြောင်း၊ လက်ရှိ ဖမ်းဆီးခံထားရသည့် လူငယ်များသည် မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူများ ဖြစ်၍ အမြန်ဆုံး ပြန်လည်လွတ်မြောက် လာ မည်ဟု ရပ်ကွက်သူ၊ ရပ်ကွက်သားများက ယုံကြည်နေကြကြောင်းလည်း ကိုအောင်သက်ဦးက ဆက်ပြောသည်။

ထိုအမှုအား ဥပဒေကြောင်းအရ အကာအကွယ် ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံ ရှေ့နေများ အသင်းချုပ်၊ ရနောင်းဒေသခံ ရှေ့နေများ အဖွဲ့မှ ဥပဒေကျွမ်းကျင်သူများ ပါဝင်သည့် အစည်းအဝေးတခုကို နိုဝင်ဘာလ ၁၉ ရက်တွင် ပြုလုပ် မည်ဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အကူအညီပေးနိုင်မည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟု ဦးထူးချစ် က ပြောသည်။

ဖမ်းဆီးခံ မြန်မာလူငယ်များသည် ရေလုပ်လုပ်သားများ ဖြစ်ကြပြီး ရနောင်းမြို့ရှိ ပင်လယ်အစားအစာများ ထုတ်လုပ်သည့် အလုပ်ရုံတွင် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း ရနောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ လအတွင်းက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ၂ဦးဖြစ်သော ဒေးဗစ် မီလာနှင့် ဟန်နာ ၀စ်ထာရစ်ခ်ျတို့ ၂ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား လူငယ် ၂ ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ၂ဦးသည်လည်း လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းခိုးမှု စသည့် ပုဒ်မများ တပ်ပြီး စွပ်စွဲ ဖမ်းဆီးခံထားရသည်။

No comments: