Thursday, November 19, 2015

ရှမ်းနှင့် ကချင်ပဋိပက္ခများအပေါ် လုံခြုံရေးကောင်စီက အရေးယူရန် လိုအပ်ပြီဟု ဘားမားကမ်ပိန်းယူကေ တိုက်တွန်း

မဇ္ဈိမ

ဘားမားကမ်ပိန်းယူကေက နိုဝင်ဘာ ၁၈ ရက် နံနက်အစည်းအဝေးတွင် မြန်မာနိုင်ငံတွင်းက အခြေအနေများနှင့် ပတ်သက်ပြီးဆွေးနွေးရာ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် တပ်မတော်က ပို၍ ထိုးစစ်ဆင်လာခြင်းနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်များသို့ တိုက်တွန်းသည်။

အစည်းအဝေးကို နိုဝင်ဘာ ၈ ရွေးကောက်ပွဲ ရလဒ်များနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ကျင်းပခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၆ ရက်က မြန်မာ့တပ်မတော်က ရှမ်းပြည်တွင် ထိုးစစ်သစ်များ ဆင်နွှဲခဲ့သည်။ ထိုးစစ်ကို တပ်ရင်း ၁၄ ရင်းဖြင့် ဆင်နွှဲရာတွင် အရပ်သားများလည်း မြေစာပင်ဖြစ်ခဲ့ရသည်ဟု ဘားမားကန်ပိန်းယူကေက ဆိုသည်။

ရွေကောက်ပွဲနေ့က အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး တပ်မတော်ဘက်က ပစ်ခတ်၍ သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများက ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်နေပြီး စစ်ရာဇဝတ်မှုနှင့် ငြိစွန်းကြောင်း ဆိုထားသည်။

ရှမ်းပြည်နယ်တွင် နှစ်ဖက်တိုက်ပွဲအတွင်း ထွက်ပြေးရသူပေါင်း ၇၀၀၀ ကျော်ထက်မနည်းရှိပြီး လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေသည်။ သို့သော် လုံခြုံရေးအခက်အခဲကြောင့် ဒုက္ခသည်များထံ အကူအညီပေးမှုများ မရောက်နိုင်သေးဘဲ ရှိနေသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၁၆ရက်အတွင်းကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့အနီး တိုက်ပွဲဖြစ်ပွးခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ကူများ၊ အမြှောက်များဖြင့် ပစ်ခတ်ကာ နယ်မြေရှင်းလင်းခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

"တိုင်းရင်းသားပြည်နယ်တွေမှာ ပဋိပက္ခတွေ ကြီးထားနေတာကို လုံခြုံရေးကောင်စီက ဝင်ပါဖြေရှင်းဖို့လိုပါတယ်။ ဒါပေမယ့် ဆယ်နှစ်နီးပါးကြာပါပြီ။ စစ်တပ်က ထိုးစစ်တွေ ဆင်နွှဲနေပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်နေဆဲပါ။ နောက်တက်မယ့် NLD အစိုးရရဲ့ ထိန်းချုပ်မှုက လွတ်နေမယ့် မြန်မာစစ်တပ်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နောက်အစိုးရတက်တာကို စောင့်မနေစရာမလိုပါ။ ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုပြီးလည်း မျှော်လင့်နေလို့ မရပါ။"ဟု ဘားမားကမ်ပိန်းယူကေ၏ ဒါရိုက်တာဖြစ်သူ Mark Farmaner ကပြောသည်။

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်မှုများ ရပ်တန့်ရန်၊ နိုင်ငံတကာဥပဒေကို လေးစားရန်နှင့် ပဋိပက္ခများဒဏ် ရင်ဆိုင်နေရသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများထံ အကူအညီများ ရောက်ရှိနိုင်ရန် တရားဝင်စာထုတ်သင့်နေပြီဖြစ်ကြောင်း၊ လုံခြုံကောင်စီကို စစ်တပ်က မနာခံပါက စစ်တပ်၊ စစ်ဗိုလ်ချုပ်များနှင့် နှီးနွယ်သည့် စီးပွားရေးလုပ်ငန်များအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် စဉ်းစားသင့်ကြောင်း ဆိုသည်။

ထိုးစစ်များရပ်တန့်ရန်နှင့် နိုင်ငံတကာဥပဒေကို လိုက်နာရန် စစ်တပ်ကို ဖိအားပေးနားချရာတွင် နိုင်ငံတကာခုံရုံး၏ အားကိုလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် သုံးသင့်ကြောင်းလည်း ၎င်းက ဆိုထားသည်။

No comments: