Friday, November 20, 2015

ဒေါက်တာအေးမောင် ထောက်ခံပွဲ စစ်တွေတွင် ပြုလုပ်မည်

စံမောင်သန်း


ဒေါက်တာအေးမောင် အနေဖြင့် ရခိုင်အမျိုးသားပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ရန် ထောက်ခံပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင် ခန်းနားကြီးကျယ်စွာ ပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ အောင်မြေကုန်းကျောင်းတွင် နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်သော ဒေါက်တာအေးမောင်အား ထောက်ခံပွဲပြုလုပ်သင့် မသင့် ဆုံးဖြတ်နိုင်ရန် အစည်းအဝေးမှ ပြုလုပ်သင့်ကြောင်း တစ်ခဲနက်ထောက်ခံခဲ့ကြခြင်းဖြစ်သည်။

“ဒေါက်တာအေးမောင်ကို ဥက္ကဋ္ဌနေရာမှာ ဆက်လက်ရပ်တည်ဖို့ ထောက်ခံပွဲကို စစ်တွေမြို့ ၀င်္ကဘာကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီးတော့၊ အဲ့ဒီထောက်ခံပွဲသို့ ဒေါက်တာအေးမောင်အပေါ် သဘောထားသ၀ဏ်လွှာတွေကို မြို့နယ်တိုင်းနဲ့ ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းတွေထံမှ တောင်းခံသွားမှာဖြစ်ပါတယ်။ ပြီးတော့ ဒေါက်တာအေးမောင်ကို ထောက်ခံပွဲသို့ ဖိတ်ခေါ်ပြီးတော့ ရခိုင်ပြည်သူတို့ကို မိန့်ခွန်းပြောပေးဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်”ဟု အခမ်းအနားမှူးဖြစ် တာဝန်ယူခဲ့သူ ဦးသန်းလှိုင်ကပြောသည်။

“ဒေါက်တာအေးမောင်ကို ထောက်ခံပွဲပြုလုပ်မှာဟာ ဒေါက်တာအေးမောင်ကို ဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ဖို့ စိတ်ဓါတ်ခွန်အားဖြည့်ဆည်းမှု သက်သက်သာဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီကို ဆန့်ကျင်တဲ့ပွဲမဟုတ်သလို၊ ပါတီထဲက ခေါင်းဆောင်တွေကို ရှုတ်ချတဲ့ပွဲ မဟုတ်ပါဘူး”ဟု အောင်မြေကုန်းဆရာတော် ဦးစန္ဒာဝရက မိန့်ကြားသည်။

အမ္ဗာရာမဆရာတော် ဦးပညောဘာသကလည်း “ယခုဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်သူတွေရဲ့ အသဲနှလုံးပါ။ ဒေါက်တာအေးမောင်အပေါ် မေတ္တာထားပြီးတော့၊ ယုံကြည်အားကိုမှုနဲ့ တက်ရောက်လာကြတဲ့ ပရိသတ်ကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒေါက်တာအေးမောင်ကို ဥက္ကဋ္ဌနေရာမှာ ပြန်လည်ထမ်းဆောင်ဖို့ အတွက်ကိုလည်း တက်ရောက်လာတဲ့ ပရိသတ်တွေက သဘောတူညီကြလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု မိန့်ကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို မွန်းလွဲ ၂ နာရီတွင်ပြုလုပ်ပြီး သုံးနာရီခွဲခန့်တွင် ပြီးဆုံးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဒေါက်တာအေးမောင်အား ထောက်ခံသည့်ပြည်သူ ၆၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ ပရိသတ်များ ဓမ္မာရုံတွင် မဆန့်၍ အပြင်ပတွင် ရာချီ၍ အားပေးခဲ့ကြသည်။

ဒေါက်တာအေးမောင်အား ဥက္ကဋ္ဌနေရာ၌ ဆက်လက်ရပ်တည်ရန် ထောက်ခံပွဲဖြစ်မြောက်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟု သိရသည်။

No comments: