မဇ္ဈိမ
မန္တလေး-မူဆယ် နှစ်လမ်းသွားအဝေးပြေးကတ္တရာလမ်းကို လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ရန် Oriental Highway ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်အသုံးပြုသွားမည်ဟု သိရသည်။
မန္တလေး-မူဆယ်အထိ ၂၈၃ မိုင်အား တစ်မိုင်လျှင် ကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းခန့်နှုန်းဖြင့် ကုန်ကျခံ အဆင့်မြှင့်မည်ဟု ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ယင်းအဝေးပြေးကားလမ်းမအား ၁၉၉၆၊ ၂၀၀၂ နှင့် ၂၀၀၈ ခုတို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက အေးရှားဝေါလ်ကုမ္ပဏီအား Build-Operate-Transfer (BOT) စနစ်ဖြင့် ခွင့်ပြုချက် ချပေးခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ယင်းအဝေးပြေးလမ်းမကြီးသည် ၂၀၁၆ ခု ဇန်နဝါရီလမှစ၍ ကွတ်ခိုင်မှ နမ့်ဖတ်ကာ အထိ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက Oriental Highway ကုမ္ပဏီအား အဆင့်မြှင့်ရန် ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်သည်ဟုဆိုသည်။
မန္တလေးမြို့မှ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အထိပေါက်သည့် ယင်းလမ်းသည် မန္တလေးမှ ပြင်ဦးလွင်၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ တို့ကို ဖြတ်သန်းသွားမည်ဖြစ်သည်။
မူလက ၁၂ ပေ နှစ်လမ်းသွားသာဖြစ်ပြီး အာရှအဝေးပြေးလမ်းမ AH-14 လမ်းပိုင်းလည်းဖြစ်သည့် ယင်း မန္တလေး-မူဆယ်လမ်းအား ၂၀၁၆ ခုမှစ၍ ၅ နှစ်စီမံကိန်းဖြင့် ၂၀၂၀ ခုတွင် အပြီးဆောင်ရွက်မည်ဟုသိရသည်။
အာရှအဝေးပြေးလမ်းမကြီး AH-14 သည် AH 1/ AH 2 လမ်းမကြီးများပေါ်မှတဆင့် ဗီယက်နမ်နိုင်ငံ Hai Phong ဆိပ်ကမ်းမြို့မှ တရုတ်နိုင်ငံ ကူမင်းနှင့် မန္တလေးမြို့တို့ကို ဆက်သွယ်ထားသည်။
အာရှလမ်းမကြီး AH-1 သည် ထိုင်း-မြန်မာနယ်စပ် မြ၀တီမှစ၍ မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့၌ အဆုံးသတ် သည်။ ထိုမှတဆင့် အိန္ဒိယကိုဖြတ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ဆက်သွယ်ထားသည်။
အာရှလမ်းမကြီး AH-2 ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မှ ကျိုင်းတုံ-တောင်ကြီး-မိတ္တီလာတို့အား ဆက်သွယ် ထားသည်။ အာရှလမ်းမကြီး AH-3 သည် အာရှလမ်းမကြီး AH-2 ပေါ်ရှိ ကျိုင်းတုံမှ မြန်မာ-တရုတ်နယ်စပ် မိုင်းလားမြို့အထိဆက်ထားသည်။
No comments:
Post a Comment