မျိုးသူအောင်
ရန်ကုန်မြို့အတွင်း ရေကြီးရေလျံမှုများ၊ ယဉ်ကြောပိတ်ဆို့မှုနှင့် အမှိုက်သိမ်းမှု စနစ်များကို အရေးကြီးဆုံး ကဏ္ဍများအဖြစ် အဓိကထား ပြန်လည်လေ့လာသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။
ရန်ကုန်တိုင်းလွှတ်တော်အနေနဲ့ ဒီသုံးခုကို အဓိကအရေးကြီးဆုံးအနေနဲ့ ထားပြီး လုပ်ဆောင်ဖို့ရှိပါတယ်။ လုပ်ဆောင်တယ် ဆိုတဲ့နေရာမှာ ဖော်ဆောင်ရမှာတော့ အစိုးရပိုင်းအနေနဲ့ ဖော်ဆောင်ရတာပေါ့။ ဒါပေမယ့် ကျွန်မတို့ အနေနဲ့ လေ့လာတဲ့အပိုင်းအနေနဲ့ ဒီသုံးခုကိုအရင်ဆုံးစပြီးတော့ လေ့လာမယ်" ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
အဆိုပါ ကိစ္စများဖြေရှင်းနိုင်ရန် အစိုးရအဖွဲ့အနေဖြင့် မည်သို့ ဖြေရှင်းပေးရမည်တို့ကို ကျွမ်းကျင်ပညာရှင်နှင့် အဖွဲ့အစည်းများခေါ်ယူ၍ ကြားနာသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီကို ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တတိယမြောက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆိတ်ကြီးခနောင်တို မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင် (၁၁) ဦးဖြင့် ရွေးခြယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
"ပြီးခဲ့တဲ့ ငါးနှစ်မှာတော့ တိုင်းဒေသကြီးအစိုးရက လုပ်ဆောင်ခဲ့တာတွေဟာ လိုအပ်ချက်တွေ ရှိခဲ့တယ်။ အဓိက ကတော့ ပြည်သူတွေကို ချမပြတာပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူ့အသံတွေကို နားထောင်ပြီးတော့ ပြည်သူတွေ လိုအပ်နေတာကို လုပ်ဆောင်သွားမယ်။ ပြည်သူတွေအတွက် ကောင်းမယ့်ဟာတွေကိုပေါ့။ လက်ရှိမှာတော့ တိုင်းဒေသကြီးအတွင်းက ကိုယ်စားတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်" ဟု ကော်မတီအတွင်းရေးမှူး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု ပပျောက်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီ အနေဖြင့် ကြိုးစားဆောင်ရွက်နေသည်ဟုဆိုသော်လည်း မိုးရသီရောက်ရှိလာပါက ရန်ကုန်မြို့ အတွင်းရေကြီး ရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်နေပြီး ယဉ်ကြောပိတ်ဆို့နေမှုများ အမှိုက်သိမ်းစနစ်နှင့် ပတ်သက်၍လည်း ပြောဆို ဝေဖန်မှုများရှိနေခြင်း ဖြစ်သည်။
No comments:
Post a Comment