Wednesday, February 17, 2016

အမှိုက်ကောက်တာ တစ်ရက်ထဲ လုပ်ကြမှာလား

မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ဒေါ်ခင်လေးရီ ရေးလိုက်တဲ့ စာကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးသားတဲ့ အကြောင်းအရာက တော့ အခုတလောမှာ စိုးရိမ်နေကြရတဲ့ ဇီကာရောဂါနဲ့ ပတ်သက်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီးပေမယ့် အလုပ်မဝင်ခဲ့ဘဲ အိမ်ထောင်မှု ထိန်းသိမ်းတဲ့ အိမ်ရှင်မပဲ လုပ်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

 သူ့ရဲ့ သားသမီးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အမြဲ ဂရုစိုက်ခဲ့သလို လက်လှမ်းမိရာ စာပေနဲ့ရေဒီယို၊ ရုပ်မြင်သံကြားများမှရတဲ့ ဗဟုသုတတွေနဲ့လည်း ပြုစုစောင့်ရှောက် ခဲ့တယ်လို့ ပြောပါတယ်။ အရင်က မိဘတွေမှာ ကလေးတွေ သွေးလွန်တုပ်ကွေ ဖြစ်မှာကို အမြဲ ပူပန်စိုးရိမ်ခဲ့ရသလို အခု အသစ်ပေါ်လာတဲ့ ဇီကာဗိုင်းရပ်ရောဂါ ဖြစ်လာမှာကို အလားတူ ခံစားနေကြရပါပြီ။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံအချို့မှာ ရောက်ရှိနေတယ်လို့ သတင်းစာတွေမှာ ဖတ်ရတော့ မြန်မာနိုင်ငံအနေနဲ့ ကြိုတင် ကာကွယ်ကြရမှာ ဟန်ပြမဟုတ်ဘဲ တနိုင်ငံလုံး အမျိုးသားရေး လှုပ်ရှားမှု အနေနဲ့ ပြုလုပ်ပေး စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါဟာ ခြင်ကနေတစ်ဆင့် ကူးစက်တာဖြစ်တဲ့အတွက် ခြင်နှိမ်နင်းရေးကို လူထုလှုပ်ရှားမှုအဖြစ် ရက်သတ္တပတ် ဆောင်ရွက်ရုံမဟုတ်ဘဲ တစ်နှစ်ပတ်လုံး အမြဲ တမ်း လုပ်ဆောင်စေချင်ပါတယ်လို့ ရေးပါတယ်။

မိမိတို့အိမ်တွေမှာ ခြင်ပေါက်နိုင်တဲ့ ဘုရားပန်းအိုး၊ ရေစည်ရေအိုးနဲ့ ရေဝပ်နိုင်တဲ့ နေရာတွေကို တစ်အိမ်ချင်း လုပ်ရင် ဖြစ်ပေမယ့် လမ်းတွေ၊ ရပ်ကွက်တွေထဲမှာ ခြင်ပေါက်ဖွားနိုင်တဲ့ ချုံနွယ်ပိတ် ပေါင်းတွေ ရေအိုင်တွေကို စည်ပင်တစ်ခုထဲနဲ့ ရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ပရဟိတ အသင်းအဖွဲ့တွေနဲ့ ရပ်ကွက်ပြည်သူတွေ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုအသွင်နဲ့ တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ တာဝန် ရှိသူတွေအနေနဲ့ ဦးဆောင်သလို ဇီကာဗိုင်းရပ်စ် မြန်မာနိုင်ငံသို့ ဝင်ရောက်မှု မရှိစေရေးအတွက် လေဆိပ်များ၊ နယ်စပ်ဂိတ်နဲ့ ဆိပ်ကမ်းများမှာ ခြင်နှိမ်နှင်းရေး အရှိန်မြှင့် လုပ်ဆောင်သွားမယ်ဆိုသလို လမ်း၊ ရပ်ကွက်၊ ကျွေးရွာနဲ့ မြို့နယ်တွေမှာလည်း လုပ်စေလိုတဲ့ ဆန္ဒနဲ့ ရေးသားပေးပို့ခဲ့တာပါလို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

No comments: