နိရဉ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ပင်လယ်ကမ်းခြေမှ သဲများကို ရေမြေ့ရှင် ကုမ္ပဏီမှ စမ်းသပ်မှုများ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။
“ ဟုတ်ပါတယ်ခင်ဗျား။ ရေမြေ့ရှင် ကုမ္ပဏီကို ပြည်ထောင်စု သတ္တုတွင်း ၀န်ကြီးဌာနက တနှစ်တိတိ စမ်းသပ်ခွင့်ပြုလိုက်ပါတယ်။ အငူမော်အနီးက မကျည်းချောင်းရွာ အနားက သဲတွေကို စမ်းသပ်သွားမှာပါ” ဟု ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
ရေမြေ့ရှင် ကုမ္ပဏီမှာ ပြည်တွင်းက ကုမ္ပဏီဖြစ်သော်လည်း အဆိုပါ လုပ်ငန်းကို တရုတ် ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သွားမည်ဟု သိရသည်။
ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်းနှင့် မောင်တောမြို့နယ် တောင်ပိုင်း မေယုကမ်းအငူ ပင်ကမ်းခြေ တစ်လျှောက်ရှိ သဲများတွင် အဖိုးတန် အလျူမီနီယမ်နှင့် တိုက်တမ်နီယံ ဓာတ်သတ္တုများ ပါဝင်နေသောကြောင့် တရုတ် ကုမ္ပဏီများ အကြိမ်ကြိမ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
“ အခုတော့ စက်ကရိယာတွေရောက်နေပါပြီ။ သတ္တုတွင်း ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ စာထဲမှာတော့ အလေးစီး သဲတွေကို စမ်းသပ်မှု ပြုလုပ်သွားမယ်လို့ ပါရှိတယ်။ ဘာသတ္တုတွေ ပါဝင်နေတယ်ဆိုတာတော့ ဖော်ပြမထားပါ” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာသို့ ဆက်သွယ်ရာ ကျေးရွာ သားတစ်ဦး အမျိုးအမည်မသိ စက်ကရိယာများ ၎င်းတို့နေထိုင်ရာ ကျေးရွာသို့ ရောက်ရှိနေပြီဟု ပြောဆိုသည်။
“ စက်ကရိယာအများအပြားတော့ ရောက်ရှိနေပါပြီ။ တစ်ခါမှ မမြင်ဖူးပါဘူး။ များသလားဆိုတော့ အများကြီးပါဘဲ။ အခုရောက်နေပါပြီ” ဟု ပြောဆိုသည်။
ယခုသဲများအား စမ်းသပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး အာဏာပိုင်များက သော်လည်းကောင်း၊ ကုမ္ပဏီ တာဝန်ရှိသူများကသော်လည်းကောင်း ဒေသခံ ပြည်သူများကို တစ်စုံတစ်ရာ တရားဝင် ရှင်းလင်းပြောဆိုမှုများ မရှိသေးကြောင်း သိရသည်။

No comments:
Post a Comment