Wednesday, February 3, 2016

သစ်တောနည်းပါး၍ သစ်ဆွဲဆင်များ အလုပ်လက်မဲ့ဖြစ်မှုနှုန်း မြင့်တက်

Marginal Revolution

"အလုပ်အကိုင်မရှိတော့တာက တကယ်ပဲ ဖြေရှင်းရခက်ပါတယ်။ သစ်ပင်တွေ မရှိတော့ သစ်ခုတ်လုပ်ငန်းလည်း မရှိတော့ဘူးလေ။"ဟု ပြီးခဲ့သည့် နှစ်နှစ်အတွင်း သစ်လုပ်ငန်းတွင် မခိုင်းစေနိုင်တော့၍ အလုပ်လက်မဲ့ သစ်ဆွဲဆင်ခြောက်ကောင်၏ ပိုင်ရှင်ဖြစ်သူ ဦးစောသာပြည့်က ပြောသည်။

ထိုင်းနယ်စပ်မှ နှစ်နာရီခွဲခရီးဖြစ်သည့် မြန်မာနိုင်ငံအရှေ့ပိုင်းက သစ်တောများတွင် လက်ရှိ၌ အလုပ်ခိုင်းစေနိုင်ခြင်း မရှိတော့သည့် ဆင်ကောင်ရေက၂၅၀၀ ရှိကြောင်း မြန်မာနိုင်ငံမှ ဆင်ပညာရှင် ဒေါ်ခိုင်ဦးမာက ပြောသည်။ ယင်းအရေအတွက်သည် အလုပ်ခိုင်းစေနိုင်ခြင်းမရှိတော့သည့် ဆင်ကောင်ရေ တက်လာခြင်းဖြစ်ပြီး ၄၀ ရာခိုင်နှုန်း နီးပါး ရှိနေခြင်းဖြစ်သည်။


"ဒီဆင်တွေ အများစုကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိနိုင်ဘူး။ ပိုင်ရှင်တွေအတွက်တော့ တကယ့်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးပါပဲ။ ဆင်တွေကို မွေးထားဖို့ဆိုတာက အရမ်းအကုန်အကျများတယ်လေ။"ဟု ဒေါ်ခိုင်ဦးမာက ပြောသည်။ အရွယ်ရောက်ပြီး ဆင်တစ်ကောင်သည် ခန္ဓာကိုယ်အလေးချိန် ပေါင် တစ်သောင်းဝန်းကျင်ရှိပြီး တစ်နေ့လျှင် အစာ ပေါင် ၄၀၀ ကျော် စားသုံးသည်။ ဆင်များအတွက် အလုပ်အကိုင် စေခိုင်းဖို့ရန်မှာလည်း ဆပ်ကပ်နှင့် သစ်ထုတ်လုပ်ငန်းများက အကန့်အသတ်ရှိနေသည်။

ဆင်များကို သစ်ဆွဲခိုင်းခြင်းက အလွန်ကြမ်းတမ်းပင်ပန်းလွန်းသည့် အလုပ်ဖြစ်သည်။ သို့သော်လည်း မြန်မာ့ ဆင်များအနေဖြင့် ထိုအလုပ်မျိုးများ လုပ်ကိုင်နေခြင်းသည် ကျန်းမာစွာ ဆက်လက်ရှိနေနိုင်ခြင်း၏ အကြောင်းတစ်ချက်လည်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၀၈ ခုနှစ်က တွက်ချက်သုတေသနပြုထားချက်အရ သစ်လုပ်ငန်းတွင် ခိုင်းစေခြင်းခံရသည့် မြန်မာ့သစ်ဆွဲဆင်များက ဥရောပရှိ တိရစ္ဆာန်ရုံများမှ ဆင်များထက် သက်တမ်းနှစ်ဆ ပိုရှည်ကြောင်း၊ တိရစ္ဆာန်ရုံများက ဆင်များမှာ ပျမ်းမျှ ၁၉ နှစ်သာ အသက်ရှည်လျှင် မြန်မာ့သစ်ဆွဲဆင်များက ၄၂ နှစ်အထိ အသက်ရှည်ကြကြောင်း တွေ့ရှိရသည်။

No comments: