Saturday, February 20, 2016

ကျောက်မဲတွင် တိုက်ပွဲကြောင့် ထွက်ပြေးလာသူ ၄၀၀၀ ကျော်ပြီ

ရွှေအောင်


တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံတိုင်းရင်းသား စုစုပေါင်း ၄၀၀၀ ကျော်သွားပြီလို့ ကူညီစောင့်ရှောက်ရေးလုပ်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက ကောက်ယူထားတဲ့စာရင်းအရ စစ်ပြေးဒုက္ခသည်ပေါင်း ၄၀၀၀ ကျောက်မဲကို ရောက်နေကြပြီလို့ ပြောပါတယ်။

“ကျနော်တို့က ဒီမှာ စာရင်းချုပ်ကြတာ၊ ဘယ်လို ချုပ်ကြလဲဆိုတော့ ညပိုင်းကျမှရတယ်၊ စခန်းကလည်း ၁၈ ခု ၁၉ ခု ဖြစ်နေတဲ့အခါကျတော့ ည ၈ နာရီလောက်ဆို စာရင်းချုပ်ပါတယ်၊ အဲ့ဒီလို ချုပ်နေတုန်း ၀င်ဝင် ၀င်ဝင်လာတွေကိုတော့ နောက်တရက်မှပဲ ပြန်ချုပ်ရပါတယ်၊ မနေ့ညက ချုပ်ထားတဲ့ စာရင်းအရ ၄၀၀၀ ရှိသွားပြီဗျ။”
ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညက ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ ညောင်ပင်လှရွာမှာ ပိတ်မိနေတဲ့ ဒေသခံ ၁၂၀ ကျော် ထပ်မံရောက်ရှိလာတာကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၄၁၀၀ ကျော် သွားပြီလို့ ပြောပါတယ်။

ထွက်ပြေးလာသူတွေဟာ ကျောက်မဲမြို့နယ် တော့ဆန်၊ ပါခါး၊ ညောင်ပန်လှ၊ ကလောင်းဝမ်း၊ တောင်ပို့လို့၊ ကန့်ဟိန်း၊ တွန့်ခန့်၊ ၀မ့်မိုင်၊ ကန့်ကန်အုပ်စု စတဲ့ကျေးရွာတွေကဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးဦးရေက အများစု ဖြစ်ပါတယ်။

သူတို့ကို မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ရိပ်သာတွေမှာ နေရာချထားပေးပြီး အခုတော့ လူများလာလို့ တချို့ ဘုန်းကြီးကျောင်းတွေမှာ အဖီချပြီး ထားထားရပါတယ်။

အစားအသောက်နဲ့နေရာထိုင်းခင်း အခုထိ အဆင်ပြေနေသေးပေမယ့် နောက်ထပ် ထွက်ပြေးလာသူတွေရှိလာရင်တော့ နေရာထိုင်ခင်းအတွက် အခက်တွေ့နိုင်တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ကျောက်မဲဒေသ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဒုဝန်ကြီးက အခု တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသက ကျေးရွာအုပ်စုတွေမှာ လူ ၈၀၀၀ ကျော် နေထိုင်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

သူ ပြောတဲ့စာရင်းအရ တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ လူဦးရေ ၄၀၀၀ ကျော်ဟာ ဒေသခံလူဦးရေရဲ့ ထက်ဝက် ပမာဏ ဖြစ်ပါတယ်။

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ အပစ်ခတ်မရပ်ရသေးတဲ့ တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့ကြား နယ်မြေပြဿ နာကြောင့် ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းကစ ကနေ့ထိ တိုက်ပွဲတွေ နေ့စဉ်လိုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်လောက်စပြီး နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။

No comments: