Friday, July 29, 2016

‘ဆိုင်းငံ့ရန်’ ညွန်ကြားမှုအောက် ပင်လုံ လူငယ် ညီလာခံ စတင်ကျင်းပ

Kachinnews


ပထမဆုံး မြန်မာနိုင်ငံလုံး ဆိုင်ရာ တိုင်းရင်းသား လူငယ်များ၏ ညီလာခံကို သတ်မှတ်ထားသည့် ရက်စွဲ အတိုင်း ယနေ့ ဇူလိုင် ၂၇ မှ စပြီး သမိုင်းဝင် ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပနေပြီ ဖြစ်သည်။

ညီလာခံကို ဥပဒေဘောင်အတွင်း အဆင်ပြေ ချောမွေ့စွာ ပြုလုပ်နိုင်ရန် တိုင်းရင်းသား လူငယ်များ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ (Coordinating Committee for Natonal Ethnic Youth Conference CCNEYC) မှ အာဏာပိုင်များ၏ ခွင့်ပြုချက်ကို ရယူနေရင်း လွန်ခဲ့သည့် နှစ်ရက် က ဤပွဲကို ‘ဆိုင်းငံ့ရန်’ ညွန်းကြား ခံခဲ့ရပါသေးသည်။

CCNEYC မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားသည့် ‘ညီလာခံ ပြုလုပ်ခွင့်နှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ် အား တွေ့ဆုံခွင့်’ တို့ကို ‘ဆိုင်းငံ့ထားရန်’ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဇူလိုင် ၂၂ ရက် ညွန်ကြားချက် အရ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က ဇူလိုင် ၂၅ ရက်နေ့မှာ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီကို အကြောင်းပြန်ခဲ့သည်။

သို့သော်လည်း ဇူလိုင် ၂၆ ရက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ညီလာခံ ကျင်းပခွင့် ပြုကြောင်း တရားဝင် စာ မထုတ်ပြန်သော်လည်း ‘ညီလာခံကို နှောက်ယှက် ဟန့်တားခြင်းမျိုး မရှိဘဲ ကျင်းပစေမည်အကြောင်း’ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက ဒီဗွီဘီသတင်းဌာကို ယမန်နေ့က ပြောကြားခဲ့သည်။

ပင်လုံ လူငယ်ညီလာခံကို ကျင်းပနိုင်ရန် လွန်ခဲ့သည့် ၅ နှစ်ခန့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကတည်းက တိုင်းရင်းသား လူငယ်များ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၃၁ ရက်အထိ ကျင်းပမည့် ပင်လုံ ကျောက်တိုင်ကွင်း လူငယ် ညီလာခံသို့ မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသားလူမျိုး ၁၄ မျိုးမှ လူငယ် ကိုယ်စားလှယ် ၆၀၀ ကျော် ပါဝင်ရန် မူလက စီစဉ်ထားသော်လည်း ၈၀၀ ပါဝင် တက်ရောက် နေကြောင်း CCNEYC မှ သိရသည်။

ယခု ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ရှိ ပင်လုံမြို့သည် ပြည်မ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မ နှင့် တောင်တန်း ပူးပေါင်းသည့် အမျိုးသား တန်းတူ အခွင့်အရေးရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကို ထူထောင်ခဲ့သော ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် ‘ပင်လုံစာချုပ်’ လက်မှတ် ရေးထိုးခဲ့သည့် သမိုင်းဝင် မြို့ ဖြစ်သည်။

ရှမ်းပြည်နယ်တွင် ပင်လုံ လူငယ် ညီလာခံ ကျင်းပနေစဉ် ကချင်ပြည်နယ်တွင်လည်း ဇူလိုင် ၂၆၊ ယမန်နေ့မှ စပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးကို မိုင်ဂျာယန်မြို့တွင် ကျင်းပနေပါသည်။ ရှေ့လ အစိုးရ၏ ‘ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ’ မတက်ရောက်မှီ တိုင်းရင်းသားများ၏ ‘ဘုံသဘောတူညီချက်’ ရရှိရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်သည်။

No comments: