Friday, July 29, 2016

နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာကိစ္စများကို အလေးထားဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်များကို KNU ဒုဥက္ကဋ္ဌ တိုက်တွန်း

ဖနိဒါ

မိုင်ဂျာယန်တွင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်း အဝေးမှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆိုင်ရာကိစ္စများအပေါ် ပြန်လည် သုံးသပ်၊ ပြင်ဆင်ခွင့်ရမှုအပေါ် အလေး ထားဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က တိုက်တွန်းလိုက်သည်။

ယခင် အစိုးရလက်ထက်က သဘောတူညီမှု ရရှိခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ထဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြည့်စွက်ထည့်သွင်းထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စနှင့် ပတ်သက်၍ ပြင်လွယ်ပြုလွယ်သည့်အချက် ဖြစ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး တညီတညွတ်ထဲ ရှေ့ဆက်သွားနိုင်ရန် အခွင့်အလမ်းတရပ် လမ်းဖွင့်ပေး ခဲ့သည်ဟု ရှုမြင်ကြောင်း ပြောဆိုထားသည်။

“အဲဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆိုင်ရာကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း အခွင့်အရေးရရှိဖို့ အပေါ် အလေးအနက်ထားပြီး ဆွေးနွေးဖို့ လိုအပ်နေပါတယ်”ဟု ပဒိုနော်စီဖိုးရာစိန်က ဇူလိုင်လ ၂၉ ရက် စတုတ္ထနေ့ အစည်းအဝေး သဘာပတိအဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယနေ့တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မုဘောင်ကိစ္စရပ်များနှင့် ပတ်သက်သည့် ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံးဖြတ်ချက် ချမှတ်သည့် ပုံစံ၊ နိုင်ငံရေး ဆွေးနွေးမှု ပုံစံအဆင့်ဆင့်နှင့် ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများကို ဆွေးနွေးမည် ဖြစ်၍ စိတ်ရှည်သည်းခံစွာ ဆွေးနွေးကြရန်လည်း တိုက်တွန်းထားသည်။

“ဒီအချက်တွေက နိုင်ငံရေးအရ ရှေ့ဆက်သွားနိုင်ဖို့အတွက် အရေးကြီးဆုံးကိစ္စရပ်များ ဖြစ်သည့်အပြင် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး သဘောတူညီမှု မရှိသေးသည့် ကိစ္စရပ်များ ဖြစ်ပါတယ်။ အဲဒါကြေင့် ဒီကနေ့ ဆွေးနွေးချက်မှာ စိန်ခေါ်မှုပိုများနိုင်မှာ ဖြစ်တဲ့အတွက် ကျမတို့ အားလုံး လိုချင်တဲ့ သဘောတုညီချက်များ ရရှိဖို့ ခေါင်းဆောင်များအားလုံး စိတ်ရှည်သည်းခံစွာဖြင့် အပြန်အလှန်ဆွေးနွေးကြဖို့”ဟု ပြောဆိုသည်။

၂၁ ရာစု ပင်လုံ ညီလာခံနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး ယနေ့ အစည်းအဝေးမှ လက်တွေ့ကျသော ဘုံသဘောတူညီမှုများ ရရှိနိုင်ရန် တညီတညွတ်တည်း ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်နှင့် ဗျူဟာများကို ချမှတ်ရန် ပဒိုနော်စီဖိုးရာစိန်က တိုက်တွန်းခဲ့သည်။

၂၆ ရက်မှ ၂၈ ရက်ထိ သုံးရက်ကြာ အစည်းအဝေးတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် အရေးကြီးသည့် ဘုံသဘောထား ရပ်တည်ချက်များကို အစည်းအဝေးမှ ထပ်လောင်း သဘောတူညီချက်များက အခက်အခဲ အတားအဆီးအမျိုးမျိုး ကြားမှ ရရှိခဲ့သည့် ဘုံသဘောတူညီချက်များ ဖြစ်သည့်အတွက် အားလုံး၏ ကြိုး ပမ်းအားထုတ်မှုကို ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောဆိုထားသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို မူလက လေးရက်ကြာ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဆွေးနွေးမှုများ မပြီးပြတ်သဖြင့် မနက်ဖြန် ဇူလိုင်လ ၃၀ ရက်ထိ ဆက်လက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

No comments: