Friday, July 29, 2016

မြို့ဝင်လမ်း အမှိုက်ပုံကြောင့် သံတွဲမြို့၏ လှပသော ပုံရိပ်ကို ထိခိုက်နေဟုဆို

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ နံတော်ဘုရား၊ အထက(၁) ကျောင်းအနီးတွင်ရှိသည့် အမှိုက်ပုံကြောင့် မြို့၏ လှပသော ပုံရိပ်ကို ထိခိုက်နေကြောင်း သံတွဲဒေသခံများက နိရဉ္ဇရာသို့ပြောသည်။

“ အဲဒီ အမှိုက်ပုံဟာ သံတွဲ အထထ(၁) ရဲ့ရှေ့နားမှာရှိနေတယ်။ ကျွန်တော်တို့ သံတွဲမြို့နယ်ဟာ နိုင်ငံခြားသား တွေနဲ့ ဧည့်သည်တွေ အမြဲတန်း ၀င်ထွက်သွားလာနေတဲ့ နေရာ ဒေသ တစ်ခု ဖြစ်တယ်။ ဒီအမှိုက်ပုံက အနံ့ အသက်တွေလည်း ဆိုးရွားစွာ ထွက်နေတယ်။ ကျွန်တော်တို့မြို့ရဲ့ လှပတဲ့ ပုံရိပ်ဟာ ဒီအမှိုက်ပုံကြောင့် ထိခိုက် နေပါတယ်။ ဒါကြောင့် စည်ပင်အနေနဲ့ အမြန်ဆုံး အမှိုက်ပုံကို တစ်ခြားနေရာကို ရွေ့ပေးဖို့ တောင်းဆို ပါတယ်” ဟု သံတွဲမြို့သို့ နေစဉ်နေတိုင်း ၀င်ထွက်သွားလာနေသူ ရွှေကျောင်းပြင်ရွာသား တစ်ဦးက နိရဉ္ဇရာသို့ ပြောသည်။

၎င်းအမှိုက်ပုံမှာ ကင်းမော်ဘက်က လာသော မြို့ဝင်လမ်း နံတော်ဘုရား သွားလမ်းတွင် တည်ရှိနေပြီး အမှိုက်ပုံကြောင့် အထက (၁) အနီး ကျောင်းပတ်ဝန်းကျင်တွင်လည်း မြင်မကောင်း၊ ကြည့်မကောင်း ဖြစ်နေပြီး

အနီးဝန်းကျင်မှ အမှိုက်များကို စွန့်ပစ်ခြင်းကြောင့် အနံ့ဆိုးများထွက်ပေါ်ကာ ကျောင်းသား ကျောင်းသူ ကလေးငယ်များ၏ ကျမ်းမာရေး ထိခိုက်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သံတွဲမြို့နယ် ANP ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမောင်မောင်ဖြူကလည်း “ အဓိကကတော့ဗျာ၊ အမှိုက်ကန် လုပ်ပေးထားတယ်။ အမှိုက်ကန်လုပ်ပေးထားပေမယ့် နေ့စဉ် လာရောက် သိမ်းဆည်းမှု မရှိတော့ ပိုခက်တာပေါ့။ အမှိုက်များရင်များသလို နှစ်ရက် တစ်ကြိမ်လောက် လာရောက် သိမ်းဆည်ရင်လည်း မဆိုးပါဘူး။အခုဟာက အဲလိုမဟုတ်တော့ လမ်းမပေါ်ထိ အမှိုက်တွေရောက်လာပါတယ်။ တစ်ခါတစ်ခါ နံတော်ဘုရားတွေကို သွားတဲ့ နိုင်ငံခြားခရီးသွားတွေ မြင်ရင် အမြင်မတော် အထင်သေးမှုတွေ ဖြစ်ပေါ် စေပါတယ်” ဟုနိရဉ္ဇရာသို့ ပြောသည်။

သံတွဲမြို့နယ် စည်ပင်ကိုဆက်သွယ်မေးမြန်သော်လည်း တစ်စုံတစ်ရာ ပြန်လည် ဖြေကြားပြောဆိုခြင်းမရှိပါ။

ရခိုင်ပြည်နယ် မြို့အများစုတွင် စည်ပင်၏ အမှိုက်သိမ်းမှု နေ့စဉ် ပုံမှန် မရှိသဖြင့် အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံများက ပြောဆိုသည်။

No comments: