Saturday, July 30, 2016

ဧရာဝတီတိုင်းအတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီများကို ပြန်လည်ဖွဲ့စည်းမည်

စည်သူမောင်မောင်

ဧရာဝတီတိုင်း​ဒေသကြီးတွင် စည်​ပင်​​သာယာ​ရေးဥပ​ဒေအား ပြင်​ဆင်​ပြီး မြို့နယ်​စည်​ပင်​သာယာ​ကော်​မတီကိုလည်း ပြန်​လည်​ဖွဲ့စည်းသွားမည်​ဟု တိုင်း​ဒေသကြီးစည်​ပင်​သာယာ​ရေးဝန်​ကြီးဦး​ကျော်​မြင့်​က မဇ္ဈိမသို့ ​ပြောသည်​။

"စည်​ပင်​​ကော်​မတီ​တွေကို အသစ်​ပြန်​​ရွေးချယ်​ဖို့ရှိတယ်​။ စည်​ပင်​​ကော်​မတီ အသစ်​ပြန်​ဖွဲ့စည်းပြီးရင်​ နယ်​​မြေ​တွေအထိဆင်းပြီး ပြည်​သူလူထုကို စည်​ပင်​သာယာနဲ့ပတ်​သက်​တဲ့ ဥပ​ဒေ​တွေ လုပ်​ထုံးလုပ်​နည်း​တွေ စည်းမျဉ်းစည်းကမ်း​တွေ သိ​အောင်​ ပညာ​ပေးပြီး​ဆောင်​ရွက်​သွားမယ့်​ အစီအစဉ်​​တွေရှိတယ်​”ဟု ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်​ စည်​ပင်​သာယာ​ရေးဝန်​ကြီးဦး​ကျော်​မြင့်​က မဇ္ဈိမသို့​ပြောသည်​။

သြဂုတ်လတွင် ကျင်းပမည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် ဥပဒေ သုံးခုကို ပြင်ဆင်ရန် လွှတ်တော် ဥက္ကဋ္ဌထံ တိုင်းဒေသကြီးအစိုးရက စာတင်ထားပြီးဖြစ်သည်။

"အခုစည်​ပင်​​ကော်​မတီ​တွေက အရင်​အစိုးရလက်​ထက်​က ခန့်​အပ်​ခဲ့တဲ့ စည်​ပင်​​ကော်​မတီ​တွေဆို​တော့ ကျွန်​​တော်​တို့မှာ လုပ်​ရကိုင်​ရတာ ရာနှုန်းပြည့်​အဆင်​​ပြေတဲ့ အပိုင်း​တော့မရှိဘူး"ဟု စည်​ပင်​​ကော်​မတီများနှင့်​ပတ်​သက်​ပြီး ဝန်​ကြီး​ပြောသည်​။

ဧရာဝတီတိုင်းအတွင်း မြို့နယ်စည်ပင်ကော်မတီများမှာ မြို့နယ်နှစ်ခုခန့်တွင် ကော်မတီသက်တမ်းကုန်ကာ နှုတ်ထွက်သွားသော်လည်း မြို့နယ်အများစုတွင် ကော်မတီဟောင်းများ ရှိနေသေးသည်။

No comments: