Saturday, July 30, 2016

လက်ရှိ အစိုးရလက်ထက်တွင် တောင်ကုတ် နေပူတောင်စီမံကိန်းကို ရပ်ဆိုင်းစေလိုသည်ဟုဆို

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရခိုင်ရိုးမပေါ်ရှိ နေပူတောင်မှ ကျောက်ထုတ်လုပ်သည့် စီမံကိန်းကို ရပ်တန့်ရန် ဒေသခံများက အကြိမ်ကြိမ်တောင်းဆိုထားသော်လည်း ဆက်လက် ထုတ်လုပ်နေသဖြင့် လက်ရှိ အစိုးရ လက်ထက်တွင် ယင်းစီမံကိန်းအား ရပ်ဆိုင်းပေးရန် ဒေသခံများက လိုလားနေကြသည်။

တောင်ကုတ်ဒေသခံ ကိုဇေယျကျော်က “ လွန်ခဲ့တဲ့ ဇူလှိုင်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လာရောက်တုန်းကလည်း ဒေသခံတွေက နေပူတောင်ကိစ္စကို တင်ပြ ကြတဲ့အခါ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲက သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က နေပူတောင် စီမံကိန်းကို ရပ်တန့်ပေးရန် အကောင်းဆုံး တွန်းအားပေးသွားပါမယ်လို့ တောင်ကုတ် လူထုကို ပြောဆိုခဲ့ပါတယ်” ဟု ပြောဆိုသည်။

ကိုဇေယျကျော်သည် ယင်းနေပူတောင်စီမံကိန်း ရပ်တန့်ရေးအတွက် အားတက်သရော ပါဝင် လုပ်ဆောင် နေသူတစ်ယောက်ဖြစ်သလို ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

“ ဒီစီမံကိန်းကို မလုပ်ဖို့ ရပ်ဆိုင်းပေးဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြတယ်။ နေပြည်တော် ထိသွားပြီး ညွန်မှူးနဲ့တွေဆုံတာတို့၊ ဘာတို့ အမျိုးမျိုးလုပ်ကာ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် တားမရ နိုင်သေးဘူး။ ဒီစီမံကိန်းက ဒေသအတွက်လည်း အကျိုးပြုတာကို မတွေ့ရသေးဘူး။ နစ်နာဆုံးရှုံးမှု ကတော့ အစာထိုးပြန် မရနိုင်တော့ဘူး။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ရှိတဲ့ အပြင် တောရိုင်း တိရစ္ဆာန်တွေက အစ ထိခိုက်မှုရှိတယ်။ ကောင်းကျိုး ဘာမှ မရှိပါဘူး။ ယခင်အစိုးရ လက်ထက်က ပြုလုပ်ခဲ့တဲ့ စီမံကိန်း မှန်ပေမယ့် ပြောင်းလဲချိန်တန်ပြီကြွေးကြော်နေတဲ့ လက်ရှိ အစိုးရသစ်လက်ထက်မှာ ရပ်တန့် ပေးဖို့ တောင်းဆိုပါတယ်” ဟု ကိုဇေယျကျော်က ဆက်လက် ပြောသည်။

၂၀၁၃ ခုနှစ်က စတင်ပြီး နေပူတောင် စီမံကိန်းကို ဗီယက်နမ် ကုမ္ပဏီ တစ်ခုက စတင် အကောင်အထည်ဖော် ကျောက်ထုတ်လုပ် နေခြင်း ဖြစ်သည်။ နေပူတောင်ကို ရောင်းချခြင်းမှာ ဒေသအတွက်အကျိုးတစ်စုံတစ်ရာ ပြုခြင်း မရှိသည့်အပြင် သစ်တောများအား ရောင်းချသည်ထက် တန်ဖိုးကြီးကြီးမားမား ပေးရကြောင်း၊ ကျောက်တောင်ကို ရောင်းချခြင်းမှာ သစ်တောကို ရောင်းချခြင်းနှင့် မတူကြောင်း၊ သစ်တောကို အစားထိုးပြန်လည် စိုက်ပျိုး၍ ရနိုင်သော်လည်း ကျောက်တောင် မှာ သစ်ပင်ကဲ့သို့ အစားထိုး စိုက်ပျိုး၍ မရတော့သဖြင့် ထာဝရ နစ်နာဆုံးရှုံးမှုဖြစ်ကြောင်း၊ သို့အတွက် စီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်း ပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ANP ပါတီ တွဲဖက် အတွင်းရေးမှူး ဦးကျော်ကျော်လင်းက ပြောသည်။

“ ကျွန်တော်တို့ ဒီစီမံကိန်းကို ဘယ်လိုမှ သဘောမကျဘူး။ ဒေသအတွက် အကျိုးမပြုတဲ့ အပြင် အစားထိုး ပြန်မရ နိုင်တဲ့ နစ်နာဆုံးရှုံးမှု ဖြစ်တဲ့အတွက် ခုလို ရောင်းချထားတဲ့ အပေါ် ပြောမကုန်အောင် စကားတွေ ရှိနေပါတယ်။ ယခင်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့တာ မှန်ပေမယ့် အခုအစိုးရလက်ထက် သစ်တော စီမံကိန်းတို့ အခြား အခြား စီမံကိန်းအချို့ကို ရပ်ဆိုင်းသလို ရပ်ဆိုင်းပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နေပူတောင် စီမံကိန်း အပါအ၀င် လူထုကို အကျိုး မပြုတဲ့ တစ်ခြား ရခိုင်ပြည်နယ်က စီမံကိန်းအချို့ကို အမြန်ဆုံး ရပ်ဆိုင်းဖို့ တောင်းဆိုပါတယ်” ဟု သူက နိရဉ္ဇရာသို့ ပြောသည်။

နေပူတောင်စီမံကိန်းကို မရပ်ဆိုင်းဘဲ ဆက်လက်ပြုလုပ်နေမည်ဆိုလျင် နောင်လာမည့် မျိုးဆက်သစ်များ အတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပြီး အနာဂတ်အတွက်ပါ ရင်လေးစရာ အခြေအနေမျိုးမှာရှိနေကြောင်း၊ ရပ်တန့်ပေးဖို့ အမြန်ဆုံး လိုအပ်နေကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးဝင်းဇော်မှ ပြောသည်။

နေပူတောင်စီမံကိန်းဟာ မိုးတွင်းကာလ လမ်းပိုင်းဆိုင်ရာ အဆင်မပြေမှုကြောင့် ခေတ္တရပ်နားလေ့ရှိပြီး မိုးပါးပါက လမ်းကောင်းလာသဖြင့် ပြန်လည် ထုတ်လုပ်လေ့ရှိကြောင်း သိရသည်။

ရခိုင်ပြည်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ၂၉ ခုရှိပြီး ၎င်းအထဲမှ ၂၇ ခုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ဖြစ်ပြီး ကျန်နှစ်ခုထဲမှ တစ်ခုမှာ နေပူတောင် စီမံကိန်း ဖြစ်ပြီး နောက်တစ်ခုမှာ ရသေ့တောင်မြို့နယ် အငူမော် ပင်လယ် ကမ်းခြေမှ သဲထဲမှ တန်ဖိုးရှိ ဓာတ်သတ္တု ထုတ်လုပ်ခြင်း စီမံကိန်း ဖြစ်ကြောင်း MIC ( Myanmar Investment Commission) ၏ စစ်တမ်းအရ သိရှိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် ရခိုင်ပြည်နယ် အတွင်း နိုင်ငံခြားမှ လာရောက် လုပ်ကိုင်သည့် အကြီးမားဆုံး စီမံကိန်းကြီးဖြစ်သော်လည်း ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ပြည်နယ်တစ်ခု အဖြစ်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

No comments: