Friday, July 29, 2016

အထပ်မြင့်တိုက် ဆောက်လုပ်ရေး ပြန်စရန် ရန်ကုန်တိုင်းလွှတ်တော် ကော်မတီ ထောက်ခံ

ကျော်ဖြိုးသာ


ယခုလ အစောပိုင်းတွင် ရန်ကုန်တိုင်း အစိုးရက အထပ်ပြန်လျော့ရန် အမိန့် ထုတ်ခဲ့သည့် အထပ်မြင့် အဆောက်အဦး စီမံကိန်း ၈ ခုကို အရေးယူရန် မသင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကော်မတီတခုက ထောက်ခံလိုက်သည်။ ဆောက် လုပ်ရေး လုပ်ငန်းရှင်များက ထို ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်မှုပြုလုပ်ပေးရန် လွှတ်တော် ကော်မတီသို့ အသနားခံ ခဲ့ကြ၍ ဖြစ်သည်။

မြို့ပြစီမံကိန်းများ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သည့် အထပ်မြင့်အဆောက်အဦများ ပြန်လည်စိစစ်သုံးသပ်ရေး ကော်မတီတခုက ဇွန်လမှ စတင်၍ ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အဦး စီမံကိန်း ၂၀၀ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကော်မတီ၏ ထောက်ခံချက်များအရ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဆောက်လုပ်ဆဲ အဆောက်အဦး ၁၂ ခုကို အမြင့် လျှော့ချရန်၊ ကားရပ်နားရန်နေရာများကို တိုးချဲ့ရန် နှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းများ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ရန် အမိန့်ထုတ်ခဲ့သည်။

အမိန့်တွင် ပါဝင်သည့် စီမံကိန်း ၁၂ ခုအနက်မှ ၈ ခုက ထိုသို့ ပြင်ဆင်ခိုင်းသည့်အတွက် သူတို့အနေဖြင့် ဘဏ္ဍာရေးအရ များစွာ ထိခိုက် နစ်နာစေကြောင်းနှင့် သူတို့ အနေဖြင့် တရားဝင် နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီသို့ အသနားခံခဲ့ကြသည်။

“ကျနော်တို့က တိုင်ကြားလာတဲ့ စီမံကိန်းတိုင်းကို စနစ်တကျ စစ်ဆေးခဲ့ပါတယ်။ အဲဒါတွေက အရင်အစိုးရလက်ထက် ရန် ကုန်မြို့တော် စည်ပင်က ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်တယ် ဆိုတာလည်း တွေ့ရှိရပါတယ်” ဟု လွှတ်တော်ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောသည်။

“ဒါကြောင့် သူတို့ကို ဒီလို အရေးမယူသင့်ဘူးဆိုတာကို ထောက်ခံထားတဲ့ အစီရင်ခံစာတစောင်ကို ကျနော်တို့က ရန်ကုန် တိုင်း အစိုးရ ဆီ တင်ပြထားပါတယ်” ဟုလည်း သူက ထပ်ပြောသည်။

ရန်ကုန်တိုင်း အစိုးရက စနစ်တကျမရှိသည့် မြို့ပြဖွံဖြိုးရေးကို ထိန်းသိမ်းရန် ကြိုးစားနေသည်ကို သူနားလည်ကြောင်း ဦး ကျော်ဇေယျက ပြောသည်။ သို့သော်လည်း “ အထပ်မြင့် အဆောက်အဦးတွေ နဲ့ ပတ်သက်တဲ့ မူဝါဒ အသစ်က စီမံကိန်း အသစ်တွေပေါ်မှာပဲ သက်ရောက်သင့်ပါတယ်။ ခွင့်ပြုချက်ရပြီးသား အဟောင်းတွေပေါ်မှာ မဖြစ်သင့်ပါဘူး” ဟု သူက ဆိုသည်။

သူတို့၏ ထောက်ခံချက်၏ နောက်ဆက်တွဲ ရလဒ် မည်သို့ဖြစ်လာနိုင်မည်နည်းဟု မေးသည့်အခါ ဦးကျော်ဇေယျ က “တကယ်လို့ ဘာရလဒ်မှ မတွေ့ရဘူးဆိုရင် ကျနော်တို့က ဒီထောက်ခံချက်အတိုင်း အကောင်အထည်ဖော်ဖို့ လာမယ့် လွှတ်တော်မှာ အဆိုတင်သွင်း၊ မဲခွဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ရပ်နားထားသော ရန်ကုန်တိုင်း လွှတ်တော်မှာ လာမည့်လအတွင်းတွင် ပြန်လည် ကျင်းပမည်ဖြစ်သည်။

ပြင်ဆင်ဆောက်လုပ်မှုများ ပြုလုပ်ရန် အကြံပြုခဲ့သော အထပ်မြင့်အဆောက်အဦး ညှိနှိုင်းရေးကော်မတီ၏ ပြောရေးဆိုခွင့် ရှိသူဖြစ်သော ဦးရဲမင်းဦးက လွှတ်တော်ကော်မတီ၏ ထောက်ခံချက် အသစ်နှင့် ပတ်သက်၍ မှတ်ချက်ပေးစရာ မရှိ ကြောင်းပြောသည်။ တိုင်းအစိုးရနှင့် လွှတ်တော် ကော်မတီကြားတွင် ဖြေရှင်းရမည့် ကိစ္စတခု ဖြစ်သည်ဟုလည်း ဆို သည်။

“ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကော်မတီကို တိုင်းအစိုးရက ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။ ကျနော်တို့က တိုင်း အစိုးရ ကိုပဲ တာဝန်ခံရပါတယ်။ တကယ်လို့ တိုင်းအစိုးရက သူတို့(လွှတ်တော်ကော်မတီ) ရဲ့ ထောက်ခံချက်ကို ပြန်လည် သုံးသပ်ပေးပါဆိုရင် ကျနော်တို့ လုပ်ပေးနိုင်ပါတယ်” ဟု ဦးရဲမင်းဦးက ပြောသည်။

No comments: