Saturday, July 30, 2016

ငြိမ်းချမ်းရေးကော်မရှင်က နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ၀တပ်ဖွဲ့ကို ရှင်းပြ

DVB


ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်က နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နဲ့ပတ်သက်ပြီး ၀ တပ်ဖွဲ့ကို ရှင်းပြခဲ့တယ်လို့ ကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်မှာ ဒီနေ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဝ အထူးဒေသ ၂ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးမှုအတွင်း အစိုးရဘက်က ရှင်းပြခဲ့တာလို့ တွေ့ဆုံမှုအပြီး မီဒီယာကို သူက ပြောခဲ့တာပါ။

“သြဂုတ်လဆန်းမှာ လုပ်မယ်ဆိုတဲ့ ဆွေးနွေးပွဲဆိုတာ ဘာလဲ၊ ဒီဟာကို သူတို့ သိပ်မရှင်းပါဘူးဆိုတော့ ကျနော်တို့က ဒီ မူဘောင်ကို ပြန်လည်သုံးသပ်မှာ ဖြစ်တယ်၊ မူဘောင်ပြီးရင် ပြန်လည်ပြင်ဆင်မှာ ဖြစ်တယ်၊ ဒီဆွေးနွေးပွဲဖြစ်တယ်ဆိုတာ ရှင်းပြခြင်း ဖြစ်ပါတယ်။”

ဝ ကိုယ်စားလှယ်ဘက်က ဗဟိုကော်မတီ ပြန်တင်ပြပြီး ဆွေးနွေးပွဲ တက်မတက် အကြောင်းပြန်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဇူလိုင် ၂၉ ရက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံတုန်းက ၀ ဘက်က နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ စာပေးခဲ့ပြီး ဒီစာထဲ ဘာပါတယ်ဆိုတာတော့ သူလည်း မသိဘူးလို့ ဦးခင်ဇော်ဦးက ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဘက်ကဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး နဲ့ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်တို့ တက်ရောက်ခဲ့ကြပြီး ၀ ဘက်က “၀” ပြည်သွေစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်း ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ ဝ အထူးဒေသ ၂ နဲ့ မိုင်းလားအထူးဒေသ ၄ အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဆက်လက် ဆွေးနွေးနေကြတာဖြစ်ပြီး သြဂုတ် ၁ ရက်မှာ ကော်မရှင်နဲ့ မိုင်းလားအဖွဲ့တို့ ရန်ကုန်မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံနဲ့ပတ်သက်လို့ ၀ အထူးဒေသ ၂ ရော၊ အထူးဒေသ ၄ မိုင်းလား ရောပါ နှစ်ဖွဲ့လုံးက ထောက်ခံတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ကြပါတယ်။

အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမယ့်သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျပဲ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီး ပါဝင်သင့်သူတွေ ပါဝင်ခွင့်ရအောင် ဆွေးနွေးညှိနှိုင်းနေပါတယ်။

No comments: